Blog Detail Pic

ဝမ်းချုပ်ခြင်းကို ဘယ်လိုကာကွယ်ကြမလဲ?

by | 25 Oct 2021

ဝမ်းချုပ်တယ်ဆိုတာ လူတိုင်းနဲ့ မစိမ်းတဲ့ ရင်းနှီးပြီးသား ဖြစ်ရပ်တစ်မျိုးပါ ။ ဝမ်းသွားရတာ ခက်ခဲပြီး ဝမ်းကလည်း မာနေမယ်ဆိုရင် ယေဘုယျအားဖြင့် သင် ဝမ်းချုပ်နေပြီလို့ ဆိုလို့ရပါတယ်။ တကယ်လို့ သင်က လောလောဆယ် ဝမ်းချုပ်နေတာဆိုရင် အားမငယ်ပါနဲ့။ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာဆိုရင် ပျှမ်းမျှအားဖြင့် လူ ၂ သန်းလောက်က ဝမ်းချုပ်တဲ့ ပြသနာကြောင့် ဆေးရုံဆေးခန်းတွေကို ရောက်ရှိလာကြတာ ဖြစ်ပါတယ်။ ဝမ်းချုပ်တာက အသက်အရွယ်မရွေးဖြစ်တတ်ပြီးတော့ အသက်ကြီးတဲ့လူတွေနဲ့ အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။

❤ ဝမ်းချုပ်ခြင်းက ဘယ်လိုကြောင့်ဖြစ်တာလဲ?

ကွျန်တော်တို့ စားသုံးလိုက်တဲ့ အစားအစာတွေက အစာခြေလမ်းကြောင်းကို ဖြတ်သွားပြီး အာဟာရဖြစ်စေတဲ့အရာအားလုံးကို ခန္ဓာကိုယ်ကနေ စုပ်ယူလိုက်ပြီးတော့ မလိုအပ်တဲ့ အညစ်အကြေးတွေက ဝမ်းအဖြစ် ပြောင်းလဲသွားပါတယ်။ တကယ်လို့ သင်က ဝမ်းချုပ်နေမယ်ဆိုရင် အဲဒီအညစ်အကြေးတွေက အစာခြေလမ်းကြောင်းမှာ ဖြည်းဖြည်းလေးပဲ ရွေ့နိုင်မှာပါ။ ဖြည်းဖြည်းလေး ရွေ့လေလေ အညစ်အကြေးတွေမှာပါတဲ့ ရေကို အူမကြီးက စုပ်ယူဖို့ အချိန်ပိုရလေလေမလို့ နောက်ဆုံးမှာတော့ ဝမ်းကမာသွားပြီး ထွက်ရခက်နေတတ်ပါတယ်။

❤ ဝမ်းချုပ်တယ် မချုပ်ဘူးဆိုတာကို ဘယ်လိုအချက်တွေနဲ့ ဆုံးဖြတ်လဲ။

တစ်ရက်တစ်ခါ အိမ်သာမသွားတာနဲ့ပဲ ဝမ်းချုပ်နေတယ်လို့ပြောလို့ရမရပါဘူး။ တစ်ရက်ခြားတစ်ခါ၊ နှစ်ရက်နေမှတစ်ခါ အိမ်သာသွားတဲ့သူတွေလည်း အများကြီးပါ။ သူတို့အတွက်တော့ ရက်ခြားသွားနေရတာ ပုံမှန်လိုတောင်ဖြစ်နေပါပြီ။ တစ်ရက်တစ်ခါ ဝမ်းမသွားလို့ သူတို့ကို ဝမ်းချုပ်နေပြီလို့ပြောလို့မရပါဘူး။ ဒါဆို ဘယ်နှစ်ရက်လောက်နေမှ ဝမ်းသွားတာကို ဝမ်းချုပ်တယ်လို့ခေါ်သလဲ။ ဝမ်းချုပ်တာကို ဘယ်လိုအချက်တွေနဲ့ ဆုံးဖြတ်လဲဆိုတာ ဆက်ကြည့်ရအောင်။

◈ တစ်ပတ်လုံးနေမှ ဝမ်းသွားတာ ၃ကြိမ်တောင် မပြည့်ဘူး။

◈ အိမ်သာသွားတဲ့ အချိန်မှာ ကိုယ်က အားနဲ့ညှစ်သွားပြီး လွယ်လွယ်ကူကူ ရှောရှောရှူရှူမထွက်တာမျိုး

◈ ဝမ်းက ခြောက်သွေ့ပြီး မာမာခဲခဲတွေဖြစ်နေတာမျိုး

◈ ဝမ်းမသွားနိုင်ဘဲ ဗိုက်က ဖောရောင်နေတာမျိုး

◈ ဝမ်းမကုန်ဘဲ ကျန်နေသေးသလို ခံစားချက် ဖြစ်နေပြီဆိုတော့ သင် ဝမ်းချုပ်နေပါပြီ။ ။

❤ ဘယ်သူတွေမှာ ဘာကြောင့် ဝမ်းခဏခဏ ချုပ်တတ်လဲ။ ။

ဝမ်းချုပ်တာ တစ်ချိုန်မဟုတ်တစ်ချိန် လူတိုင်းမှာ ဖြစ်နိုင်တယ်ဆိုပေမယ့် ခုပြောပြမယ့် သူတွေက ပိုအဖြစ်များနိုင်ပါတယ်။ ဝမ်းချုပ်ရတဲ့ အကြောင်းအရင်းတွေကလည်း အများအပြားရှိနေပါတယ်။

◈ အထိုင်များပြီး လှုပ်ရှားမှုနည်းတဲ့သူတွေ ( အများအားဖြင့် ကွန်ပျူတာရေှ့မှာ တစ်နေကုန် ထိုင်ပြီး အလုပ်လုပ်ရတဲ့သူတေွ)

◈ မအားသေးဘူးဆိုပြီး ဝမ်းသွားချင်ရင် ချုပ်ထားတတ်တဲ့သူတွေ

◈ ကိုယ်ဝန်ဆောင်မိခင်တွေ

◈ ဝမ်းနှုတ်ဆေး ခဏခဏသောက်နေတဲ့ သူတွေ(ဆေးယဉ်သွားပြီး အူက သူ့ဘာသာ အလုပ်မလုပ်တော့)

◈ ခရီး အသွားများပြီး တစ်နေရာပြီး တစ်နေရာ ခဏခဏပြောင်းနေရတဲ့သူတေွ

◈ ရေသောက်နည်းတဲ့သူတွေ

◈ အမျှင်ဓာတ်ပါဝင်တဲ့ အသီးအရွက်မစားဘဲ အသားတွေပိုစားတဲ့သူတွေ၊

◈ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်း လုံးဝမလုပ်တဲ့သူတွေ

◈ ဝမ်းချုပ်စေတဲ့ ဘေးထွက်ဆိုးကျိုးပါတဲ့ ဆေးတွေ သောက်နေရတဲ့သူတွေ ( အကိုက်အခဲပျောက်ဆေး၊ သံဓါတ်အားဖြည့်ဆေး၊ နှလုံးဆေး၊ သွေးတိုးကျဆေး )

◈ ဆီးချိုသေွးချိုနဲ့ သွေးတိုးရောဂါ အခံရှိတဲ့သူတွေကအခြားသူတွေထက်စာရင် ဝမ်းပိုချုပ်တတ်ကြပါတယ်။


❤ ဝမ်းချုပ်တာကြောင့် နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ဘာတွေဆက်ဖြစ်နိုင်လဲ။ ။

အခန့်မသင့်ရင်လူတိုင်းဝမ်းချုပ်တတ်ကြတာချည်းပါပဲ။ ရံဖန်ရံခါ ဝမ်းချုပ်တာလောက်နဲ့တော့ နောက်ဆက်တွဲဆိုးကျိုးတွေ မဖြစ်နိုင်ပါဘူး။ ဝမ်းခဏခဏချုပ်နေပြီဆိုရင်တော့ ခုပြောမယ့်နောက်ဆက်တွဲဆိုးကျိုးတွေ ဆက်ဖြစ်ဖို့ အလားအလာများနေပါပြီ။ ဝမ်းချုပ်တာကြောင့် နောက်ဆက်တွဲဆက်ဖြစ်နိုင်တာတွေကတော့

◈ လိပ်ခေါင်းထွက်လာတတ်ပါတယ်။ ( ဝမ်းချုပ်တော့ အရမ်းညှစ်လွန်းလို့ စအိုအရေပြားအောက်က သွေးကြောလေးတွေဖောင်းပြီး အပြင်ကို ပြူထွက်လာပါတယ်။ အတွင်းလိပ်ခေါင်းက စအိုအတွင်း အောက်ဖက်နားလောက်မှာရှိပြီး ဝမ်းသွားရင် သွေးပါတတ်ပါတယ်။ အပြင်လိပ်ခေါင်းက စအိုဝမှာ အသားပိုပုံစံမျိုးဖြစ်ပြီး နာကျင်တာ၊ ယားယံတာတွေရှိတတ်ပါတယ်။)

◈ စအိုဝ ကွဲသွားမယ်။ ( မာနေတဲ့ စမြင်းတုံးတွေက စအိုဝကို အားနဲ့ထွက်ရတာကြောင့် စအိုဝက အရေပြားတွေ ပြဲသွားတာဖြစ်ပါတယ်။ စအိုကွဲရင် များသောအားဖြင့် သွေးပါတတ်ပြီး အရောင်က အနီရောင်ရဲရဲတောက်တောက်ဖြစ်ပါတယ်။ တကယ်လို့ သင်က ရေများများသောက်မယ် အသီးအရွက်များများစားပြီး ဝမ်းမချုပ်အောင်နေမယ်ဆိုရင်တော့ တစ်ပတ်အတွင်း ပျောက်ကင်းနိုင်တာမလို့ အရမ်းဆိုးဝါးတဲ့ ရောဂါတော့ မဟုတ်ပါဘူး)

◈ စမြင်းတုံးခံနေတဲ့အတွက် စအိုဝမှာတစ်ဆို့ဆို့ကြီးဖြစ်နေပြီး နေထိုင်ရတာ မသက်သာတော့ပါဘူး။

◈ အူမကြီးကင်ဆာတို့ လိပ်ခေါင်းကင်ဆာတို့ဟာ ဝမ်းချုပ်တာကနေဖြစ်လာတဲ့ နာမည်အကြီးဆုံးကင်ဆာ ၂ ခုပါ။

◈ အူမကြီးက အညစ်အကြေးတွေကို အချိန်အကြာကြီး ထိန်းထားရတာကြောင့် ခန္ဓာကိုယ်က လိုအပ်တဲ့ အာဟာရဓာတ်တွေကို ကောင်းကောင်းမွန်မွန် မစုပ်ယူနိုင်တော့တာကြောင့် ကိုယ်ခံအားနည်းလာပြီး မောပန်းလာတတ်ပါသေးတယ်။


❤ ဝမ်းချုပ်တာကို အမြန်ဆုံးဘယ်လိုသက်သာအောင် ဖြေရှင်းလို့ရမလဲ။ ။

ဝမ်းချုပ်တာအတွက် အကောင်းဆုံးလတ်တလော ဖြေရှင်းနည်းက ဝမ်းနှုတ်ဆေးသောက်တာပဲဖြစ်ပါတယ်။ ဝမ်းနှုတ်ဆေးအရည်၊ ဝမ်းနှုတ်ဆေးပြား၊ ဝမ်းချူဘောလုံးဆိုပြီး ဝမ်းချုပ်တာကို ဖြေရှုင်းနိုင်တဲ့ နည်းမျိုးစုံရှိပါတယ်။ ဆေးလုံးသောက်ရင် နင်တတ်တဲ့သူတွေ ဝမ်းချူဘောလုံးရသုံးတာ လည်း အဆင်မပြေတဲ့သူတွေကတော့ ဝမ်းနှုတ်ဆေး အရည်တွေကို ပိုကြိုက်ကြပါတယ်။

❤ ဝမ်းချုပ်တာကို ဘယ်လိုကြိုတင်ကာကွယ်လို့ရမလဲ။ ။

ဝမ်းချုပ်တယ် ကြိုတင်ကာကွယ်လို့ရတဲ့ အရာတစ်ခုပါ။ ဝမ်းချုပ်တယ်ဆိုပြီး ဝမ်းနှုတ်ဆေးချည်းပဲ သောက်နေလို့ မရပါဘူး။ ဝမ်းချုပ်တာကို ကာကွယ်ဖို့အတွက် အဓိကတော့ ဝမ်းချုပ်စေမယ့် အပြုအမူတွေကိုရှောင်ကြဉ်ပြီး ကိုယ့်နေထိုင်မှုပုံစံကို ပြောင်းလိုက်တာပဲ ဖြစ်ပါတယ်။ ဒီတော့ နောက်ဆက်တွဲဆိုးကျိုးတွေ အများကြီးကို ဆက်ဖြစ်စေတဲ့ ဝမ်းချုပ်တာကို ဘယ်လိုကြိုတင်ကာကွယ်ကြမလဲ ကြည့်ရအောင်။ ။

◈ ကိုယ်စားတဲ့ ထမင်းပန်းကန်ရဲ့ ၅ ပုံ၃ပုံလောက်ကို အသီးအရွက်တွေနဲ့ ပြည့်နေပါစေ။ အရွက်မှာပါတဲ့ အမျှင်ဓာတ်က ဝမ်းပျော့စေဖို့ အင်မတန် အရေးကြီးပါတယ်။

◈ တစ်နေ့ကို ရေ ၂ လီတာသောက်ပါ။ ရေများများသောက်လိုက်မှ ရေတွေကို အူမကြီးက စုပ်ယူလိုက်ပြီး ဝမ်းသွားချင်အောင် လှုံ့ဆော်ပေးမှာ ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ မနက်အိပ်ရာနိုးနိုးချင်းရေကို တစ်ဝသောက်ချလိုက်ပါ။ အူကိုသန့်ပြီးသားဖြစ်သွားပါလိမ့်မယ်။

◈ ကိုယ်လက်လှုပ်ရှားမှု တစ်ခုခုလုပ်ပါ။ ညနေဘက် အားတဲ့ချိန် ၁ နာရီလောက် လမ်းလျှောက်တာ အဆင်ပြေဆုံးပါ။ အထိုင်မများဘဲ လှုပ်ရှားနေရင် အူလှုပ်ရှားမှုပိုကောင်းပြီး ညှစ်အားလည်းကောင်းလာလို့ ဝမ်းသွားတဲ့အခါ အခက်အခဲ မရှိနိုင်တော့ပါဘူး။

◈ ဝမ်းသွားချင်ပြီဆိုတာနဲ့ အိမ်သာကိုချက်ချင်းသွားပါ။ မအားသေးလို့ ချုပ်ထားတာမျိုးကနေ ဝမ်းချုပ်တာ ဖြစ်သွားနိုင်ပါတယ်။

ဒါတွေကတော့ လူတိုင်းနဲ့ မကင်းနိုင်တဲ့ ဝမ်းချုပ်တာကို ကာကွယ်လို့ရမယ့်နည်းလေးတွေ၊ ကုသလို့ရတဲ့ နည်းလေးတွေဖြစ်ပါတယ်။ ဝမ်းတစ်လုံးကောင်းမှ ခေါင်းမခဲတော့မှာဖြစ်လို့ ဝမ်းချုပ်တာကြောင့် ဖြစ်ရတဲ့ စိတ် အနှောင့်အယှက်တွေ ကင်းဝေးပြီး သာယာတဲ့နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေ။