Blog Detail Pic

နားဖာချေးတွေကို အမြဲသန့်ရှင်းပေးဖို့ လိုအပ်လား

by | 28 Feb 2022

နားကြပ်တံလေးတွေ တချို့တွေအိတ်ထဲဆောင်ထားကြတာတွေ့ဖူးပါတယ်။ နားသန့်ရှင်းရေးအဖြစ်နဲ့ မကြာခဏသုံးတတ်ကြတယ်ပေါ့။ နားဖာကလော်လေးတွေ သော့ချိတ်မှာချိတ်ထားတာက ရှိသေးတယ်။ ဒီပစ္စည်းတွေနဲ့ မကြာမကြာ နားဖာချေး သန့်ရှင်းရေးမလုပ်ပေးရင်ပဲ တစ်ကိုယ်ရည်သန့်ရှင်းမှုမရှိသူလိုလို ဆက်ဆံခံရတတ်တာသေချာတာပေါ့။ ဒီလိုအယူအဆမျိုးကိုဆေးပညာကတော့ နိုးပါ တဲ့။


နားအတွင်းပိုင်းဆိုတာ သူ့အလိုအလျောက် သန့်စင်နိုင်စွမ်းရှိသလို ထူးထူးခြားခြားသန့်ရှင်းပေးဖို့ မလိုပါဘူး။ အတော်များများလုပ်လေ့ရှိတဲ့ နားသန့်ရှင်းရေးကတော့ နားဖာချေးတွေကို ရှင်းထုတ်တာပါပဲ။ ဒါတွေမရှိမှ သန့်နေမယ်၊ အကြားအာရုံပိုကောင်းတယ် လို့ ထင်ကြတယ်လေ။


နားဖာချေး ဘာလို့ ဖြစ်လာတာလဲ


နားဖာချေးဆိုတာ cerumen လို့ခေါ်တဲ့ ဓာတ်ပစ္စည်းတစ်မျိုးဖြစ်ပြီး နားကို ကာကွယ်ပေးဖို့နဲ့ နားအတွင်းပိုင်းစိုစွတ်မှုထိန်းပေးဖို့ ခန္ဓာကိုယ်က အလိုအလျောက် ပုံမှန်ထုတ်ပေးနေတာပါ။ နားဖာချေးသာမရှိရင် နားထဲမှာ ခြောက်သွေ့ယားယံနေနိုင်ပါတယ်။


သူ့မှာ ဘက်တီးရီးယားသေစေနိုင်စွမ်းလည်းရှိလို့ နားကို အလိုအလျောက်သန့်စင်ပေးနိုင်ပါတယ်။ ဖုန်မှုန့်နဲ့ အညစ်အကြေးတွေလို အန္တရာယ်ပေးနိုင်တဲ့အရာတွေ နားအတွင်းထဲမရောက်နိုင်အောင် တားဆီးပေးထားတာမို့ နားဖာချေးက နားအတွက် အကာအကွယ်တစ်ခုလိုတောင် ဖြစ်နေပါသေးတယ်။ ဒါပေမယ့် နားဖာချေးက အပြင်ပိုင်းမှာပဲ ရှိပြီး အတွင်းပိုင်းမှာမရှိတတ်ပါဘူး။


နားဖာချေးပိတ်တာကရော


နားဖာချေးပိတ်ရတဲ့ အကြောင်းရင်းကတော့ နားထဲကို နားကြပ်ဂွမ်းလို တစ်ခုခုနဲ့ သန့်ရှင်းဖို့ ကြိုးစားတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုး နားထဲထိုးလိုက်တဲ့အခါ နားဖာချေးတွေကို အတွင်းထဲ နက်နက်ပိုရောက်သွားအောင် တွန်းပို့သလိုဖြစ်စေတာမို့ပါ။ ပြင်ပအရာဝတ္ထုတစ်ခုခု ဒါမှမဟုတ် ချွန်ထက်တဲ့အရာဝတ္ထုတစ်ခုခုနဲ့ နားထဲကို ကလော်တာ၊ ထိုးတာတွေကြောင့် ပိုးဝင်တာ၊ နားစည်ပေါက်ပြဲတာ၊ အကြားအာရုံဆုံးရှုံးတာတွေလို နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာစေနိုင်ပါတယ်။


ဘယ်လိုသန့်ရှင်းပေးသင့်တာလဲ


ပုံမှန်အားဖြင့်တော့ မလိုပါဘူး။ ဒါပေမယ့် နားဖာချေးတွေများနေတယ်၊ လက္ခဏာတစ်ခုခု ဖြစ်လာတယ်ဆိုရင် cerumen impaction လို့ခေါ်တဲ့ နားဖာချေးပိတ်ဆို့ခြင်းဖြစ်နေနိုင်ပါတယ်။


သူ့ရဲ့လက္ခဏာတွေက –

• နားထဲမှာ နာတာ ဒါမှမဟုတ် ပိတ်နေသလို ခံစားရတာ၊

• တစ်ချက်တစ်ချက် သိပ်မကြားရတာ (ကြာရင်ပိုဆိုးလာနိုင်တယ်)

• နားထဲ အသံမြည်နေတာ၊

• နားထဲက ယားတာ၊ အရည်ထွက်တာ၊ အနံ့ထွက်တာ၊

• ချောင်းဆိုးတာ တို့ ပါဝင်ပါတယ်။

ဆရာဝန်ပြတဲ့အခါ နားကိုစစ်ဆေးကုသပြီး နားဖာချေးတွေကို ကိရိယာအသေးစားလေးတွေသုံးပြီး ဖယ်ရှားတာ၊ စုပ်ထုတ်တာ စတဲ့နည်းတွေ လုပ်ပေးမှာပါ။ ဒါ့ကြောင့် နားထဲ ယားလာတာ၊ စပ်လာတာ တစ်ခုခုဖြစ်လာရင် ဆရာဝန်ပြပါ။


နားပိတ်ဆို့တာ သိပ်ဆိုးဆိုးရွားရွားမဖြစ်ဘူးဆိုရင်တော့ အဝတ်စ နုနုလေးတစ်ခုကိုသုံးပြီး နားအပြင်ပိုင်းလေးကို အသာအယာသန့်ရှင်းပေးနိုင်ပါတယ်။