Blog Detail Pic

အဖြစ်များတဲ့ သားအိမ်မှာ အလုံးတည်ခြင်း

by | 01 Mar 2022

ပတ်ဝန်းကျင်မှာ ဘယ်သူကတော့ဖြင့် သားအိမ်မှာ အသားလုံးတည်လို့ သားအိမ်ထုတ်လိုက်ရတယ်။ဘယ်သူကတော့ အသားလုံးရှိလို့ ဆေးရုံတက်နေတယ်ဆိုတာမျိုး ကြားဖူးပါသလား။ ပတ်ဝန်းကျင်မှာ ဒါမျိုးမကြာခဏကြားဖူးတယ်ဆိုရင် ဒီရောဂါအဖြစ်များတယ်ပဲဆိုရမှာပေါ့။


သားအိမ်အသားလုံး ဆိုတာဘာလဲ။


ပြောတဲ့အတိုင်းပဲ အသားလုံးကြီးပါ။ စာဆန်ဆန်ပြောရရင်တော့ သားအိမ်ကြွက်သားတွေ ပွားပြီး အလုံးတည်လာတာပေါ့။ မျက်စိနဲ့မမြင်နိုင်တဲ့ အလုံးသေးသေးလေးတွေရှိသလို ရင်ခေါင်းထိတက်ဆောင့်နိုင်တဲ့အလုံးကြီးတွေလည်းရှိပါတယ်။ သားအိမ်ထဲမှာဖြစ်နိုင်သလို သားအိမ်ပြင်ပမှာလည်း အညှာလေးနဲ့ တွယ်နေတတ်ပါတယ်။ တစ်လုံးတည်းလည်း ဖြစ်နိုင်သလို အများကြီးလည်းဖြစ်နိုင်ပါတယ်


ကင်ဆာလား။


ကင်ဆာမဟုတ်ပါဘူး။ သာမန်အလုံးပါ။ ကင်ဆာပြောင်းနိုင်လားဆိုတော့ ပြောင်းနိုင်ချေက လူ၁၀၀၀မှာ ၁ယောက်တောင်မရှိပါဘူး။ ဒါကြောင့် ဖြစ်ခဲတယ်လို့ပဲ ပြောရမှာပါ။


ဘာလက္ခဏာတွေခံစားရမှာလဲ။


သားအိမ်မှာအသားလုံးရှိတဲ့သူတော်တော်များများက ဘာလက္ခဏာမှ သိပ်မခံစားရပါဘူး။ ဒါကအလုံးသေးတာကြောင့်လည်းဖြစ်နိုင်သလို အလုံးရှိတဲ့နေရာနဲ့လည်းဆိုင်ပါတယ်။ ရောဂါလက္ခဏာတွေက အလုံးရှိတဲ့နေရာ၊ အရွယ်အစားနဲ့ ဘယ်နှစ်လုံးလဲဆိုတာပေါ်မူတည်ပါသေးတယ်။ အတွေ့ရများတဲ့ လက္ခဏာတွေကတော့

• ရာသီသွေးဆင်းများတာ
• သွေးဆင်းရင် ကိုက်ခဲတာ
• ရာသီလာရက်ပိုကြာတာ
• ရာသီမတိုင်ခင်သွေးဆင်းတာ
• မကြာခဏဆီးသွားချင်တာ
• ဝမ်းချုပ်တာ
• ခါးနာတာ၊ ပေါင်အနောက်နာတာ
• အမျိုးသားနဲ့အတူနေရင် နာတာ
• ဗိုက်ပြည့်သလိုခံစားရတာ၊ ဗိုက်မှာအလုံးစမ်းမိတာ စတာတွေပဲ ဖြစ်ပါတယ်။


ဘာကြောင့်ဖြစ်တာလဲ။


အကြောင်းရင်းအတိအကျကိုတော့ မသိရသေးပါဘူး။ ဖြစ်နိုင်ချေရှိတဲ့ အကြောင်းတွေကတော့

• မျိုးရိုးဗီဇ

• ဟော်မုန်း -အမျိုးသမီးတွေမှာရှိတဲ့ အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်းဟော်မုန်းတွေက ရာသီလာခါနီးရင် သားအိမ်နံရံထူဖို့ လုပ်ပေးပါတယ်။ သားအိမ်အသားလုံးတွေက ဒီဟော်မုန်းနှစ်မျိုးကို ပိုလက်ခံတာကို တွေ့ရပါတယ်။ ဒါကြောင့်သွေးဆုံးပြီးတဲ့သူတွေမှာ အသားလုံးကဖြစ်ခဲပါတယ်။


ဘယ်သူတွေပိုဖြစ်နိုင်လဲ။


လူတိုင်းဖြစ်နိုင်ပေမယ့် ပိုဖြစ်နိုင်တဲ့သူတွေကတော့
• အသက်၃၀ကျော်တွေမှာ အဖြစ်များပါတယ်။
• ကိုယ်ဝန်ဆောင်တွေ -ကိုယ်ဝန်ဆောင်ချိန်မှာ အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်းဟော်မုန်းတွေပိုများလာတဲ့အတွက် အလုံးအသစ်တွေဖြစ်တာ၊ ရှိပြီးလားအလုံးတွေ ကြီးလာတာမျိုးဖြစ်တတ်ပါတယ်။
• အသက်ငယ်ငယ်လေးနဲ့ ရာသီစလာတာ (အသက်၁၀နှစ်မတိုင်ခင်)
• ဗီတာမင်ဒီချို့တဲ့တာ
• အနီရောင်အသားအစားများပြီး အသီးအရွက်အစားနည်းတာ
• အရက်သောက်တာ
• တားဆေးတွေသောက်တာ
• မိသားစုထဲမှာ မျိုးရိုးရှိတာ
• အဝလွန်တာ စတာတွေပဲဖြစ်ပါတယ်။


နောက်ဆက်တွဲဘာဖြစ်နိုင်လဲ။


• အသားလုံးကြောင့် ကိုယ်ဝန်မရတာတွေဖြစ်တတ်ပါတယ်။

• ကိုယ်ဝန်ရှိပြီးသားသူတွေမှာလည်း သားအိမ်မှာ အလုံးခံနေတဲ့အတွက် ကိုယ်ဝန်ပျက်ကျတာ၊ ကလေးအနေအထားမမှန်တာ၊ အချင်းအနေအထားမမှန်တာ၊ ကလေးကောင်းကောင်းမကြီးတာ၊ လမစေ့ဘဲမွေးတာတွေဖြစ်တတ်ပါတယ်။

• ရာသီသွေးဆင်းများပြီး သွေးအားနည်းတာ၊ ခေါင်းမူးတာလည်း ဖြစ်တတ်ပါတယ်။

• အသားလုံးက ဆီးအိမ်ကိုဖိထားတာကြောင့် ဆီးခဏခဏသွားချင်တာ၊ ဆီးကျန်တာဖြစ်ပြီး ဆီးပိုးဝင်တတ်ပါတယ်။

• သားအိမ်ပြင်ပမှာ အညှာနဲ့ တွယ်နေတဲ့ အသားလုံးက လိမ်ပြီး သွေးမလျှောက်တော့တာ။ ဒါမျိုးဆိုရင်တော့ ဗိုက်အရမ်းနာပြီး အရေးပေါ်ခွဲစိတ်ဖို့ လိုပါမယ်။


ကာကွယ်လို့ရလား။

ကာကွယ်တဲ့နည်းလမ်းတွေက လုံးဝမဖြစ်အောင် မတားနိုင်ပါဘူး။ ကိုယ်အလေးချိန်ထိန်းတာ၊ အသီးအရွက်တွေပိုစားတာက ဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ပါတယ်။