Blog Detail Pic

နွေရာသီညတွေမှာ ပန်ကာဖွင့်ပြီး အိပ်မယ်ဆိုရင်

by | 04 Mar 2022

ပူပြင်းလှတဲ့ နွေရာသီမှာ အဲကွန်းဒါမှမဟုတ် ပန်ကာတစ်လုံးမပါဘဲနဲ့ အိပ်ပျော်ဖို့ဆိုတာ အဆင်မပြေလှပါဘူး။ ဒါဆိုရင် တစ်ညလုံးပန်ကာဖွင့်ပြီး အိပ်ဖို့ အဆင်ပြေပါ့မလား။ ကျန်းမာရေးကိုရော ထိခိုက်နိုင်သလား စတဲ့ မေးခွန်းတွေနဲ့ ရှုပ်ထွေးနေမှာပါ။ ကဲ ဒီလိုဆိုရင်တော့ ညဘက် လေအေးလေးရအောင် အနီးနားမှာ ပန်ကာလေးဖွင့်ပြီး အိပ်လေ့ရှိတဲ့သူတွေအတွက် ဖြစ်လာနိုင်တဲ့ ကျန်းမာရေးဆိုးကျိုးလေးတွေနဲ့ ပန်ကာဖွင့်ပြီး အိပ်မယ့်အစား အေးအေးချမ်းချမ်းအိပ်နိုင်အောင် အခြားလုပ်ဆောင်နိုင်မယ့် နည်းလမ်းတချို့ကို ဝေမျှပေးသွားချင်ပါတယ်။


ညဘက်ပန်ကာလေခံပြီး အိပ်တဲ့အခါ


၁။ နှာစေး၊ နှာပိတ်စတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြသနာတွေကို ဖြစ်စေပါတယ်။
ပန်ကာကလာတဲ့လေဟာ သင့်ရဲ့ ပါးစပ်၊ နှာခေါင်းနဲ့ လည်ချောင်းတွေတစ်လျှောက်မှာ ရှိတဲ့ အရေပြားကို ခြောက်သွေ့စေပါတယ်။ အဲဒီလို အသက်ရှူလမ်းကြောင်းတစ်လျှောက်မှာ ခြောက်သွေ့သွားတဲ့အတွက် mucus လို့ခေါ်တဲ့ အချွဲတွေထွက်လာပြီး နှာပိတ်၊ နှာစေးခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ဟောက်ခြင်း စတဲ့ပြသနာတွေကို ဖြစ်လာစေပါတယ်။


ပန်ကာဖွင့်အိပ်ပြီး ဒီလိုပြသနာတွေ ဖြစ်လာပြီဆိုရင်တော့ အခန်းထဲမှာ humidifier လေးကိုပါ ဖွင့်ထားသင့်ပြီး၊ ရေများများသောက်၊ ရေဓာတ်ပြည့်ဝအောင်နေသင့်ပါတယ်။


၂။ ဓာတ်မတည့်ခြင်းပြဿနာ (allergies) ဖြစ်နိုင်ခြင်း။


ပန်ကာမှာ ကပ်တွယ်နေနိုင်တဲ့ ဖုန်မှုန့်၊ အညစ်အကြေးတွေ အပြင် လေထုထဲမှာရှိနေတဲ့ အမှုန်အမွှားတွေဟာ ပန်ကာလေနဲ့အတူ ပါလာနိုင်ပြီး နှာရည်ယိုခြင်း၊ လည်ချောင်းယားခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ မျက်လုံးနီစပ်လာခြင်း စတဲ့ ဓာတ်မတည့်တဲ့ ရောဂါလက္ခဏာတွေကို ဖြစ်လာစေနိုင်ပါတယ်။ ဒါ့ကြောင့် ပန်းနာရင်ကြပ်ရောဂါအခံ ရှိပြီးသားသူတွေအနေနဲ့ ပန်ကာနဲ့ အိပ်မယ်ဆိုရင် ပိုပြီး ဂရုစိုက်သင့်ပါတယ်။


၃။ မျက်လုံးနဲ့ အသားအရေခြောက်သွေ့လာခြင်း။


ပန်ကာကလာတဲ့ လေဟာ အသားအရေကို ရေဓာတ်ခမ်းခြောက်စေပြီး ကြာလာတဲ့အခါ အသားအရေကို မွဲခြောက်ခြောက်ဖြစ်လာစေတာကြောင့် moisturizer သေချာပြန်လိမ်းပေးဖို့ လိုအပ်ပါတယ်။ မျက်လုံးကိုလည်း ခြောက်သွေ့စေတာကြောင့် မျက်လုံးနီလာခြင်း၊ စပ်ခြင်း၊ ယားခြင်း စတဲ့ပြသနာတွေ မဖြစ်အောင် eye drop (သို့) မျက်စဉ်းဆေးရည်လေးတွေ အသုံးပြုပေးသင့်ပါတယ်။


၄။ ကြွက်သားများနာကျင်ခြင်း။


ပုံမှန်အတိုင်းတိုက်တဲ့ လေမဟုတ်ဘဲ ပန်ကာကလာတဲ့ ပြင်းထန်တဲ့လေဟာ ခန္ဓာကိုယ်ကို တိုက်ရိုက်ထိတွေ့မယ်ဆိုရင် ကြွက်သားတွေကို တင်းစေပြီး ကြွက်တက်ခြင်း၊ ကြွက်သားနာကျင်ခြင်းတွေကို ဖြစ်စေပါတယ်။ ဒါ့ကြောင့် ပန်ကာနဲ့ အိပ်မယ်ဆိုရင်တောင် ဒီလို ပြဿနာတွေ မဖြစ်စေဖို့ ပန်ကာကို ကိုယ့်ဆီတိုက်ရိုက်အနေအထားမှာ မထားဖို့ နဲ့ အဝေးမှာထားဖို့ ဂရုစိုက်ပေးရပါမယ်။
ဒါ့ကြောင့် အိပ်တဲ့အချိန်မှာ ပန်ကာကို အသုံးပြုမှဖြစ်မယ်ဆိုရင် အရှေ့မှာ ဖော်ပြခဲ့သလိုမျိုး ဆိုးကျိုးတွေမဖြစ်အောင် ဂရုစိုက်သင့်ပါတယ်။ ဒါ့အပြင် ပန်ကာအစား ပူပြင်းတဲ့ရာသီကို အန်တုပြီး အေးအေးချမ်းချမ်းအိပ်ပျော်နိုင်ဖို့ အောက်ပါနည်းလမ်းတွေကိုလည်း အသုံးပြုနိုင်ပါတယ်။


၁။ cooling mattress မျိုးနဲ့ အိပ်ပါ။


အိပ်ရာ၊ မွေ့ရာတွေကို ရွေးချယ်တဲ့အခါမှာ ခန္ဓာကိုယ်ရဲ့ အပူတွေကိုဖယ်ရှားပေးနိုင်ပြီး လေဝင်လေထွက်ကောင်းစေတဲ့ charcoal, gel infusion, copper စတဲ့နည်းပညာတွေနဲ့ ထုတ်လုပ်ထားတဲ့ cooling mattress မျိုးကို အသုံးပြုနိုင်ပါတယ်။


၂။ သင့်တော်တဲ့ ညအိပ်ဝတ်တွေကို ရွေးချယ်ပါ။
ပေါ့ပေါ့ပါးပါးနဲ့ နူးညံ့တဲ့ cotton ၊ ချည် စတဲ့ အသားတွေနဲ့ ချုပ်ထားတဲ့ ညဝတ်မျိုးက သင့်ကို ညဘက်မှာ အပူဒဏ်ကို ကြံ့ကြံ့ခံနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။


၃။ နေ့ဘက်မှာ အခန်းကို လေဝင်လေထွက်ကောင်းအောင် တံခါးဖွင့်ထားပါ။


၄။ မအိပ်ခင် ရေချိုးပါ။


ရေချိုးခြင်းဟာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အပူတွေကို ကျဆင်းစေတာကြောင့် မအိပ်ခင်မှာ ရေချိုးတာကလည်း အိပ်တဲ့အချိန်မှာ အေးအေးချမ်းချမ်းအိပ်နိုင်ဖို့အတွက် အကူညီပေးနိုင်ပါလိမ့်မယ်။


မွေးကင်းစကလေးငယ်လေးတွေအတွက်တော့ အခန်းထဲမှာ ပန်ကာအသုံးပြုခြင်းဟာ လေဝင်လေထွက်မကောင်းတဲ့ အလုံပိတ် အခန်းတွေထဲမှာ နေရတဲ့ လေးငယ်တွေထက် SIDS (sudden infant death syndrome) လို့ခေါ်တဲ့ မွေးကင်းစကလေးငယ် ရုတ်တရက်သေဆုံးနိုင်ခြေကို လျှော့ချပေးနိုင်တယ်လို့ လေ့လာချက်တွေအရတွေ့ရှိရပါတယ်။ ကလေးငယ်ကို ပန်ကာလေတိုက်ရိုက် မရောက်ဖို့တော့ လိုပါတယ်။ လေသိပ်မပြင်းဖို့လည်း လိုပါတယ်။


ပူပြင်းလှတဲ့ နွေရာသီမှာ အေးအေးလူလူ အိပ်စက်နိုင်ဖို့ ဈေးသက်သက်သာသာနဲ့ ထိရောက်တဲ့ နည်းလမ်းကတော့ ပန်ကာဖွင့်အိပ်တာပါပဲ။ ကောင်းကွက်တွေရှိသလို ဆိုးကျိုးတွေလည်း ရှိပါတယ်။ ကျန်းမာရေးပြဿနာတွေကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ပန်ကာကို ပတ်ချာလည် လှည့်တာမျိုးနဲ့ timer ပေးပြီး အချိန်အကန့်အသတ်နဲ့ ဖွင့်အိပ်တာမျိုးတွေ ပြုလုပ်နိုင်ပါတယ်။