Blog Detail Pic

ခဏခဏခေါင်းတစ်ခြမ်းကိုက်လို့ စိတ်ညစ်နေပြီလား? ဒါတွေလုပ်ပါ

by | 26 Oct 2021

ခေါင်းတစ်ခြမ်းကိုက်တယ်ဆိုတာ?

ခေါင်းတစ်ခြမ်းကိုက်တယ်ဆိုတာက ပုံမှန်ဖြစ်နေကျခေါင်းကိုက်တာနဲ့ မတူပါဘူး။ ဖြစ်လာရင် ခေါင်းထဲကနေ တဒိန်းဒိန်းမြည်ပြီး တဆစ်ဆစ်နာနေသလိုမျိုးခံစားမှု၊ အလင်းဒဏ်ကိုမခံနိုင်တဲ့ ခံစားမှု၊ အသံတွေကို နားမခံနိုင်တဲ့ ခံစားမှု၊ မအီမသာဖြစ်မှုတွေနဲ့အတူ တွဲပြီးခံစားရလေ့ရှိတဲ့ ခေါင်းကိုက်တဲ့ဝေဒနာတစ်မျိုးပါ။ ရောဂါဝေဒနာ ပြင်းထန်ပြီး ခွန်အားကုန်ခမ်းသလို ဖြစ်စေတာကြောင့် အလုပ်အကိုင်ပျက်တဲ့အထိ ဒုက္ခပေးနိုင်ပါတယ်။

ဘာကြောင့် ဖြစ်ရတာလဲ?

ဘာလို့ ခေါင်းတစ်ခြမ်းကိုက်ရတယ်ဆိုပြီး တိတိကျကျ ဖော်ပြထားတာမျိုးတော့ မရှိသေးပါဘူး။ သုတေသီတွေရဲ့ လေ့လာချက်အရ ခေါင်းထဲမှာရှိတဲ့ ဆီရိုတိုနင် (Serotonin) လို့ခေါ်တဲ့ ဓာတ်ပစ္စည်းတစ်မျိုး မညီမျှတာကြောင့် ဖြစ်တယ်ဆိုပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေမှာဆို ဟော်မုန်းမညီမျှတဲ့အချိန်တွေမှာ အဖြစ်များတာကြောင့် ရာသီလာနေချိန်၊ ကိုယ်ဝန်ဆောင်ချိန်နဲ့ သွေးဆုံးချိန်တွေမှာ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာ ခံစားရတတ်ပါတယ်။ အစားစားချိန်ကျော်ခြင်း၊ အစာအငတ်ခံခြင်း၊ ကော်ဖီနဲ့အရက် အလွန်အကွျံသောက်သုံးခြင်း၊ စိတ်ဖိစီးမှုများခြင်းကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။
ဘယ်လိုရောဂါလက္ခဏာတွေ ပြတတ်လဲ
ခေါင်းတစ်ခြမ်းကိုက်ရောဂါက နာရီပေါင်းများစွာ ကြာမြင့်တတ်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တာ မပြင်းထန်ခင် ၁ ရက် ၂ ရက်အလိုမှာ အောက်ပါတို့ကို ခံစားရတတ်ပါတယ်။
• စိတ်ခံစားမှု ပြောင်းလဲခြင်း၊ ဥပမာ- စိတ်ဓါတ်ကျခြင်း
• ဝမ်းချုပ်ခြင်း
• ဇက်ကြောတက်ခြင်း
• မထိန်းနိုင်ဘဲ သမ်းခြင်း
• ဒေါသထွက်လွယ်ခြင်း
• နှေးကွေးလေးလံသလို ခံစားရခြင်း
• အစာစားချင်စိတ် ပြောင်းလဲခြင်း၊ မအီမသာ ဖြစ်ခြင်း
အထက်ပါအခြေအနေတွေကို ခံစားနေရပြီဆိုရင် ခေါင်းတစ်ခြမ်းကိုက်ဖို့ အစပျိုးနေပါပြီ။ ခေါင်းကိုက်ခြင်းနဲ့အတူ အဖျားတက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ တက်ခြင်း၊ နှစ်ထပ်မြင်ခြင်း၊ အားနည်းခြင်းတို့ပါ တစ်ပါတည်း ဖြစ်ပွားနေပြီဆိုရင်တော့ အိမ်တွင်းနည်းနဲ့တင် ကုသမနေဘဲ ဆေးရုံဆေးခန်း ပြသသင့်ပါတယ်။

ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့ နည်းလမ်းကောင်းလေးအချို့

ခေါင်းတစ်ခြမ်းကိုက်တဲ့ ဝေဒနာကို အရှင်းပျောက်အောင် ကုသဖို့ခက်ပေမဲ့ လူနေမှုပုံစံပြောင်းလဲပြီး အိမ်တွင်းကုထုံးနဲ့ သက်သာအောင် ပြုလုပ်လို့ရပါတယ်။

ရေများများသောက်ပါ

တစ်ခါတလေမှာ ရေဓာတ်နည်းနေတာကြောင့်လည်း ခေါင်းတစ်ခြမ်းကိုက်တတ်ပါတယ်။ ဒါကြောင့် ခေါင်းတစ်ခြမ်းကိုက်လာတဲ့အခါ ရေများများသောက်ပေးပါ။ ရေချည်းပဲ မသောက်ချင်ဘူးဆိုရင် ရေထဲကို သံပရာသီးစိတ် ဒါမှမဟုတ် သစ်သီးလေးတေွ စိတ်ထည့်ပြီးလို Detox water လိုမျိုးသောက်ပေးပါ။

ယောဂဆော့ပါ

ယောဂလေ့ကျင့်ခန်းတွေက ခေါင်းတစ်ခြမ်းကိုက်တာကို သိသိသာသာသက်သာစေနိုင်ပါတယ်။ ဒါကြောင့် ကြွက်သားတွေပြေလျော့စေပြီး သေွးစီးဆင်းမှုကောင်းလို့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေနိုင်ဖို့အတွက် ကိုယ်လက်လှုပ်ရှားမှုလေး လုပ်ပေးသင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်တာက ခန္ဓာကိုယ်က ပေါ့ပါးလန်းဆန်းစေပြီး ပျော်ရွှင်စေတဲ့ ဟော်မုန်းတွေ ထွက်လာအောင် အကောင်းဆုံး လှုံ့ဆော်ပေးနိုင်ပါတယ်။

တိတ်ဆိတ်ပြီး၊ မှောင်တဲ့အခန်းမှာ နားနားနေနေ နေပါ

ခေါင်းတစ်ခြမ်းကိုက်တဲ့အခါ အလင်းဒဏ် နဲ့ အသံဒဏ်ကို မခံနိုင်တာမျိုးရှိပါတယ်။ ဥပမာ တစ်နေကုန် လင်းထိန်နေအောင် မီးထွန်းထားတဲ့ ရုံးခန်းထဲမှာ အလင်းအရမ်းများတဲ့ ကွန်ပျူတာကို ကြည့်နေရတာကြောင့် ခေါင်းကိုက်တာဖြစ်နိုင်ပါတယ်။ ဒါကြောင့် အိပ်ခန်းကို အမှောင်ချပြီး တိတ်တိတ်ဆိတ်ဆိတ်ရှိအောင်ထားလို့ နားနားနေနေ နေပေးပါ။ အိပ်ပျော်အောင် အိပ်လိုက်ပါ။ အိပ်မပျော်ရင်တောင် မျက်လုံးလေးမှိတ်ပြီး သက်တောင့်သက်သာလေးနေပေးပါ။

ရေခဲဝတ်ကပ်ပေးပါ

နဖူး ဒါမှမဟုတ် လည်ပင်းနောက်ဘက်မှာ ရေနွေးဝတ် ဒါမှမဟုတ် ရေခဲဝတ်လေးကပ်ပေးပါ။ ဒီလိုလုပ်ပေးတာကလည်း ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေမယ့် အလွယ်ကူဆုံး နည်းလမ်းတွေထဲက တစ်ခုပါ။ ရေနွေးနဲ့ရေချိုးပေးလို့လည်းရပါတယ်။

ဂျင်း သို့မဟုတ် လာဗင်ဒါရေနွေးကြမ်း သောက်ပေးပါ။

ဂျင်းတက်လတ်လတ်ဆက်ဆက်လေးကို ရေနွေးပူပူလေးထဲ ထည့်သောက်ခြင်းဖြင့်လည်း သက်သာနိုင်ပါတယ်။ ဘာလို့ဆို ဂျင်းမှာပါတဲ့ ဓာတ်တစ်မျိုးက ခေါင်းကိုက်ရင် သောက်ရတဲ့ ဆေးတွေနဲ့ အာနိသင်တူတာမလို့ အိမ်မှာ လွယ်လွယ်ကူကူ သောက်သုံးနိုင်ပါတယ်။ ဒီလိုမှမဟုတ်ရင်လည်း လာဗင်ဒါရေနွေးကြမ်ကို သောက်ပေးလို့လည်းရပါတယ်။

နားထင်ကို ခပ်ဖွဖွလေးနှိပ်ပေးပါ

နားထင်ကို ခပ်ဖွဖွလေးနှိပ်ပေးတာက နားထင်ကကြွက်သားတွေကို ပြေလျော့စေပြီး သွေးစီးဆင်းမှုကောင်းစေသလို ခေါင်းတစ်ခြမ်းကိုက်တာကို အထိရောက်ဆုံး သက်သာစေနိုင်ပါတယ်။ နားထင်ကိုနှိပ်တဲ့အခါ ခပ်ဖွဖွလေးနှိပ်ပေးတာက အဆင်ပြေဆုံးပါ။ မျက်ခုံးနှစ်ခုကြားနဲ့ လည်ပင်းနဲ့ ပုခုံးဆက်တဲ့နေရာကိုလည်း ညင်သာစွာ နှိပ်ပေးလို့ရပါတယ်။
ခေါင်းတစ်ခြမ်းကိုက်တာကြောင့် ခံစားရခက်နေတဲ့ ပြဿနာကို ဒီနည်းလမ်းလေးတွေသုံးပြီး အကောင်းဆုံးဖြေရှင်းလိုက်ပါနော်။