Blog Detail Pic

Sensitive Skin ဖြစ်လာရတဲ့အကြောင်းအရင်း

by | 16 Mar 2022

အသားအရေ အမျိုးအစားတွေ အများကြီးထဲမှာမှ ကိုယ်က ဘာလို့ Sensitive skin type ဖြစ်နေရတာလဲ။ အရင်ကတည်းက မဟုတ်ပါဘူး။ အခုနောက်ပိုင်းမှာ အသားအရေက တစ်ခုခုဆို အလွဲမခံဘူး အဖုအပိန့်တွေထွက်လာတယ်၊


တစ်ခုခုလွဲတာနဲ့ ဝက်ခြံတွေထွက်လာတယ်၊ ရောင်လာတယ်။ ဆိုတာက မူလ စင်စစ် sensitive skin type မဟုတ်ပါဘူး။ ဒီ အသားအရေအမျိုးအစားက မူလက acne – prone အမျိုးအစားဖြစ်နိုင်သလို ခြောက်သွေ့တဲ့ အမျိုးအစား တစ်မျိုးမျိုး ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ခြေ အများဆုံးက ဝက်ခြံအထွက်များတဲ့ Acne- prone အမျိုးအစား ဖြစ်နိုင်ပါတယ်။
ဝက်ခြံဆိုတာက လူအတော်များများ ခံစားနေရတဲ့ ပြဿနာ။ အခြားအရာတွေထက် ကြည့်ရဆိုးစေတဲ့ အသားအရေ ပြဿနာပါ။


ဝက်ခြံဆိုတာနဲ့တင် ပြီးလားဆိုတော့ ဝက်ခြံ ထွက်လာပြီဆိုရင် ဝက်ခြံအပြင် ဝက်ခြံဖု သက်သာသွားတယ်ဆိုရင်တောင် ကုတ်မိ၊ ဆွမိတာကြောင့် ဝက်ခြံ အမာရွတ်တွေ ကျန်နေနိုင်ပါသေးတယ်။
ဒီလို ကျန်တဲ့အခါဖြစ်ဖြစ်၊ ဝက်ခြံ ထွက်တဲ့အခါဖြစ်ဖြစ် ပျောက်ချင်ဇောနဲ့ ဝက်ခြံပျောက်တယ်ဆိုတဲ့ ဆေးတွေ၊ ဆေးမြီးတိုတွေကို သုံးတတ်ကြပါတယ်။ ဒီလို သုံးတဲ့အခါ ချက်ချင်း သက်သာသွားမယ်လို့ ယူဆတတ်ကြပါတယ်။


ဝက်ခြံသက်သာစေမယ့်ဆိုတဲ့ ဆေး၊ လိမ်းစရာ တစ်ခုခုကို လိမ်းတယ်။ တစ်ရက်ကနေ ၂ ရက်အထိ မသက်သာဘူး။ ၃ ရက်လောက်လည်း ဒီအတိုင်းပဲဆိုရင် လုပ်တတ်တာက နောက်တစ်မျိုး ပြောင်းသုံးလိုက်တာပါ။


ဒီလို သုံးတာက အချိန်ကြာလာတဲ့အခါ အသားအရေကို ထိခိုက်စေပြီး အသားအရေက အမှားမခံတဲ့ အခြေအနေ ဖြစ်လာပါတယ်။ ဒီအခါ အလွယ်တကူပဲ Sensitive skin type ရယ်လို့ ခေါင်းစဉ် တပ်လိုက်ကြပါတယ်။


တကယ်ကတော့ ဒါက လူကနေ ဖန်တီးမှုကြောင့် အသားအရေ ထိခိုက်ရာကနေဖြစ်လာတဲ့ Sensitive skin အမျိုးအစားပါ။


ဒီလိုမဖြစ်စေဖို့ ဘယ်လို ကာကွယ်လို့ရမလဲ?


အထိမခံ ရွှေပန်းကန် အသားအရေရှိတဲ့ သူတွေဟာ အင်မတန်ကို ဂရုစိုက်ပေးရပါတယ်။ ဂရုစိုက်နေရင်းနဲ့ပဲ တစ်ခုခုပြီးတစ်ခု ဖြစ်နေတာလည်း ဒီလို အသားအရေမျိုးပါပဲ။ နေ့စဉ်နေ့တိုင်း ရေချိုးပြီးတဲ့အခါမှာတောင် အသားအရေက ချက်ချင်းဆိုသလို နီလာတာ၊ ယားလာတာ၊ ခြောက်လာတာတွေနဲ့ အမြဲဒုက္ခပေးတတ်ပါသေးတယ်။ ဒါ့ကြောင့် sensitive skin ရှိတဲ့ သူတွေအတွက် အဲလို ပြသနာတွေကို ရှောင်ရှားနိုင်ဖို့ဆိုရင်


• အသားအရေကို ကြမ်းကြမ်းတမ်းတမ်း သန့်စင်တာမျိုး မလုပ်ပါနဲ့။

• ဓာတုပစ္စည်းတွေ ပါနေတဲ့ ဆပ်ပြာတွေ၊ မျက်နှာသန့်စင်တဲ့အရာတွေ မသုံးပါနဲ့။

• ဝက်ခြံအတွက် skin care တစ်ခုခု သုံးတဲ့အခါ အနည်းဆုံး ၄၅ ရက်ကနေ ရက်ပေါင်း ၆၀ လောက်အထိ သုံးပေးပါ။ ဒါမှ အသားအရေအပေါ် အကျိုးသက်ရောက်မှုကို သိရမှာပါ။

• စတီးရွိုက်ပါတာတွေကို မသုံးပါနဲ့။

• မျက်နှာကို ကုတ်ဖဲ့တာတွေ မလုပ်ပါနဲ့။

• ခဏခဏ မျက်နှာ မသစ်ပါနဲ့။

• အစိုဓာတ်ထိန်းခရင်မ် ပုံမှန်လိမ်းပေးပါ။ gel အမျိုးအစားဆိုရင် ပိုအဆင်ပြေပါတယ်။

• ဓာတုပစ္စည်းတွေပါဝင်တဲ့ ပစ္စည်းတွေအားလုံးက sensitive skinပိုင်ရှင်တွေနဲ့ ရန်သူပါပဲ။ ဒါ့ကြောင့် ဆပ်ပြာကို လိုအပ်သလောက်ထပ်ပိုပြီး အများကြီး မသုံးမိဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် scrub တွေ၊ exfoliate လုပ်တဲ့ ပစ္စည်းတွေ မကြာခဏ သုံးမယ်ဆိုရင် sensitive skinကို ပိုပြီးဆိုးသွားစေနိုင်ပါတယ်။

• ခန္ဓာကိုယ်မှာ လိမ်းမယ့်၊ အသုံးပြုမယ့် အသုံးအဆောင်တွေ (ဥပမာ- ဆပ်ပြာ၊ lotion ၊ moisturizer ) စတာတွေကို ရွေးချယ်တဲ့အခါမှာ အမွှေးနံ့တွေ၊ ဆိုးဆေးတွေ၊ အရက်ပြန်ပါတာတွေ ကို ရှောင်ကြဉ်သင့်ပါတယ်။ ဒါ့အပြင် ကိုယ်သုတ်ပဝါ၊ မျက်နှာ သုတ်ပဝါတွေဆိုရင်လည်း နူးညံ့တာလေးတွေ ရွေးချယ်အသုံးပြုသင့်ပါတယ်။

အထိမခံ အသားအရည်ကို ပိုင်ဆိုင်ထားလို့ အရမ်းကြီး စိတ်မညစ်ဘဲ ဖြစ်လေ့ရှိတဲ့ အရေပြားပြဿနာတွေ လျော့နည်းအောင် ဒီဆောင်းပါးလေးက အထောက်အကူဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။