Blog Detail Pic

မသေခင်တည်းက လှူဒါန်းလို့ရတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းများ

by | 18 Mar 2022

ခန္ဓာကိုယ် အစိတ်အပိုင်း လှူဒါန်းတယ်ဆိုတာက ကိုယ့်ခန္ဓာကိုယ်က တစ်စုံတစ်ရာသော အစိတ်အပိုင်းကို ခွဲစိတ်ဖြတ်တောက်ပြီး လိုအပ်နေသူကို လှူဒါန်းကူညီခြင်းတစ်မျိုးဖြစ်ပါတယ်။


များသောအားဖြင့် ခန္ဓာကိုယ် အစိတ်အပိုင်းလိုအပ်နေသူတွေဟာ အသက်ဘေးနဲ့ နီးစပ်နေသူတွေများပါတယ်။ ဒါကြောင့် ခုလိုလှူဒါန်းတာဟာ မွန်မြတ်တဲ့ လုပ်ရပ်တစ်ခုပါ။


လူ့ခန္ဓာကိုယ်ထဲက အစိတ်အပိုင်းတချို့ဟာ အကူအညီလိုအပ်နေတဲ့ တခြားတစ်စုံတစ်ယောက်ထံ ခွဲဝေလှူဒါန်းလို့ ရပါတယ်။ ဥပမာ ကျောက်ကပ်၊ အသည်း၊ မျက်ကြည်လွှာနဲ့ နှလုံးတို့ပေါ့။

ဘယ်လို အစိတ်အပိုင်းတွေကို လှူဒါန်းလို့ရသလဲ


ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ခွဲစိတ်လှူဒါန်းလို့ရတာမှန်ပေမယ့် တချို့အစိတ်အပိုင်းတွေက လှူဒါန်းသူ ကွယ်လွန်ပြီးမှသာလှူဒါန်းနိုင်တာဖြစ်ပြီး တချို့ အစိတ်အပိုင်းတွေက အသက်ရှင်နေစဉ်မှာ လှူဒါန်းလို့ရပါတယ်။


ကိုယ်တွင်း အင်္ဂါတွေထဲမှာဆိုရင် ကျောက်ကပ်၊ အဆုတ်၊ အသည်း၊ နှလုံး၊ ပန်ကရိယနဲ့ အူတို့ကို အသက်ရှင်နေစဉ်မှာ လှူဒါန်းလို့ရပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ မျက်နှာနဲ့ လက်တို့ကိုလည်း အစားထိုးလို့ရတယ်လို့ သတ်မှတ်ခဲ့ပါတယ်။

အသည်း


ဒီထဲမှာမှ အသည်းနဲ့ ကျောက်ကပ်အစားထိုးတာတွေကတော့ လူသိပိုများလှပါတယ်။ အသည်းအစားထိုးမယ်ဆိုရင် နည်းလမ်း ၃ မျိုးရှိပြီးတော့ Orthotopic transplant လို့ခေါ်တဲ့ မကြာသေးမီက သေဆုံးသွားသူထံမှ အသည်း အစားထိုးခြင်း၊ အသက်ရှိသူထံမှ အသည်းအစားထိုးခြင်း၊ အလှူရှင်ထံမှ အသည်းကို ခွဲခြမ်း အစားထိုးခြင်း စတာတွေပါပဲ။


အသည်းအစားထိုးပြီးရင်တော့ အစားထိုးထားတဲ့အသည်းဟာ လျင်မြန်စွာ ပြန်ကြီးမားလာနိုင်ပါတယ်။ အလှူရှင်ရဲ့ အသည်းကတောင် ပုံမှန်အရွယ်အစားအထိ ပြန်ကြီးနိုင်ပါတယ်။ အစားထိုးခံရတဲ့ လူနာမှာ တစ်ပတ်အတွင်း ပုံမှန်အသည်းရဲ့ ၈၅% အထိ ပြန်ကြီးနိုင်ပါတယ်။

ကျောက်ကပ်


ကျောက်ကပ်အစားထိုးခြင်းဆိုတာ အသက်ရှင်နေတဲ့အလှူရှင်ဆီကဖြစ်စေ၊ သေဆုံးပြီး အလှူရှင်ဆီကဖြစ်စေ ကောင်းမွန်တဲ့ ကျောက်ကပ်ကို ထုတ်ယူပြီး လူနာရဲ့ ပျက်စီးနေတဲ့ ကျောက်ကပ်နဲ့ အစားထိုးခြင်း ဖြစ်ပါတယ်။


အသက်ရှင်သော အလှူရှင်ဆိုရင် မိသားစုဝင်ဖြစ်စေ၊ မိတ်ဆွေဖြစ်စေ၊ လုပ်ဖော်ကိုင်ဖက်ဖြစ်စေ စိတ်ပါသူ မည်သူမဆို ကျောက်ကပ်လှူဒါန်း နိုင်ပါတယ်။ သေဆုံးပြီးအလှူရှင်ဆိုရင်တော့ မကြာသေးမီက သေဆုံးပြီး နာတာရှည်ကျောက်ကပ်ရောဂါမရှိသူ ဖြစ်ရပါမယ်။

အဆုတ်


အဆုတ်ကို အစားထိုးဖို့ လှူဒါန်းနိုင်တဲ့ နည်းလမ်း အမျိုးအစား ၄ မျိုးရှိပါတယ်။ အဆုတ်တစ်ခြမ်းလှူတာ၊ နှစ်ခြမ်းလုံးလှူတာ၊ Bilateral sequential နည်းလမ်းနဲ့ နှလုံးနဲ့ အဆုတ် ၂ မျိုးလုံး တစ်ပြိုင်နက်တည်းလှူဒါန်းတဲ့ Heart-lung transplant တို့ပါပဲ။


ဒီနည်းလမ်းတွေထဲမှာမှ ကျန်းမာတဲ့ အဆုတ်ကိုပိုင်ဆိုင်ထားပြီး ဆေးလိပ်မသောက်သုံးတဲ့လူတွေဟာ ကိုယ့်ရဲ့ အဆုတ်က Lobe တစ်ခုကို Single lung transplant လိုအပ်နေတဲ့ လူနာတွေဆီကို လှူဒါန်းလို့ရပါတယ်။ အဆုတ်မှာ Lobe ၅ ခု ရှိတာကြောင့်ပါ။

အူ


အူရဲ့ အစိတ်အပိုင်းတစ်ချို့ကိုလည်း လှူဒါန်းလို့ရပါတယ်။ များသောအားဖြင့် အူကို ကွယ်လွန်သူ အလှူရှင်တွေဆီကနေ ရယူကြတာများပေမယ့် တစ်ခါတစ်ရံမှာလည်း အသက်ရှင်နေသူတွေဆီကနေ ရယူလို့ရနိုင်တယ်လို့ ဆိုပါတယ်။

သားအိမ်


အမျိုးသမီးတွေဟာ သားအိမ်ကိုလည်း လှူဒါန်းနိုင်ပါတယ်။ သားအိမ်ကိုလည်း အသက်ရှင်နေစဉ်မှာပဲဖြစ်ဖြစ် ကွယ်လွန်ပြီးမှဖြစ်ဖြစ် လှူဒါန်းလို့ရပါတယ်။ အလှူရှင်တွေဟာ အသက် ၃၀ နဲ့ ၅၀ အကြားဖြစ်နေဖို့တော့ လိုအပ်ပါတယ်။ နောက်ပြီး ကျန်းမာပြီး ကလေးမွေးဖွားဖူးသူလည်းဖြစ်ဖို့ လိုပါတယ်။

ပန်ကရိယ


ခန္ဓာကိုယ်တွင်းက အရေးကြီးအင်္ဂါတစ်ခုဖြစ်တဲ့ ပန်ကရိယကိုလည်း အသက်ရှင်နေချိန်မှာ လှူဒါန်းလို့ ရနိုင်ပါတယ်။ အများစုသော ပန်ကရိယ လှူဒါန်းမှုတွေကို အလှူရှင် ကွယ်လွန်ပြီး ၁၂ နာရီကနေ ၁၅ နာရီကြားမှာ ပြုလုပ်ကြတာဖြစ်ပေမယ့် အသက်ရှင်နေစဉ်မှာလည်း လှူဒါန်းလို့ရနိုင်တယ်လို့ UNOS က ဆိုထားပါတယ်။

လှူဒါန်းဖို့ ဆုံးဖြတ်ထားတယ်ဆိုရင်


ကိုယ်က လှူချင်တယ်ဆိုရင် အရေးအကြီးဆုံးက ကျန်းမာနေဖို့ပါပဲ။ လှူဒါန်းရာမှာ သွေးအမျိုးမစား၊ တစ်ရှူးအမျိုးအစားနဲ့ အင်္ဂါအမျိုးအစားတွေ တူညီဖို့ လိုအပ်မှာဖြစ်ပြီးတော့ နာတာရှည်ရောဂါတွေ ကူးစက်ရောဂါတွေ မရှိဖို့လဲ လိုအပ်ပါတယ်။


ကျန်းမာအောင် ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာ၊ အာဟာရပြည့်ဝအောင်စားတာတွေလည်း မဖြစ်မနေ လုပ်ဆောင်ဖို့သင့်ပါတယ်။


နောက်ပြီး ကိုယ့်ရဲ့ ဆုံးဖြတ်ချက်ဟာ ကိုယ်တိုင် စိတ်ဆန္ဒအရ ဆုံးဖြတ်တာမျိုးဖြစ်ဖို့လည်း မဖြစ်မနေလိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ ခန္ဓာကိုယ်အစိတ်အပိုင်းကို ဖယ်ရှားလှူဒါန်းတာဖြစ်တာမို့ ရေတိုရေရှည် သက်ရောက်မှုတချို့ ရှိမှာဖြစ်ပြီး ဒါတွေကို လက်ခံနိုင်ဖို့ လိုအပ်ပါတယ်။