Blog Detail Pic

ယောကျ်ားတွေကို ကြောက်ရွံ့ခြင်းရောဂါ(Androphobia)

by | 22 Mar 2022

ယောင်္ကျားကြောက်ရောဂါ (Androphobia) ဆိုတာကြားဖူးကြလား? Androphobia ဆိုတဲ့ စကားလုံးဟာ ‘မဟာ ဣတ္ထိယ’ ဝါဒီတွေ ( feminist ) လိင်တူချစ်သူ အမျိုးသမီးတွေရဲ့ အခွင့်အရေး လှုပ်ရှားမှုကနေ ပေါ်ပေါက်လာတဲ့ စကားစုတစ်ခုဖြစ်ပါတယ်။ မိန်းမကြောက်ရောဂါ (Gynophobia) ရဲ့ တိုက်ရိုက်ဆန့်ကျင်ဘက် သဘောဖြစ်ပါတယ်။


ဒါပေမဲ့ သိထားရမှာက ယောင်္ကျားကြောက်ရောဂါ (Androphobia) ဆိုတာဟာ အမျိုးသမီးတွေဆီမှာသာမကဘူး အမျိုးသားတွေမှာလည်း ဖြစ်နိုင်တဲ့ စိတ်ဝေဒနာတစ်မျိုးဆိုတာပါပဲ။


ယောင်္ကျားကြောက်ရောဂါ (Androphobia) ခံစားနေရသူတွေမှာ စိတ်ပိုင်းဆိုင်ရာ လက္ခဏာမျိုးစုံပြသနိုင်ပါတယ်။ အထူးသဖြင့်တော့


• အမျိုးသားတစ်စုံတစ်ယောက်ကို မြင်တွေ့ရတဲ့အခါ ဒါမှမဟုတ် တွေးတောမိတဲ့အခါမျိုးတွေမှာ ရုတ်ချည်းဆိုသလို အလွန်အမင်း ထိတ်လန့်တာ၊ ရှက်ရွံ့တာ၊ စိတ်သောကရောက်တာမျိုးတွေ ခံစားရမယ်၊

• ချဲ့ကားတွေးတောမိတာ၊ ယုတ္တိယုတ္တာမရှိကြောင်း သိပေမယ့် အဆိုပါ အခြေအနေကို ထိမ်းချုပ်နိုင်ခြင်းမရှိတာ၊

• ရုပ်ပိုင်းဆိုင်ရာအရ နီးကပ်နေချိန်မျိုးမှာ အလွန်အမင်း စိတ်သောကရောက်တာ၊ စိတ်ပင်ပန်းနေမိတာ၊ အဆိုပါစိတ်ခံစားချက်မျိုးတွေ ပိုပိုဆိုးရွားလာနေတာ၊

• အမျိုးသားတွေနဲ့ ကြုံဆုံရမယ့် အခြေအနေတွေကို တမင်တကာ ရှောင်လွှဲနေတတ်တာ၊

• အမျိုးသားတွေအပေါ် ကြောက်ရွံ့တဲ့၊ စိုးရိမ်တဲ့ စိတ်ကြောင့် နေ့စဉ်လူနေမှု ဘဝမှာ အခက်အခဲတွေ မကြာခဏ ရင်ဆိုင်နေရတာ၊

• အမျိုးသားတွေနဲ့ ကြုံဆုံရတိုင်း ဇောချွေးပျံတာ၊ နှလုံးခုန်နှုန်းမြန်တာ၊ အသက်ရှုကြပ်တာ၊ အသက်ရှုရခက်တာ၊ မအီမသာဖြစ်တာ၊ အန်ချင်တာလိုမျိုး ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေ ပြသလာတတ်တာမျိုးတွေဖြစ်နိုင်ပါတယ်။

ဒီဝေဒနာမျိုးဟာ ငယ်ရွယ်စဉ်ကလေးဘဝမှာကတည်းက ရှိနေနိုင်ပြီး တစ်ချို့သော ကလေးငယ်တွေဟာ အမျိုးသားတွေ အနီးနားမှာရှိနေရင် မိခင်ဖြစ်သူအနားကနေ ခွာဖို့ ငြင်းဆန်တတ်တာ၊ တောက်တဲ့ကပ် ကပ်နေတတ်တာ၊ အပြင်းအထန် အော်ဟစ်ငိုကြွေးတတ်တာ၊ အကြီးအကျယ် ပေါက်ကွဲဒေါသထွက်တာမျိုး လက္ခဏာတွေပြသတတ်ပါတယ်။


ဘာကြောင့် ဒီဝေဒနာ ခံစားရတာလဲ


ဒီဝေဒနာဘာကြောင့် ခံစားရလဲဆိုတာနဲ့ ပတ်သက်ပြီး တိကျရေရာတဲ့ အဖြေမရှိသေးပါဘူး။ လက်ရှိအချိန်အထိ သိပ္ပံဆိုင်ရာ ဆန်းစစ်မှုတွေ၊ လေ့လာချက်တွေအရဆိုရင်တော့ အောက်ပါအချက်တွေကြောင့် ယောင်္ကျားကြောက်ရောဂါ (Androphobia) ဖြစ်နိုင်တယ်လို့ သိထားရပါတယ်။ ဒါတွေကတော့

• အတိတ်မှာ အမျိုးသားတွေနဲ့ အနှုတ်လက္ခဏာဆောင်တဲ့ အတွေ့အကြုံမျိုးတွေ ရှိခဲ့ဖူးတာ၊

• အလိုမတူပဲ အဓမ္မပြုကျင့်ခံခဲ့ရဖူးတာ၊ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားမှု ခံခဲ့ရဖူးတာ၊

• အမျိုးသားတွေရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်မှုကို ကာလရှည်ခံစားခဲ့ရဖူးတာ၊

• မျိုးရိုးလိုက်တာ၊

• ပတ်ဝန်းကျင် အသိုင်းအဝိုင်းကြောင့် စိတ်အစွဲအလမ်းဖြစ်လာတာ၊

• ဦးနှောက်လုပ်ဆောင်ချက် ပြောင်းလဲသွားတာ စတဲ့ အကြောင်းအရင်းတွေကြောင့်ဖြစ်နိုင်ပါတယ်။


ဒီစိတ်ဝေဒနာမျိုးဟာ အမျိုးသမီးတွေမှာ အများဆုံး ခံစားရပြီး ငယ်ရွယ်တဲ့ အသက်အရွယ်မျိုးမှာ ပိုမိုဖြစ်ပွားနိုင်ပါတယ်။ အထူးသဖြင့် ယောင်္ကျားကြောက်ရောဂါ (Androphobia) စတင်ဖြစ်ပွားတတ်တဲ့ အချိန်ဟာ အသက် ၁၀ နှစ်အောက် အရွယ်မှာဖြစ်ပါတယ်။


ဒါ့အပြင် သံသယလွန်ကဲတာ၊ ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်တ၊ အပြုသဘောမဆောင်တဲ့ စရိုက်လက္ခဏာမျိုးရှိတာ၊ မိသားစုရဲ့ အလွန်အမင်း ထိမ်းချုပ်မှုခံနေရသူတွေမှာ ဒီဝေဒနာ ဖြစ်နိုင်ချေပိုမြင့်မားပါတယ်။


ကုစားလို့ရနိုင်သလား


အဖြေကတော့ အတန်ငယ် ရှုပ်ထွေးတယ်လို့ပဲ ဆိုရမှာပါ။ Androphobia ဖြစ်နေတယ်လို့ သံသယရှိနေရင် အလျှင်အမြန် ကုစားဖို့လိုအပ်ပါတယ်။ အကြောင်းကတော့ ဒီဝေဒနာခံစားနေရရင် နေ့စဉ်လူနေမှုဘဝနဲ့ ပေါင်းသင်းဆက်ဆံရေး နယ်ပယ်မှာ ထိခိုက်နစ်နာမှုတွေ၊ ရုံးကန်ရမှုတွေ ပိုမိုကြုံဆုံရနိုင်ဖို့ သေချာနေတာကြောင့်ဖြစ်ပါတယ်။ ဒါ့အပြင် လူမှုဆက်ဆံရေး အရည်အသွေးလည်း ကျဆင်းလာမှာဖြစ်သလို ပတ်ဝန်းကျင်နဲ့ ပိုမိုဝေးကွာသွားပြီး ကုသရပိုမိုခက်ခဲသွားနိုင်ပါတယ်။


အထူးသဖြင့် ကလေးငယ်တွေမှာ ဒီဝေဒနာစွဲကပ်နေရင် ငယ်ရွယ်စဉ်မှာတင် ကုသနိုင်ဖို့ ကြိုးပမ်းရမှာဖြစ်ပါတယ်။ ငယ်ရွယ်သူတွေအနေနဲ့ ဒီစိတ်ပိုင်းဆိုင်ရာပြဿနာကြီးကို ဘဝတစ်လျှောက်လုံး သယ်ဆောင်သွားရမယ်ဆိုရင် ကုသရာမှာ ပိုမိုခက်ခဲနိုင်တာကြောင့်ဖြစ်ပါတယ်။


ဘယ်လိုကုထုံးတွေနဲ့ ကုသမှုခံယူမလဲ။


လူမှုရေးရာဆိုင်ရာ ကြောက်ရွံ့မှုကို အခြေခံတဲ့ စိတ်ဝေဒနာဖြစ်တာကြောင့် ဒီကြောက်ရွံ့မှုနဲ့ပတ်သက်ပြီး ဝေဒနာရှင်ရဲ့ စိတ်ကိုထိန်းချုပ်နိုင်ဖို့၊ ကြောက်ရွံ့မှုကို ကျော်လွှားဖို့ စိတ်ကုထုံးတွေနဲ့ ကုသမှုခံယူရမှာဖြစ်ပါတယ်။


လူနာရဲ့ အခြေအနေကို သုံးသပ်ပြီးသွားတဲ့အခါမှာ စိတ်ကုထုံးဖြင့် စတင်ကုသပေးသွားမှာပါ။ ဒီကုထုံးတွေထဲမှာတော့


• Exposure Therapy (အမျိုးသား အသုံးအဆောင်များဖြင့် ရင်းနှီးစေခြင်း၊ ဓာတ်ပုံများကို ပြသခြင်း)

• Cognitive Behavioral Therapy (ကြောက်ရွံ့မှုကို လက်တွေ့ရင်ဆိုင်ခြင်းဖြင့် ထိန်းချုပ်စေခြင်း)

• Meditation ( စိတ်ငြိမ်အောင် တရားထိုင်ခြင်း ) ဖြင့် ကုသပေးနိုင်ပါတယ်။

များသောအားဖြင့် ကုသဖို့ ဆေးဝါးတွေမလိုအပ်ပါဘူး။ စိတ်ကိုငြိမ်အောင် ကိုယ်တိုင်ထိန်းချုပ်ပေးတဲ့ ကုထုံးနည်းလမ်းတွေကသာ အကောင်းဆုံးပါပဲ။ စိတ်ရှည်ပြီး ဆရာဝန်ပြောတဲ့လေ့ကျင့်ခန်းတွေ မှန်မှန်လုပ်မယ်၊ ရက်ချိန်းကို မှန်မှန်သွားပြီး ပြသမယ်ဆိုရင်တော့ ပျောက်ကင်းဖို့ ပိုလွယ်နိုင်ပါတယ်။