Blog Detail Pic

မိုးရေချိုးခြင်းရဲ့ အကျိုးကျေးဇူးများ

by | 23 Mar 2022

ခုလိုမျိုး မိုးတွေ သည်းသည်းမည်းမည်းရွာပြီဆိုရင် ငယ်ငယ်တည်းက မိုးရေထဲ ပြေးလွှားကြ၊ ပျော်ခဲ့ကြတယ် မဟုတ်လား။ တချို့မိဘတွေကတော့ အအေးမိမှာစိုး၊ ထိခိုက်မှာစိုးပြီး ပေးမထွက်ကြဘူးလေ။

အနောက်နိုင်ငံတွေမှာတော့ မိုးရေကို အိမ်သုံးအဖြစ် သုံးတဲ့ အလေ့အထရှိပေမယ့် မိုးရေထွက်ချိုးတဲ့ အလေ့အထမျိုးတော့ နည်းပါးလှပါတယ်။ ဒါပေမယ့် အာရှဒေတွေမှာတော့ မိုးရေထွက်ချိုးတယ်ဆိုတာဟာ ငယ်ဘဝအမှတ်တရတွေကြားထဲက ရှင်းလင်းပြတ်သားလွန်းလှတဲ့ ပုံရိပ်တချို့လို့တောင်ဆိုလို့ရပါတယ်။


ဒါ့ကြောင့်မို့ မိုးရေကနေ ရမယ့် အကျိုးကျေးဇူးတွေ အကြောင်းကို ပိုပြီးသိချင်လာမိတာပေါ့။ မိုးရာသီ ရဲ့ ပျော်စရာ တစ်ခုအဖြစ် မိုးရေချိုးခြင်းက ထိပ်ဆုံးက ပါဝင်နေတာပဲလေ။


မိုးရေချိုးတယ် ဆိုတာ မိုးထဲ ပြေးထွက်ပြီး ချိုးတာချည်းပဲ မဟုတ်ပါဘူး။ ရေတံလျှောက်နဲ့ ရေခံထားတဲ့ မိုးရေကို ချိုးတာလည်း အတူတူပါပဲ။ ဘယ်လိုပဲ ချိုးချိုး မိုးရေ ကြောင့် ရရှိလာမယ့် အကျိုးကျေးဇူး တချို့ကို လက်လှမ်းမီသလောက် ဖော်ပြပေးလိုက်ပါတယ်။


မိတ် ပျောက်တယ်


ဒါက လူသိအများဆုံး အကျိုးကျေးဇူးတစ်ခုပါ။ နွေတုန်းက အပူဒဏ်ကြောင့် အရေပြားမှာ ဖြစ်နေတဲ့ မိတ်တွေကို အမြန်ဆုံး သက်သာသွားစေတာ မိုးရေ ပါပဲ။ မိုးရေချိုးလိုက်ရင် မိတ်ကြောင့် ယားယံနေတာတွေ သက်သာပြီး ချပ်ရပ်စေမယ်၊ အသားအေးသွားပါလိမ့်မယ်။မိတ်ဖုတွေ ကနေ ကျန်ရစ်ခဲ့တဲ့ အမာရွတ်တွေကိုလည်း မိုးရေ ကြောင့် တဖြည်းဖြည်း လျော့ပါး သက်သာသွားစေနိုင်ပါတယ်။


အရေပြား ကို သန့်စင်စေတယ်


မိုးရေ ရဲ့ မူလသဘာဝ ကိုက soft water ဖြစ်တဲ့ အပျော့စားရေ ဖြစ်ပြီး ရေထုညစ်ညမ်းမှု ပိုနည်းပါတယ်။ မိုးရေနဲ့ ချိုးတဲ့အခါ အသားအရေမှာ ပိုပြီး သန့်စင်တာ၊ ပိုလန်းဆန်းစေတာ ခံစားမိမှာပါ။ ပန်းကန် ဆေးကြော၊ အဝတ်လျှော်တဲ့ အခါပဲ အရင်စမ်းကြည့်ပါ၊ ဆပ်ပြာ သိပ်မလိုဘဲ ပိုသန့်စင်လွယ်တာ ကို သတိထားမိပါလိမ့်မယ်။


မိုးရေနဲ့ မျက်နှာသစ်ရင် ဘက်တီးရီးယားတွေ ဖယ်ရှားနိုင်ပြီး ဝက်ခြံတောင် ကာကွယ်နိုင်တယ် လို့ သိရပါတယ်။


အကြောအခြင် ပြေစေတယ်


အကြောတက်နေရင် ခြေထောက် ကို ရေလောင်း ကြတယ် မဟုတ်လား။ မိုးရေချိုးပြီးတဲ့ အခါ အကြောတွေ ပြေပြီး တစ်ကိုယ်လုံး အေးအေးလေး နဲ့ နေလို့ ကောင်းသွားပါလိမ့်မယ်။ ဒါလည်း မိုးရေချိုးခြင်း ရဲ့ ကောင်းကျိုး တစ်ခု ပါပဲ။


စိတ်ဖိစီးမှု ကို ပြေလျော့စေတယ်


စိတ်တွေ ညစ်ရင် ထီး မပါဘဲ မိုးရေထဲ လျှောက်သွားကြတာ တွေ့ဖူးတယ် ဟုတ်။ မိုးရွာထဲ လမ်းလျှောက်ကြတာ တွေ ရုပ်ရှင်ထဲတော့ တွေ့ရတာ ပိုများတာပေါ့။ မိုးရေချိုးတဲ့ အခါ စိတ်ထဲ ပေါ့ပါးပြီး လန်းဆန်းစေပါတယ်။


သတိထားသင့်တဲ့ အချက်တွေက –


• မုတ်သုံ ရဲ့ ပထမဆုံး မိုးကို သတိထားရပါမယ်။ ပထမဆုံး ရွာသွန်းတဲ့ မိုးရေဟာ လေထုတွင်း ညစ်ညမ်းမှုတွေ အများကြီးပါနေနိုင်ပါတယ်။ ဒီလို မိုးရေကို မသောက်သုံးသင့်၊ မချိုးသင့်ပါဘူး။


• မုန်တိုင်းကြောင့် ရွာတဲ့မိုးဆိုရင် မိုးနဲ့အတူ လေပါ ပါနိုင်တာကြောင့် သစ်ပင်ကြီးတွေနဲ့နီးတဲ့နေရာ သို့မဟုတ် ဆွေးမြေ့နေတဲ့အဆောက်အအုံတွေနားမှာ ရေမချိုးသင့်ပါဘူး။


• မိုးရေခံတဲ့ စနစ်ကို သန့်ရှင်းအောင် စနစ်တကျ စီမံထားသင့်ပါတယ်။ မိုးရေ က သန့်နေလည်း ခေါင်မိုးပေါ်နဲ့ ရေတံလျှောက်တွေမှာ အမှိုက်တွေ ရှိနေတာမျိုးက ရသမျှ မိုးရေတွေကို ညစ်ညမ်းစေပါတယ်။


• ရာသီ အကူးအပြောင်း မှာ ဖြစ်တတ်တဲ့ အအေးမိခြင်း ကို သတိပြုပါ။ မိုးရေ ချိုးချင်ပေမယ့် ကိုယ်က အအေးမိမှာ စိုးတယ်ဆိုရင် မိုးရေကို ကျိုထားတဲ့ ရေနွေးလေး နဲ့ စပ်ပြီး ချိုးလို့ ရပါတယ်။


• ဒီတိုင်း ချိုးလည်း သိပ်အကြာကြီး မချိုးဘူးဆိုရင် အအေးမမိလောက်ပါဘူး။ ပြီးရင် မိုးရေနဲ့ကျိုချက်ထားတဲ့ ရေနွေးကြမ်း ပူပူလေး သောက်လိုက်ပေါ့။


သဘာဝကပေးတဲ့ ရေအရင်းအမြစ်ကို နည်းလမ်းမှန်နဲ့ ကောင်းကောင်း အသုံးချနိုင်ကြပါစေရှင့်။