Blog Detail Pic

အစာအိမ်ကြောင့် ဗိုက်အောင့်တာ ဟုတ်မဟုတ် ဘယ်လိုသိနိုင်မလဲ

by | 27 Oct 2021

ဗိုက်နာတယ်၊ ဗိုက်အောင့်တယ်ဆိုတာ လူတိုင်း ဖြစ်ဖူးနေကျ ရောဂါတစ်ခုပါ။ ဗိုက်အောင့်နေမယ်ဆိုရင် အလုပ်လုပ်နိုင်ဖို့ နေနေသာသာ ထိုင်နေလို့တောင် အဆင်မပြေပါဘူး။ ချွေးစေးတွေထွက်ပြီး အလူးအလိမ့်ခံရတဲ့ ဝေဒနာမျိုးပါ။ ဒါပေမဲ့ ဗိုက်အောင့်တယ်ဆိုတာနဲ့ လူတိုင်းက လေအောင့်တာကိုပဲ ပြေးမြင်ပြီး ငါတော့ အစာအိမ်ရောဂါရှိနေပြီလားလို့ တွေးတတ်ကြပါတယ်။ တကယ်တော့ ဗိုက်အောင့်ရတဲ့ အကြောင်းအရင်းက အများကြီးရှိပါတယ်။ ဗိုက်ထဲမှာ အစာအိမ်၊ အသည်း၊ပန်ကရိယ၊ အူသိမ်၊ အူမကြီးနဲ့ သည်းခြေအိတ် တို့လို ကိုယ်တွင်းအင်္ဂါတွေ အများကြီးရှိတာမို့ ဘာကြောင့်ဗိုက်အောင့်တယ် တန်းမသိနိုင်ပါဘူး။

ဗိုက်အောင့်တာကို အများဆုံးဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့ အစာအိမ်ရောင်တာ၊ အစာအဆိပ်သင့်တာ၊ လေပွတာ၊ စိတ်ဖိစီးမှုကြောင့် ဗိုက်အောင့်တာ၊ အစာမကြေတာ၊ ဝမ်းချုပ်တာ၊ အူအတက်ရောင်တာ၊ အမျိုးသမီးတွေမှာဆို ဓမ္မတာကြောင့် ကိုက်ခဲတာ၊ သည်းခြေကျောက်တည်တာတို့ကြောင့် ဖြစ်ပါတယ်။ ဒီလိုမျိုး ဖြစ်နိုင်ခြေတွေ အများကြီးရှိတဲ့ထဲမှာမှ အစာအိမ်ရောင်လို့ အောင့်တယ်ဆိုတာ ဘယ်လိုသိရမလဲ။

အစာအိမ်အောင့်တယ်ဆိုတာ အဖြစ်အများဆုံး ဗိုက်အောင့်စေတတ်တဲ့ အကြောင်းအရင်း တစ်ခုပါ။ ဗိုက်ဆာလာရင် ဗိုက်ထဲ ဟာတာတာဖြစ်ပြီး နာလာတာ၊ စားပြီးရင်လည်း အစာမကြေဘဲ ဗိုက်ထဲလေပွပြီးအောင့်နေတတ်တာမျိုးပါ။ သင်က အစာအိမ်ကြောင့် ဗိုက်အောင့်နေမယ်ဆိုရင် အောက်ပါလက္ခဏာတွေထဲက အနည်းဆုံး ၂ မျိုးကို ခံစားနေရမှာ ဖြစ်ပါတယ်။ ရိုးရိုးဗိုက်အောင့်တဲ့ ဝေဒနာ အပြင်ကို
• လေပွနေတာ ၊ လေလည်တာ
• အစာမျိုချရ ခက်နေတာ
• အစာနည်းနည်းလေးစားပေမဲ့ ဗိုက်ပြည့်နေသလို ခံစားရတာ
• လေထိုးလေအောင့် ဖြစ်နေတာ
• ရင်ခေါင်းအောင့်တာ
• မအီမသာနဲ့ ပျို့အန်ချင်တာ
• ဗိုက်ကယ်ပြီး လေပွနေတာ
• ဝမ်းဗိုက်ဘယ်ဘက်အထက်ပိုင်းမှာ တစ်ချက်တစ်ချက် စူးအောင့်သွားတာ
• အစားမစားခင်နဲ့ အစာစားပြီးအောင့်တာ။

ဒီလက္ခဏာတွေကတော့ အစာအိမ်ကြောင့် အောင့်တာဆိုရင် ဖြစ်ပွားတတ်တဲ့ ထင်ရှားတဲ့ ရှေ့ပြေးလက္ခဏာတွေပဲ ဖြစ်ပါတယ်။

အစာအိမ် ဘာကြောင့် အောင့်ရတာလဲ?

- အစာအိမ်နံရံကို ထိခိုက်စေသော အကိုက်အခဲပျောက်ဆေးများ မကြာခဏသောက်ခြင်း
- အရိုးပါးရောဂါအတွက် သုံးသော Bisphosphonates နှင့် ပိုတက်ဆီယမ် ပါဝင်သောဆေးများ သောက်ခြင်း
- ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း
- အစာစားချိန် မမှန်ခြင်း၊ နောက်ကျခြင်း ( အစာအိမ်က အစာခြေအက်စစ်ထုတ်ပေးတဲ့အချိန်မှာ ချေဖျက်စရာ အစာမရှိတဲ့အတွက်ကြောင့် အူနံရံတွေက တဖြည်းဖြည်းပါးလာတာကြောင့် ဗိုက်နာရခြင်း ဖြစ်ပါတယ်။)
-အပူအစပ်၊ အလွန်ငံသော စားစရာများ ( ဉပမာ ရယ်ဒီမိတ် ခေါက်ဆွဲခြောက်များ)နှင့် အချဉ်များ အလွန်အမင်းစားသုံးခြင်း
-အဝလွန်ခြင်း
-အမျိုးထဲတွင် အစာအိမ်ဖြစ်ဖူးသူရှိခြင်းတို့ကြောင့် ဖြစ်ပါတယ်။

အစာအိမ်ကြောင့် ဗိုက်အောင့်တာကို ဘယ်လိုကာကွယ်မလဲ?

အစာအိမ်ကြောင့် ဗိုက်အောင့်တာမှန်း သေချာသွားပြီဆိုရင် အခြေအနေမဆိုးသေးခင် ပြန်လည်နေကောင်းလာအောင် ကာကွယ်ဖို့ မှီနိုင်ပါသေးတယ်။အပူအစပ်တွေရှောင်၊ အစာအိမ်အက်စစ်ပိုထွက်စေမယ့် အစားအသောက်တွေကိုလျှော့စား၊ အစားကို အချိန်မှန်အောင်စားပါ။ နောက်ထပ် ဗိုက်မအောင့်ရအောင် ဒီအချက်တွေကို ဂရုစိုက်ပါ ။

(၁) အစာစားတိုင်းမှာ သင့်လျော်တဲ့ပမာဏကိုသာစားပါ။
(၂) အစာမကြေဖြစ်တတ်ရင် ညအိပ်ချိန်နီးမှ အစားမစားပါနဲ့။
(၃) ရင်ပူစေတဲ့ အစပ်စာ၊ အဆီများတဲ့ အစားတွေကို ရှောင်ပါ။
(၄) အစာကို ကြေညက်အောင် ဖြည်းဖြည်းချင်း ဝါးစားပါ။
(၅) ဆေးလိပ်ဖြတ်ပါ။
(၆) အဝလွန်နေမယ်ဆိုရင် ဝိတ်လျှော့ပါ။
(၇) ကော်ဖီ၊ အချိုရည်၊ အရက်သောက်တာကို လျှော့ပါ။
(၈) အစာအိမ်နံရံကို ထိခိုက်နိုင်တဲ့ အကိုက်အခဲပျောက်ဆေးတွေ ခဏခဏမသောက်ပါနဲ့။ စွဲမသောက်ပါနဲ့။
(၉) နေ့စဉ်ဘဝမှာ စိတ်ဖိစီးမှု နည်းနိုင်သမျှနည်းအောင်နေပါ။

ဘယ်လိုအချိန်ဆို ဆရာဝန်ဆီ သွားပြရမလဲ?

သာမာန် လေထိုး ၊လေအောင့်တာလောက်ကတော့ ဆေးစားဆေးသောက်လိုက်ရင် ပျောက်ပေမယ့် ချက်ချင်း ဆေးကုသမှု ခံယူသင့်တာတွေလည်းရှိပါတယ်။ ကိုယ်ဗိုက်အောင့်တာလည်း ၁ရက်နဲ့ အထက် ဖြစ်နေမယ် ၊ နာလိုက်ပျောက်လိုက် မဟုတ်ဘဲ ဗိုက်ကတစ်ချိန်လုံး မခံမရပ်နိုင်အောင် အောင့်နေမယ်၊ ဗိုက်အောင့်တာ အပြင် ဖျားမယ်၊ နာမယ်၊ ပျို့အန်တာတွေရှိမယ်၊ ဝမ်းမည်းမည်းတွေသွားမယ်၊ ဝမ်းသွားရင်သွေးပါမယ်၊ ရုတ်တရက် ကိုယ်အလေးချိန်ကျသွားမယ်ဆိုရင်တော့ ပေါ့ဆမနေဘဲ ဆရာဝန်ဆီချက်ချင်းသွားသင့်ပါတယ်။