Blog Detail Pic

အိပ်ပျော်နေစဥ် သွားရည်ကျတတ်တဲ့အကျင့်ကို သက်သာစေဖို့

by | 29 Mar 2022

မနက်ခင်း အိပ်ရာနိုးလာတဲ့အချိန် ခေါင်းအုံးမှာ သွားရည်တွေ ပေကျံနေတာမျိုးကို လူတော်တော်များများ ကြုံဖူးကြပါလိမ့်မယ်။ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ ခရီးသွားလို့ပဲဖြစ်ဖြစ် တွေ့သွားရင် အနည်းနဲ့အများရှက်စရာကောင်းသလို ကျန်းမာရေးရှုထောင့်ကကြည့်ရင်လည်း ခွျတ်ယွင်းနေတယ်လို့ ယေဘုယျအားဖြင့် ယူဆလို့ရပါတယ်။


တစ်ညတစ်လေလောက် ဖြစ်တာဆိုရင် ပြဿနာမရှိပေမဲ့ ဒီအခြေအနေက ညတိုင်း နဲ့ အလွန်အကျွံဖြစ်လာမယ်ဆိုရင်တော့ ရောဂါတစ်ခုခုကြောင့် ဖြစ်နေနိုင်သလို အိပ်စက်မှုဆိုင်ရာ ပြဿနာတစ်ခုခုရှိနေနိုင်တာဖြစ်နိုင်ပါတယ်။ ဒီတော့ ဘာတွေကြောင့် အိပ်နေတုန်း သွားရည်ကျရတာလဲ။ ဘယ်လို သက်သာအောင် လုပ်ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။


အိပ်နေစဉ် သွားရည်ကျရတာက ဘာကြောင့် ဖြစ်ရတာလဲ?


အိပ်နေတဲ့အခါ မျက်နှာက ကြွက်သားတွေက ပြေလျော့သွားပါတယ်။ ဒီလို ပြေလျော့တာကြောင့် မျိုချတာတွေ၊ ထွေးထုတ်တာတွေကို မလုပ်တော့သလို ပါးစပ်ကို အနည်းငယ် ပွင့်စေပြီး သွားရည်တွေ ပါးစပ် အပြင်ဘက် ထွက်ကျမလာအောင် ထိန်းပေးတာမျိုးလည်း မရှိတော့ပါဘူး။ဒီတော့ အိပ်ပျော်နေစဉ်အတွင်း ပါးစပ်ထဲမှာ သွားရည်တွေ စုပုံလာပြီး ထိန်းထားနိုင်တဲ့ ပမာဏ ကျော်လာတဲ့အခါ ပါးစပ်ကနေတဆင့် ပြင်ပကို စီးကျလာတာပါ။


အိပ်နေစဉ် သွားရည်ကျစေရတဲ့ အကြောင်းအရင်းများ


အိပ်နေစဉ်မှာ သွားရည်ကျတာဟာ တအားအိပ်မောကျသွားလို့လို့ ယူဆကြတာ များပေမယ့် တကယ်တမ်းကတော့ အိပ်နေစဉ်မှာ သွားရည်ကျတာဟာ ဒီအချက်တွေကြောင့်လည်း ဖြစ်နေနိုင်ပါတယ်။


• တံထွေးတွေ အလွန်အကျွံထွက်တဲ့ ပြဿနာ ခံစားနေရတာ
• အာရုံကြောဆိုင်ရာ ရောဂါတစ်ခုခု ခံစားနေရတာ
• နှာခေါင်းပိတ်တာ
• အိပ်နေစဉ် အသက်ရှူရပ်တန့်တာ
• လေဖြတ်တာလိုမျိုး ကျန်းမာရေး ပြဿနာတွေ ရှိနေတာကြောင့်ပါ။


အိပ်နေစဉ်မှာ သွားရည်ကျတာကို သက်သာစေဖို့ဆိုရင်


ခေါင်းအုံးမြင့်မြင့် အုံးပါ။


အိပ်နေစဉ်မှာ ခေါင်းကို ခေါင်းအုံးမြင့်မြင့်လေး အုံးတာက အိပ်နေစဉ် သွားရည်ကျတာကို သက်သာစေနိုင်ပါတယ်။ ခေါင်းအုံးကို မအိပ်ခင်ကတည်းက ခပ်မြင့်မြင့်လေးဖြစ်အောင် ဂရုစိုက်ပြီး သက်တောင့်သက်သာဖြစ်အောင် အိပ်စက်ပါ။


အိပ်စက်မှုပုံစံ ပြောင်းလဲပါ။


အိပ်စက်မှုပုံစံ မမှန်တာကလည်း အိပ်နေစဉ်မှာ သွားရည်ကျတာကို ဖြစ်စေနိုင်ပါတယ်။ များသောအားဖြင့် မှောက်အိပ်သူတွေမှာ သွားရည်ကျတာက အဖြစ်များပါတယ်။ ဒါကြောင့် မှောက်မအိပ်ဘဲ ဘေးစောင်းအိပ်တာ၊ ပက်လက်အိပ်တာမျိုး အိပ်စက်ကြည့်ပါ။


နှာခေါင်းပိတ် မနေစေဖို့ ဂရုပြုပါ။


နှာခေါင်းပိတ်တာက သွားရည်ကျစေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုပါ။ နှာခေါင်းပိတ်တဲ့အခါ ပါးစပ်ကနေ အသက်ရှူရင်း သွားရည်ကျတာကို ဖြစ်စေပါတယ်။


ဒါကြောင့် နှာခေါင်းပိတ်နေတယ်ဆိုရင်
• ရေနွေးနဲ့ ရေချိုးတာ
• ဆားရည်နဲ့ နှာခေါင်းထဲ အစက်ချတာ
• ရေနွေးငွေ့ရှူတာမျိုး လုပ်ပေးပါ။


ကိုယ်အလေးချိန် ထိန်းပါ။


ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် ပိုများနေတာက အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။ အဝလွန်နေသူတွေက အိပ်နေစဉ်မှာ ပုံမှန်ထက် သွားရည်ပိုကျတတ်ပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်ကို ပုံမှန် အခြေအနေမှာ ထိန်းသိမ်းပါ။