Blog Detail Pic

ညစာစားနောက်ကျခြင်း ဆိုးကျိုးများ

by | 31 Mar 2022

ညဘက် ၁၀ နာရီ ၁၁ နာရီလောက် လူအိပ်ချိန်ကျမှ အစားထစားတဲ့ အဖွဲ့က သပ်သပ်ကိုရှိတာ။ ညသန်းခေါင်မှာ ထပြုတ်တဲ့ ခေါက်ဆွဲပြုတ်ကမှ ပိုပြီးအရသာရှိတယ်လို့ ထင်ကြတဲ့သူတွေပေါ့။ တကယ်တော့ ညဘက်ကြီး အစားထစားတာ၊ အစာစားချိန် နောက်ကျတာကသင့်ကျန်းမာရေးအတွက် ကောင်းကျိုးမရှိပါဘူး။ ဒါပေမယ့် ကမ္ဘာပေါ်က လူအများစုဟာ ညနေ ၆ နာရီနောက်ပိုင်းမှာ ညစာစား ကြတာများပါတယ်။


လေ့လာချက်တွေကတော့ အစာစားချိန်နောက်ကျပြီး ညဉ့်နက်တာ၊ မိုးချုပ်တာတွေဟာ ကိုယ်အလေးချိန် ပိုပြီး မြင့်တက်လာအောင် တွန်းအားပေးတယ်လို့ ဆိုကြပါတယ်။


အိပ်ရာဝင်ခါနီး ဒါမှမဟုတ် ညဘက်ရောက်မှ ညစာစားသူတွေဟာ အချိန်စောစော ညစာစားသူတွေထက် BMI ရမှတ်မှာ ၁.၃ မှတ်အထိ ကွာဟနေတတ်ပါတယ်။ BMI ၁.၃ အထိကွာဟတယ်ဆိုတာက အရပ် ၁၇၀ စင်တီမီတာရှိပြီး ညဘက် ညစာစောစောစားတဲ့လူတစ်ယောက်ဟာ ကိုယ်အလေးချိန် ပေါင် ၁၈၀ ပေါင်လေးမယ်ဆိုရင် သူနဲအရပ်တူ ညဘက်ညစာစားတဲ့သူတစ်ယောက်မှာတော့ သူ့ထက် ၇ ပေါင် ဝိတ်ပိုများနေမယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။


ညဉ့်နက်မှ ဒါမှမဟုတ် နောက်ကျမှ ညစာစားတဲ့အခါ အောက်ပါပြဿနာတွေကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒါတွေကတော့


• ကယ်လိုရီ လောင်ကျွမ်းနိုင်စွမ်း နှေးကွေးမယ်၊
• အိပ်ရာဝင်ရာမှာ ကောင်းမွန်စွာ အိပ်မပျော်အောင် နှောင့်ယှက်မယ်၊
• ညညရင်ပူပြီး ပြန်ပြန်နိုးတာတွေ ဖြစ်မယ်၊
• ဂလူးကို့စ်၊ အင်ဆူလင်နဲ့ ကိုလက်စထရောတွေ သွေးထဲမှာ များပြားလာမယ်၊
• အစာခြေရခက်မယ်၊
• ကိုယ်အလေးချိန်တက်မယ်၊
• ခန္ဓာကိုယ် မလန်းဆန်းတဲ့အတွက် စိတ်ကျန်းမာရေးကိုပါ ထိခိုက်စေမယ်၊
• သွေးတိုးဆီးချိုဖြစ်နိုင်ခြေများမယ်။


ယေဘုယျအားဖြင့်ဆိုရင် ညမိုးချုပ်ချိန်မှာ အစားမစားတာက ကောင်းမွန်တဲ့ အလေ့အထဖြစ်ပါတယ်။ ကိုယ်အလေးချိန်လျှော့ချဖို့၊ တစ်နေကုန်လန်းဆန်းကျန်းမာနေဖို့နဲ့ အိပ်စက်ရာမှာ နှစ်ခြိုက်စွာ အိပ်စက်နိုင်စေဖို့ ညစာကို အိပ်ချိန်နဲ့ ခပ်ခွာခွာလေး စားသင့်ပါတယ်။


ဗီတာမင် C ပါဝင်တဲ့ သစ်သီးဝလံတွေကို အနည်းအကျဉ်းစားတာမျိုးကိုတော့ အတန်အသင့်ပြုလုပ်လို့ရပါတယ်။ ဒါပေမယ့် သတိထားသင့်တာကတော့ အလွန်အကျွံစားတာမျိုး မပြုမူမိဖို့နဲ့ အရမ်းချဉ်တာတွေ မစားမိဖို့လည်း လိုအပ်တယ်ဆိုတာပါပဲ။


အချဉ်ဓာတ်ကဲတဲ့ အစားအစာတွေရဲ့ အများစုမှာ Citric Acid ပါဝင်နေတတ်ပြီး အိပ်ချိန်နဲ့နီးကပ်နေချိန်မှာ အလွန်ချဉ်တဲ့ အစားအစာစာတွေကို မှီဝဲစားသောက်တာက အစာအိမ်အချဉ်ပေါက်တာမျိုးကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ညအိပ်ယာဝင်ခါနီးမှာ ဘာမှမစားဖြစ်အောင် နေတာက ပိုကောင်းတဲ့နည်းလမ်းဖြစ်ပါတယ်။


အိပ်ခါနီးမှာ အစာစားတာဟာ လည်ချောင်းအတွင်းမှာ ချွဲတွေကို ခဲနေစေတတ်တာကြောင့် ပင်ပန်းနွမ်းနယ်တာတွေ၊ မောပန်းနွမ်းလျတာတွေလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အာဟာရဗေဒပညာရှင်တွေက အိပ်ချိန်နားကပ်နေရင် ချို၊ ချဉ်၊ ငံ၊ ခါး ဘာမှမစားဖို့ လမ်းညွှန်ကြတာပါ။


အကြမ်းဖျဉ်းအားဖြင့် အိပ်ရာဝင်ချိန်နဲ့ ညစာစားချိန်ကို ၃ နာရီလောက် ခြားထားပေးတာက နည်းလမ်းကောင်းဖြစ်ပြီး အကောင်းဆုံးနည်းလမ်းကတော့ ညနေ ၆ နာရီမတိုင်ခင်မှာ ညစာမစားတာပဲဖြစ်ပါတယ်။


တကယ်လို့ စားဖြစ်တယ်ဆိုရင်တောင်မှ အနည်းအကျဉ်းသာ မှီဝဲသုံးဆောင်စေချင်ပါတယ်။ ခုလိုပြုမူမယ်ဆိုရင် ဒါမှသာ အိပ်စက်ရာမှာလည်း အထောက်အကူဖြစ်စေမှာဖြစ်စေပြီး အိပ်ရာထချိန်မှာလည်း လန်းဆန်းတက်ကြွနေမှာ ဖြစ်ပါတယ်။