Blog Detail Pic

Bipolar ( စိတ်အတက်အကျမြန်စိတ်ဝေဒနာ )

by | 05 Apr 2022

ဒီနေ့ Mood မကောင်းဘူးလို့ ပြောတာ ကြားဖူးမှာပါ။ စိတ်ဆိုတာက ဒီလိုပါပဲ။ အမြဲတသမတ်တည်း မရှိနိုင်ပါဘူး။ တစ်ခါတလေ ပျော်တာမျိုး ရှိနိုင်သလို တစ်ခါတလေ စိတ်ကျနေတာမျိုး ရှိနေနိုင်ပါတယ်။ စိတ်အတက်အကျ ဖြစ်တတ်တာက ပုံမှန်ပါပဲ။ ဒါပေမယ့် နေ့စဉ်ဘဝကို ထိခိုက်နိုင်လောက်တဲ့ စိတ်အတက်အကျမျိုး ဖြစ်နေရင်တော့ ဒါကို Bipolar လို့ ခေါ်ပြီး စိတ်ရောဂါအဖြစ်သတ်မှတ်ပါတယ်။

Bipolar Disorder (စိတ်အတက်အကျမြန် စိတ်ဝေဒနာ) ကဘာလဲ။

Bipolar disorder ဆိုတာ စိတ်အတက်အကျ အရမ်းမြန်စေတဲ့ ပြင်းထန်ဆိုးရွားသော စိတ်ရောဂါတစ်ခု ဖြစ်ပါတယ်။ ဝေဒနာရှင်တွေ အနေနဲ့ အရမ်း ပျော်ရွှင်တက်ကြွနေရာကနေ ရုတ်တရက်ကြီး အလွန်အမင်း ဝမ်းနည်းသွားတာမျိုး ဖြစ်သွားလေ့ရှိပါလိမ့်မယ်။ ကြားထဲမှာတော့ ရံဖန်ရံခါ ဆိုသလို ပုံမှန်စိတ်အခြေအနေလည်း ရှိနေနိုင်ပါတယ်။


သင် စိတ်ဓါတ်ကျနေချိန်တွေမှာဆိုရင် အရာအားလုံးဟာ စိတ်ညစ်စရာ၊ မျှော်လင့်ချက်ကင်းမဲ့စရာ ဖြစ်နေမှာ ဖြစ်ပြီး နေ့စဉ် လုပ်ငန်းဆောင်တာတွေမှာလည်း စိတ်ပါဝင်စားခြင်း မရှိတော့ပါဘူး။ ဒါပေမယ့် စိတ်တက်ကြွချိန်ဆိုရင်လည်း သင်ဟာ အားအင်တွေပြည့်ဝပြီး စိတ်လှုပ်ရှားမှု အပြည့်နဲ့ ရှိနေတတ်ပါတယ်။ဒီရောဂါဟာ ဆယ်ကျော်သက်အရွယ် ကုန်ဆုံးခါနီး တဝိုက်မှာ စတင်ဖြစ်ပွားလေ့ရှိတယ်ဆိုပေမယ့် ကလေးတွေရော၊ အရွယ်ရောက်ပြီး လူကြီးတွေမှာပါ ဖြစ်ပွားနိုင်ပါတယ်။


စိတ်အတက်အကျမြန် ရောဂါရှင်တွေရဲ့ အနည်းဆုံး ထက်ဝက်လောက်ဟာ အသက် ၂၅နှစ်မတိုင်ခင်မှာ ရောဂါစတင် ခံစားရတာဖြစ်ပြီး ဘဝတလျှောက်လုံး ခံစားသွားရလေ့ရှိပါတယ်။

Bipolar Disorder (စိတ်အတက်အကျမြန် စိတ်ဝေဒနာ) ရဲ့လက္ခဏာတွေကဘာတွေလဲ

စိတ်အတက်အကျမြန်ရောဂါ ရှိနေပြီဆိုရင် ပြင်းထန်ပြီး ပုံမှန်မဟုတ်သော စိတ်ခံစားမှုတွေ ဖြစ်ပေါ်လေ့ရှိတဲ့ ကာလတွေကို ကြုံတွေ့ခံစားရမှာပါ။ သင့်ရဲ့ ပုံမှန် စိတ်ခံစားချက်တွေ၊အမူအကျင့်တွေနဲ့ များစွာ ကွာခြားတဲ့ အပြောင်းအလဲတွေကို ဒီလို ကာလတစ်ခုချင်းဆီမှာ ခံစားရပါလိမ့်မယ်။
အရမ်းပျော်ရွှင် စိတ်လှုပ်ရှားနေတဲ့ အချိန်ကာလကို “စိတ်ကြွချိန်”လို့ ခေါ်ပြီး အလွန်အမင်း စိတ်ဆင်းရဲ၊ ဝမ်းနည်း၊မျှော်လင့်ချက် ကင်းမဲ့နေတဲ့ ကာလကို “စိတ်ကျချိန်”လို့ ခေါ်ပါတယ်။


စိတ်ကြွချိန်မှာဆိုရင်


• အလွန်ပျော်ခြင်း ၊စိတ်လှုပ်ရှားခြင်း

• အလွန်ကို ဆတ်ဆတ်ထိမခံ ဖြစ်ခြင်း

• ပုံမှန်ထက် အစားအသောက် ပိုစားခြင်း

• အအိပ်အနေနည်းခြင်း

• ဇွတ်တရွတ်လုပ်ခြင်း၊အန္တရာယ်များတဲ့၊အပျော်အပါးနောက်လိုက်တဲ့ အမူအကျင့်တွေ ပေါ်လာခြင်း

• စကားပြော အရမ်းမြန်ခြင်း၊စကားပြောရင် တောင်ရောက်မြောက်ရောက် ဖြစ်နေခြင်း

• စဉ်းစားဆင်ခြင်နိုင်စွမ်း အားနည်းခြင်း ဆုံးဖြတ်ချက် တစ်ခုခုကို အလွယ်တကူ မချနိုင်ခြင်း

• နားထဲမှာ ထူးဆန်းတဲ့ အသံတွေ ကြားနေရခြင်း၊ တကယ်မရှိတဲ့ အရာတွေကို မြင်နေခြင်းတို့ကို ခံစားရတတ်ပြီး

စိတ်ကျချိန်မှာဆိုရင်


• အချိန်အတော်ကြာအောင် အလွန်အမင်း ဝမ်းနည်းနေခြင်း၊မျှော်လင့်ချက်တွေ ကုန်ဆုံး၊စိတ်ဓါတ်ကျနေခြင်း

• နေ့စဉ်လှုပ်ရှား သွားလာမှုတွေကို စိတ်မပါတော့ခြင်း

• အစားနည်းသွားခြင်း

• ငိုက်မျဉ်းပြီး အိပ်ချင်နေခြင်း

• သိမ်ငယ်စိတ်တွေ ဝင်နေခြင်း

• အာရုံမစူးစိုက်နိုင်ခြင်း

• သတ်သေချင်စိတ်တွေ တဖွားဖွား ပေါ်နေခြင်းတို့ကို ခံစားရနိုင်ပါတယ်။


စိတ်အတက်အကျမြန် ရောဂါ ဖြစ်ပေါ်စေတဲ့ အကြောင်းရင်း အတိအကျကို မသိရှိရသေးပေမယ့် ပါဝင်ပတ်သက်နိုင်တဲ့ အကြောင်းအရာလေးတွေတော့ ရှိနေပါတယ်။ ဒါတွေကတော့


• ဦးနှောက်တွင်း ဓါတ်ပစ္စည်းတွေ ပြောင်းလဲမှု။


• မျိုးဗီဇ ။ မိဘ၊ဒါမှမဟုတ် တခြား မိသားစုဝင်တွေမှာ ဒီရောဂါရှိမယ်ဆိုရင် သင့်ကို လက်ဆင့်ကမ်းပေးလာနိုင်ပါတယ်။

• လူမှုဆက်ဆံရေး အခြေအနေ။ လေ့လာသုတေသန ပြုချက်တွေအရ စိတ်အတက်အကျမြန်ရောဂါကို ဖြစ်စေတဲ့ လူမှု ပေါင်းသင်းဆက်ဆံရေးဆိုင်ရာ လွှမ်းမိုးမှုတွေ အများကြီး ရှိတယ်လို့ သိရှိရပါတယ်။


ဒီလွှမ်းမိုးမှုတွေကတော့ ငယ်စဉ် ကလေးဘဝမှာ စိတ်ဒါဏ်ရာ ရခဲ့တာတွေ၊ မိမိကိုယ်ကို ယုံကြည်တန်ဖိုးထားမှု မရှိတာတွေ ဒါမှမဟုတ် ချစ်ခင်မြတ်နိုးသူ တယောက်ယောက်ကို ဆုံးရှုံးလိုက်ရတာတွေ စသဖြင့် ဖြစ်ပါတယ်။