Blog Detail Pic

BBQ တွေ အသားကင်တွေရဲ့ နောက်ကွယ်က ဆိုးကျိုးများ

by | 06 Apr 2022

BBQ တွေ အသားကင်တွေ ကြိုက်ကြတဲ့သူတွေရှိလား? ခုရက်ပိုင်း အစားအသောက် Group တွေမှာ အသားကင်ဘူဖေးတွေ မူကထတွေအကြောင်း တော်တော်လေး ခေတ်စားနေတာကို တွေ့နေရပါတယ်။ ရသာမှုန့်တွေနဲ့ နှပ်ပြီးသား ကြက်သား၊ ဝက်သား၊ ပုဇွန်၊ ကင်းမွန်၊ ပြည်ကြီးငါး အစရှိတာတွေကို ပူပူနွေးနွေးကင်ပြီး ဆော့စ်ချဉ်ချဉ်စပ်စပ်လေးနဲ့ တို့စားရတာ တကယ်လည်း တော်တော်လေး အရသာရှိပါတယ်။ ဒါပေမဲ့ မီးဖိုပေါ် ကင်ထားတဲ့ အသားတွေရဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကိုရော သတိထားမိကြပါရဲ့လား။
၁။ အချို့သော ကင်ဆာရောဂါ ဖြစ်နိုင်ခြေတွေကို မြင့်မားစေပါတယ်။
မြင့်မားတဲ့ အပူချိန်တွေပေါ် ကင်တဲ့အခါ အစာရေမြိုပြွန် နဲ့ အူလမ်းကြောင်းဆိုင်ရာ ကင်ဆာတွေနဲ့ ဆက်စပ်နေတဲ့ သဘာဝ ဓာတ်ပစ္စည်းတွေ ထွက်ပေါ်လာပါတယ်။ ဒီ ဓာတုပစ္စည်းတွေဟာ မီးကျွမ်းသွားတဲ့အခါ ဒါမှမဟုတ် ကျပ်တိုက်ထားတဲ့အခါမှာ ထွက်လာတတ်တဲ့ ဓာတုပစ္စည်းတွေပါ။ ဒါကြောင့် အသားကင်တဲ့အခါမှာ မီးပေါ် တိုက်ရိုက်တင်ပြီး ကင်တာမျိုး မလုပ်ပါနဲ့။
၂။ သွေးတိုးနဲ့ ဆီးချိုတွေကို ဖြစ်စေနိုင်ပါတယ်။
နှပ်ပြီးသား အသားတွေက အန္တရာယ်များပါတယ်။ ပါဝင်ပစ္စည်းတွေထဲမှာ ဆားနဲ့ သကြားပမာဏ များများ ပါတတ်တာမို့ ဒါတွေကိုသာ စားမိရင် သွေးတိုး နဲ့ ဆီးချိုတွေ ဖြစ်နိုင်ခြေ မြင့်လာတော့တာပါပဲ။ ဒါကြောင့် ကင်မယ်ဆိုရင် ကိုယ်တိုင်သာ အသားကို အရသာ သွင်းပါ။ ရိုးရိုးရှင်းရှင်းလေး အရသာ သွင်းမယ်ဆိုရင်တော့ ရှာလကာရည် နဲ့ သံလွင်ဆီကို အရင်သုတ်ပါ။ ပြီးတော့ ကြိုက်နှစ်သက်ရာ ဟင်းရွက်၊ ကြက်သွန်ဖြူ၊ နာနတ်သီး စတာတွေနဲ့ အရသာ သွင်းပါ။ နယ်ထားတဲ့ အသားတွေကို ရေခဲသေတ္တာထဲ တစ်နာရီလောက် ထည့်ထားပြီး အရသာ ဝင်ပါစေ။ ပြီးမှ ကင်ပါ။
၃။ ဝမ်းချုပ်ပြီး အစာမကြေ ဖြစ်တတ်ပါတယ်။
ဒါကတော့ အဝစား ဘူဖေးဆိုင်တွေမှာ သွားစားပြီးရင် သိကြမှာပါ။ စားပြီးပြန်လာ၊ ညဘက်ကျ အစာမကြေဖြစ်တတ်တာဆိုတော့။ အသားတွေက ကျန်းမာရေးနဲ့ ညီတဲ့ စားစရာဖြစ်ပေမဲ့ အမျှင်ဓာတ်မပါတာကြောင့် အူလမ်းကြောင်း လှုပ်ရှားမှုတွေကို မကူညီပေးနိုင်ပါဘူး။ စားလိုက်တဲ့ အသားပမာဏ နဲ့ အသီးအရွက်၊ အသီးအနှံစတဲ့ အမျှင်ဓာတ်ကြွယ်တဲ့ စားစရာ ပမာဏကို မျှခြေ ညီအောင် မလုပ်နိုင်ရင် ဝမ်းချုပ်ပြီး အိမ်သာထဲ အချိန်ကုန်ရတော့မှာပါ။ ဒါကြောင့် အသားကင်စားမယ်ဆိုရင် အသီးအနှံနဲ့ အသီးအရွက်တွေကိုပါ ဝင်အောင်စားပါ။
၄။ အဝလွန်ခြင်းကို ဖြစ်စေပါတယ်။
ဟော့ဒေါ့ နဲ့ အသားချောင်းတွေမှာ ဗီတာမင်နဲ့ အမျှင်ပမာဏ အနည်းငယ်သာ ပါပြီး ဆားနဲ့ အဆီဓာတ်တွေသာ များများပါတာကြောင့် ဒါတွေကို မကြာခဏစားမယ်ဆိုရင် အဝလွန်ခြင်းနဲ့ နှလုံးသွေးကြော ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။
၅။ ကလေး ရနိုင်ခြေ နည်းစေပါတယ်။
နောက်ပြီး အသားကင်တွေမှာ ပါတဲ့ AGE က သားအိမ်ရဲ့ ဆဲလ်နံရံတွေကို ရောင်ရမ်းစေတာကြောင့် သန္ဓေသားကပ်တွယ်နိုင်ခြေကိုလည်း လျော့နည်းစေပါသေးတယ်။ အသားကင် များများစားလေလေ၊ AGE ဓာတ်နဲ့ ထိတွေ့တာ များလေလေဖြစ်ပြီး သန္ဓေအောင်နိုင်ခြေအတွက် စိန်ခေါ်မှုကြီး တစ်ခုကို ဖြစ်စေတော့တာပါပဲ။
အသားနဲ့ အသီးအရွက်ပမာဏ မျှတအောင်စားပြီး ကျန်းမာပျော်ရွှင်နိုင်ကြပါစေ။