Blog Detail Pic

တစ်ယောက်တည်းစကားပြောနေတတ်တာ စိတ်ရောဂါလား?

by | 28 Oct 2021

လူတိုင်းမဟုတ်တောင် အများစုကတော့ တစ်ယောက်တည်း ကိုယ့်ဘာသာ စကားပြောတာတွေ လုပ်ဖူးကြမှာပါ။ တချို့တွေပြောကြတာရှိတယ်။ ဒီလူ တစ်ယောက်တည်း စကားပြောနေတယ်။ ရူးသွားပြီလားပေါ့။ အဲလို အပြောခံရတာတွေ ကြုံဖူးမှာပါ။ အဲဒါက လူတွေအများကြီး ကိုယ့်ဘေးမှာ ရှိနေတဲ့အချိန် အသံကျယ်ကျယ်ပြောမိလို့ပါ။ လူတွေအများကြီးရှိနေတဲ့အချိန်တော့ စိတ်ထဲကနေပဲ ပြောပေါ့နော်။ အိမ်မှာတစ်ယောက်တည်းရှိတဲ့အချိန်၊ အိမ်သာတက်နေတဲ့အချိန်၊ လူတွေအိပ်နေတဲ့အချိန် ကိုယ့်အခန်းထဲအိပ်ရာပေါ်မှာ တစ်ယောက်တည်း ကိုယ့်ဘာသာ စကားပြောနေတဲ့ အခိုက်အတန့်တွေ ရှိဖူးမှာပါ။ တစ်ချို့ဆို အဲလို တစ်ယောက်တည်းပြောနေတတ်တာ အကျင့်လိုကိုဖြစ်နေတာ။ သူများတွေပြောသလိုပဲ တစ်ယောက်တည်း စကားပြောတဲ့သူတွေက တကယ်ပဲ စိတ်ရောဂါဝေဒနာရှင်လား?

သုတေသီတွေရဲ့ လေ့လာချက်အရ ကိုယ့်ကိုယ်ကို စကားပြောလေ့ရှိတဲ့ သူတွေက စိတ်ဝေဒနာရောဂါရှိလို့ မဟုတ်ဘဲ ဉာဏ်ရည်ထက်မြက်တဲ့ သူလေးတွေပဲ ဖြစ်ပါတယ်တဲ့။ နာမည်ကြီးသိပ္ပံညာရှင်ဖြစ်တဲ့ အိုင်းစတိုင်းဆိုရင်လည်း တစ်ယောက်တည်း စကားတိုးတိုးလေး ပြောနေတတ်တဲ့ သူပါတဲ့။ သင့်သူငယ်ချင်းတွေထဲမှာလည်း ဖွင့်မပြောကြတာသာရှိမယ်။ ကျိတ်ပြီး ကိုယ့်ကိုယ်ကို စကားပြောနေတတ်တဲ့ သူတွေ အများကြီး ရှိနိုင်ပါတယ်နော်။
တစ်ယောက်တည်း စကားပြောနေတတ်တာက ဘေးလူအနေနဲ့ ကြည့်ရင် ကြောင်တောင်တောင်နိုင်တယ်ဆိုပေမဲ့ တကယ်တော့ သူကလည်း ကောင်းကျိုးတော်တော်များများကို သင့်အတွက် ယူဆောင်လာပေးနိုင်ပါတယ်။ ဘယ်လိုမျိုး အကျိုးကျေးဇူးတွေ ရနိုင်လည်းဆိုတာ ဖတ်ကြည့်လိုက်ကြရအောင်။

၁ ။ တစ်ယောက်တည်းစကားပြောခြင်းဖြင့် ကိုယ့်ကိုကိုယ် ပြန်ပြီးအားပေးရာရောက်တယ်။

အခက်အခဲတွေကြုံနေရတဲ့အချိန်၊ အားပေးမယ့် သူတွေမရှိတဲ့အချိန်၊ တစ်ယောက်တည်းရှိနေချိန်မှာ “ငါလုပ်နိုင်တယ် ငါကျော်ဖြတ်နိုင်တယ် အေးဆေးပဲ” ဆိုပြီး စိတ်ထဲမှာတင်ပြောတာမဟုတ်ဘဲ ပါးစပ်ကပါ ထုတ်ပြောလိုက်တော့ ကိုယ့်အသံကိုယ်ပြန်ကြားပြီး အားတက်သွားဖူးတယ်မလား။ ပြီးတော့ အဲ့လိုလုပ်ခြင်းက ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးစေပြီးတော့ အားကိုးတတ်လာစေပါတယ်။ ပြသနာတစ်ခုဖြစ်လာရင် သင့်ရဲ့ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေကို သွားအကူအညီတောင်းမယ့်အစား သင်က မိမိကိုယ်ကို ပြန်အားပေးနိုင်တဲ့အရည်အချင်းရှိတာမလို့ တော်ရုံလူတွေထက် ပြသနာဖြေရှင်းနိုင်စွမ်းပိုကောင်းပြီး ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်လာတဲ့ လူတစ်ယောက်ဖြစ်ပါတယ်။

၂ ။ ဦးနှောက်ကိုလည်း အဆက်မပြတ် အလုပ်ပေးနေတယ်။

သင်ဈေးသွားဝယ်တဲ့အခါမှာ ဝယ်ရမယ့်ပစ္စည်း၊ လုပ်စရာရှိတဲ့ကိစ္စတွေကို ထပ်တလဲလဲရွတ်ဖြစ်တာမျိုး ကြုံဖူးမှာပါ။ စျေးဝယ်ရတာတွေ များတဲ့အခါ ဝယ်ရမယ့်ပစ္စည်းကျန်ခဲ့တာ ရှာရခက်တာတွေ ဖြစ်တတ်ပါတယ်။ အဲ့လိုအခြေအနေမှာ စိတ်ထဲကနေ မှတ်ထားပြီး လိုက်ရှာနေမယ့်အစား ပါးစပ်ကနေ “ပေါင်မုန့် ပေါင်မုန့် ဘယ်နားမှာလဲ ဟော တွေ့ပြီ” “ ဆပ်ပြာမှုန့်လည်း ဝယ်ရဦးမယ် တေ်ာသေးလို့ မေ့တော့မလို့” ဆိုပြီး တစ်ကိုယ်တည်းကြားရုံ တိုးတိုးပြောလိုက်တာက ဦးနှောက်ကို အဆက်မပြတ် အလုပ်ပေးရာရောက်တယ်။ ကျောင်းနေတုန်းက စာကျက်ရင် ပါးစပ်က အသံထွက်ပြီး ကျက်ရင် ပိုမှတ်မိသလိုပေါ့။

၃ ။ စိတ်ခံစားချက်တွေကို ဖွင့်ချနိုင်လို့ ပေါ့ပါးသွားစေတယ်။

တစ်ယောက်ယောက်က ကိုယ့်အပေါ် အနိုင်ကျင့် ဆူဆဲတယ်ဆိုပါစို့။ အဲ့ဒီလူကလည်း ကိုယ်ပြန်ခံပြောလို့မရတဲ့ လူတစ်ယောက် ဉပမာ ကိုယ့်အထက်လူကြီး ဖြစ်နေမယ်ဆိုရင် ကိုယ်ကတစ်နေရာကိုသွားပြီး အဲ့လူအပေါ် မကျေနပ်ချက်တွေကို တစ်ယောက်တည်း ပွစိပွစိ ပြောပစ်လိုက်တာမျိုး လုပ်ဖူးကြတယ်မလား။ ပြီးတော့ လိုင်းပေါ်မှာပဲဖြစ်ဖြစ် အပြင်မှာပဲဖြစ်ဖြစ် အကြိတ်အနယ် ငြင်းကြခုန်ကြတဲ့အချိန်တုန်းက ကိုယ်က စိတ်တိုနေတာကြောင့် ကောင်းကောင်းမွန်မွန် ထိထိမိမိ မပြောလိုက်နိုင်တာတွေကို ရေချိုးခန်းထဲမှာ ရေချိုးနေတုန်း ငါ ဘယ်လိုနိုင်အောင် ပြန်ပြောလိုက်ရမှာဆိုပြီး တစ်ယောက်တည်း ဆက်ပြောနေတတ်မယ်မလား။ အဲလို လုပ်လိုက်တာက ခံစားနေရတဲ့ မကျေနပ်ချက်တွေ၊ ပြောချင်တာတွေ မပြောလိုက်ရလို့ နောင်တရတဲ့စိတ်တွေကို လျော့သွားနိုင်ပါတယ်။

၄ ။ ကိုယ့်ကိုယ်ကို ပိုပြီး ထိန်းချုပ်နိုင်လာတယ်။

တချို့ အတွေ့အကြုံတွေ စိတ်ခံစားချက်တွေက ကိုယ်နဲ့ အရင်းနှီးဆုံး ယုံကြည်ရတဲ့သူတွေကိုတောင် ထုတ်ပြောဖို့ အဆင်မပြေတာတွေ ရှိတတ်ပါတယ်။ ရင်ဖွင့်ပြောပြစရာ လူမရှိဘဲ တစ်ယောက်တည်း အတွေးတွေ လွန်ပြီး လိုအပ်တာထက် စိတ်ပူပန်တာတွေ၊ စိတ်ဖိအားများတာဖြစ်လာပြီး ပိတ်မိနေသလို ခံစားရတတ်ပါတယ်။ အဲ့အချိန်ဆို တစ်ယောက်တည်း စကားပြောတတ်သူတွေက “ ငါ ဘာတွေလုပ်နေတာပါလိမ့်။ ကဲခေါင်းအေးအေးထား၊ ဒီလိုလုပ်ကြည့်၊ အဆင်မပြေရင်လည်း နောက်တစ်မျိုးပြောင်းပေါ့။ ဒီတစ်ခါ အဆင်မပြေလည်း နောက်ထပ်အခွင့်အရေးတွေ ရှိဉီးမှာပဲ” အဲလိုပြောလိုက်တာက ကိုယ်ဘာတွေးနေတယ် ကိုယ်ဘာလုပ်ချင်တယ်ဆိုတဲ့ လမ်းစပြန်ပေါ်လာတာယ်။ ခေါင်းကိုရှင်းပေးဖို့ ကိုယ့်ဘာသာ သတိပေးလိုက်သလိုလည်း ဖြစ်သွားတယ်။ ထုတ်မပြောဘဲ ခေါင်းထဲမှာပဲ တစ်ချိန်လုံးတွေးနေတာ၊ စာရွက်ပေါ်မှာ ချရေးတာထက် အလုပ်ဖြစ်တာမလို့ ကိုယ့်ကို တစ်စုံတစ်ယောက်က လာပြောနေသလိုမျိုးလေး တစ်ယောက်တည်း စကားပြောနေခြင်းက သင့်ကို ပိုပြီး စိတ်သက်သာရာရစေမှာပါ။

၅ ။ ပြောရမည့်စကားတွေ အဆင်ချောသွားတယ်။ မှတ်ညဏ်ကောင်းစေတယ်။

လူအများကြီးရှေ့မှာ ကိုယ်က ဉပမာ မိန့်ခွန်းပြောတာဖြစ်ဖြစ် အချက်အလက်တွေ ရှင်းပြရမယ့်သူဆိုရင် “ ပွဲမဝင်ခင် အပြင်ကကျင်းပ” ဆိုတဲ့အတိုင်း ကိုယ်ပြောနေရမည့်စကားတွေကို တစ်ယောက်တည်း မှန်ရှေ့မှာ ပြောကြည့်လိုက် လမ်းသွားရင်းပြောလိုက် ဖုန်းနဲ့ အသံသွင်းပြီး ပြောလိုက် စသဖြင့် ပြောပေးနေမယ်ဆိုရင် စင်ပေါ်ကျရင် အထစ်အငေါ့မရှိ ခေျာချောမွေ့မွေ့ ပြောနိုင်သွားမှာပါ။ အာရုံစူးစိုက်ရတာလည်း ပိုကောင်းသွားတယ်။ မှတ်လည်း မှတ်မိသွားတယ်။ ကိုယ့်အသံကို ပြန်ကြားနေရတော့ အာရုံမပြန့်တော့ဘူးပေါ့။

၆။ ကိုယ့်အကြောင်းကို ပိုသိလာတယ်။

"နေပါဦး ငါက ဘာလို့ ဒါကို အရမ်း လုပ်ချင်နေတာလဲ? သူက ငါ့ကို ဘာလို့ စိတ်ဆိုးသွားတာလဲ" စသဖြင့် မေးခွန်းလေးတွေလည်း ကိုယ့်ကိုယ်ကို ပြန်မေးတတ်ကြမှာပါ။ ပုံမှန်ဆို ခေါင်းထဲမှာ ခဏလောက် တွေးမိတတ်ပေမဲ့ ဖာသိဖာသာ ဆက်မစဉ်းစားတော့တာ များပါတယ်။ ဒါပေမဲ့ ပါးစပ်က ထုတ်ပြောလိုက်ရင်တော့ ထူးဆန်းစွာဘဲ အဖြေကို ဆက်စဉ်းစားတတ်ကြပါတယ်။ အဲဒီအကျင့်က အလုပ်ခွင်ဝင်တဲ့အခါ အင်မတန် အသုံးတည့်ပါတယ်။ အလုပ်အင်တာဗျူးဖြေတဲ့အခါ ကိုယ်သာ အလုပ်ရှင်ဆိုရင် ဘယ်လိုမေးခွန်းတွေ မေးမလဲ? ငါက ဘာလို့ ဒီရာထူးနဲ့ သင့်တော်တာလဲ? ငါ့ရဲ့ အားသာချက်တွေက ဘာလဲ? အစရှိသဖြင့် ကိုယ့်အကြောင်းကို ပိုသိထားခြင်းက သင့်ကို အလုပ်ပြိုင်လျှောက်ကြတဲ့အခါ နှာတစ်ဖျားသာစေမှာ အသေအချာပါပဲ။

ခုပြောခဲ့တာတွေကတော့ တစ်ယောက်တည်း စကားပြောတတ်ခြင်းရဲ့ ကောင်းကျိုးတွေဖြစ်တယ်။ ကိုယ်ကလည်း တစ်ယောက်တည်း စကားပြောတတ်တဲ့ အထဲပါနေရင်တော့ ရူးနေတာမဟုတ်ဘဲ ဉာဏ်ကောင်းတဲ့သူတစ်ယောက်ဖြစ်လို့ ဝမ်းသာလိုက်တော့နော်။