Blog Detail Pic

အဝလွန်ခြင်းရဲ့ ဆိုးကျိုးများ

by | 08 Apr 2022

အဝလွန်ခြင်း ဆိုတာ ကိုယ်ခန္ဓာမှာ အဆီဓာတ်တွေ အန္တရာယ်ရှိလောက်အောင် စုပုံလာခြင်းပဲ ဖြစ်ပါတယ်။ နောက်ဆက်တွဲပြဿနာတွေ အများကြီးရှိပါတယ်။ အဆီဓာတ်များလာခြင်းဟာ အရိုးနဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေအပေါ် ဖိအားဖြစ်စေရုံသာမဟုတ်ဘဲ ဟော်မုန်းနဲ့ ဇီဝဖြစ်ပျက်နေမှုတွေကိုလည်း သက်ရောက်မှုရှိပါတယ်။


အဝလွန်ခြင်းဆိုတာ ကိုယ်ခန္ဓာရဲ့ BMI ညွှန်ကိန်းဟာ ၃၀ နဲ့အထက် ရှိနေခြင်းကို ဆိုလိုပါတယ်။ အရပ်အမြင့်နဲ့ ကိုယ်အလေးချိန်ကို အချိုးချတွက်ချက်ခြင်း ဖြစ်ပါတယ်။


အဝလွန်မယ်ဆိုရင် အောက်ပါပြဿနာတွေ ရှိလာနိုင်ပါတယ်။ တမျိုးထက်ပိုပြီးလည်း ကြုံရနိုင်ပါတယ်။


၁။ အမျိုးအစား ၂ ဆီးချို


သွေးတွင်းသကြားဓာတ်ဟာ ပုံမှန်ထက်ပိုမြင့်နေရင် အမျိုးအစား ၂ ဆီးချို ဖြစ်တတ်ပါတယ်။ အဲဒီကတဆင့် အချိန်ကြာလာတာနဲ့အမျှ နှလုံးရောဂါ၊ အာရု့ကြောထိခိုက်ခြင်း၊ လေဖြတ်ခြင်း၊ ကျောက်ကပ်ရောဂါ၊ အမြင်အာရုံပြောင်းလဲခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ အဝလွန်နေပြီဆိုရင် ကိုယ်အလေးချိန်ရဲ့ ၅-၇ ရာခိုင်နှုန်းလောက်ကို လျှော့ချပြီး လေ့ကျင့်ခန်း ပုံမှန်လုပ်သင့်ပါတယ်။ ဒါဟာ အမျီုးအစား ၂ ဆီးချိုဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။


၂။ နှလုံးရောဂါ


အဝလွန်သူတွေမှာ နှလုံးရောဂါ ဖြစ်လွယ်ပါတယ်။ အဆီဓာတ်များဟာ နှလုံးသွေးကြောတွေထဲမှာ စုဝေးလာတတ်ပြီး သွေးကြောတွေကို ကျဉ်းမြောင်းလာစေပါတယ်။ အကျိုးမပြုတဲ့ LDL ကိုလက်စထရော၊ သွေးတွင်းသကြားဓာတ်တွေများလာပြီး သွေးပေါင်ချိန် တက်လာစေပါတယ်။ နှလုံးသွေးကြောတွေ မာကြောကျဉ်းမြောင်းလာတဲ့အတွက် နှလုံးထိခိုက်ခြင်း heart attack ဖြစ်စေပါတယ်။ သွေးခဲရင် လေဖြတ်နိုင်ပါတယ်။


၃။ လေဖြတ်ခြင်း


လေဖြတ်ခြင်းနဲ့ နှလုံးရောဂါဟာ ဖြစ်နိုင်ခြေပုံစံတွေ ဆင်တူပါတယ်။ ဦးနှောက်ကိုသွားတဲ့ သွေးကြောမှာ သွေးပြတ်တောက်ရင် လေဖြတ်နိုင်ပါတယ်။ လေဖြတ်ခြင်းကြောင့် ဦးနှောက်တစ်သျှူးတွေ ပျက်စီးပြီး စကားပြောမပီခြင်း၊ ကြွက်သားများ အားနည်းခြင်း၊ လမ်းမလျှောက်နိုင်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။


၄။ အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်း


အဝလွန်သူများဟာ လည်ပင်းမှာ အဆီတွေများပြီး အသက်ရှူလမ်းကြောင်းကို ကျဉ်းသွားစေနိုင်ပါတယ်။ လေပြွန်ကျဉ်းသွားတဲ့အခါ ဟောက်ခြင်း၊ အသက်ရှူရခက်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ ကိုယ်အလေးချိန်လျှော့ချခြင်းက ဒီပြဿနာကို သက်သာစေပါတယ်။


၅။ သွေးတိုးခြင်း


ကိုယ်ခန္ဓာထဲမှာ အဆီတစ်သျှူးတွေများလာရင် အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေ ပိုမိုလိုအပ်လာပါတယ်။ သွေးလည်ပတ်မှုကို ပိုမိုလုပ်ဆောင်လာရပါတယ်။ ဒါကြောင့် နှလုံးဟာ သွေးကိုညှစ်ထုတ်ဖို့ ပိုမိုအားစိုက်ရပါတယ်။ အဲဒီအခါ ဖိအားတိုးလာပြီး သွေးတိုးခြင်းကို ဖြစ်ပေါ်စေပါတယ်။ အချိန်ကြာလာတာနဲ့အမျှ သွေးတိုးခြင်းဟာ နှလုံးနဲ့ သွေးလွှတ်ကြောတွေကို ထိခိုက်ပျက်စီးလာစေပါတယ်။


၆။ အသည်းရောဂါ


အဝလွန်သူများဟာ အသည်းအဆီဖုံးရောဂါဖြစ်နိုင်ခြေ များပါတယ်။ အဆီပိုတွေဟာ အသည်းထဲမှာ သွားရောက်စုဝေးရင် ဖြစ်တတ်ပါတယ်။ အသည်းတစ်သျှူးတွေ ပျက်စီးသွားပြီး အမာရွတ်တွေပြည့်လာာရင် အသည်းခြောက်ခြင်း ဖြစ်လာပါတယ်။ အသည်းအဆီဖုံးခြင်းဟာ ရောဂါလက္ခဏာမပြတတ်ပါဘူး။ ဒီရောဂါကို ကာကွယ်ဖို့ ကိုယ်အလေးချိန်လျှော့ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ အရက်ရှောင်ခြင်း စတဲ့နည်းလမ်းတွေ ကျင့်သုံးသင့်ပါတယ်။


၇။ သည်းခြေအိတ်


သည်းခြေအိတ်ထဲမှာ သည်းခြေများကို သိုလှောင်ထားပြီး အစချေဖျက်ချိန်မှာ အူသိမ်ထဲကို ထုတ်လွှတ်ပေးပါတယ်။ သည်းခြေဟာ အဆီကိုချေဖျက်ပေးပါတယ်။ အဝလွန်လာရင်တော့ သည်းခြေထဲမှာ ကိုလက်စထရောတွေများလာပြီး သည်းခြေအိတ်လည်းကြီးလာပါတယ်။ အလုပ်ကောင်းကောင်းမလုပ်တော့ဘဲ သည်းခြေကျောက်တွေ ဖြစ်လာစေပါတယ်

အမျှင်ဓာတ်များတဲ့ အစားအစာတွေ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီဓာတ်တွေစားရင် သည်းခြေကျောက်မဖြစ်နိုင်အောင် ကာကွယ်ပေးနိုင်ပါတယ်။


၈။ ကင်ဆာရောဂါအချို့


အဝလွန်ခြင်း ကြောင့် ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ၊ ပန်ခရိယကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ သားအိမ်ကင်ဆာ၊ သားဥအိမ်ကင်ဆာ စတဲ့ကင်ဆာရောဂါတွေ ဖြစ်နိုင်ခြေ မြင့်တက်တယ်လို့ ဆိုပါတယ်။


၉။ စိတ်ကျခြင်း


အဝလွန်ခြင်း နဲ့ ဆက်နွယ်ပြီး စိတ်ဓာတ်ကျခြင်းပါ ဖြစ်တတ်ပါတယ်။ ခွဲခြားခံရခြင်းကြောင့် စိတ်ဓာတ်ကျမိတာ ရှိသလို မိမိကိုယ်ကို အားမရဖြစ်ပြီး စိတ်ကျနိုင်တာလည်း ရှိပါတယ်။ စိတ်ကျရင် အစားအသောက် ပိုစားဖြစ်ပြီး ပိုဆိုးလာနိုင်ပါတယ်။ လိုအပ်ရင် နှစ်သိမ့်ဆွေးနွေးမှုခံယူသင့်ပါတယ်။ စိတ်ကျချိန်မှာ လုပ်ဆောင်သင့်တဲ့ နည်းလမ်းတွေကို ရှာဖွေဆောင်ရွက်သင့်ပါတယ်။