Blog Detail Pic

ဆေးလိပ်ဖြတ်ဖို့ Vape သောက်သင့်လား

by | 22 Apr 2022

အခုခေတ် လူငယ်တော်တော်များဟာ ဆေးလိပ်ထက် Vape ကိုပိုသောက်လာကြတာ တွေ့ရပါတယ်။ ဒါပေမယ့် Vape က ဆေးလိပ်လောက်မဆိုးဘူး၊ ကျန်းမာရေးရောဂါလည်း ကင်းတယ်ဆိုတာကော တကယ်လား? ဒါဆို Vape ရဲ့ အကြောင်း၊ Vape မှာ ဘာတွေပါဝင်သလဲ ဆိုတာ ဖတ်ကြည့်ကြရအောင်

၁။ပုံမှန်ဆေးလိပ်နဲ့ ဘာကွာလဲ

ပုံမှန်ဆေးလိပ် နဲ့ ထူးမခြားနား Vaping device တွေမှာလည်း နီကိုတင်းဓာတ်ပါပါတယ်။ မတူတာက ပုံမှန်ဆေးလိပ်က ဆေးရွက်ကြီးကို လောင်ကျွမ်းခြင်းဖြင့် နီကိုတင်းဓာတ်ရရှိပြီး Vaping device တွေမှာက e-liquid ဆိုတဲ့ အရည်ကို အပူပေးအငွေ့ခံခြင်းဖြင့် နီကိုတင်းဓာတ်ကို ရရှိပါတယ်။

၂။ ပုံမှန်ဆေးလိပ်လိုပဲ စွဲတတ်လား

နီကိုတင်းဓာတ်က ဘိန်း၊ကိုကင်းတို့လိုပဲ စွဲလမ်းစေတဲ့ အာနိသင်ရှိပါတယ်။ E cigarette အများစုမှာ နီကိုတင်းဓာတ် မြင့်မားစွာပါဝင်တာကြောင့် စွဲဖို့လွယ်သလို ဖြတ်ဖို့ ခက်တာလည်း အမှန်ပါပဲ...

၃။ပုံမှန်ဆေးလိပ်ထက် အန္တရာယ်ကင်းလား

ဆေးရွက်ကြီးကို လောင်ကျွမ်းခြင်းကြောင့် ရရှိတဲ့ ဆိုးကျိုးတွေက E cigarettes မှာ မရှိတဲ့အတွက် ဆေးလိပ်ထက်စာရင် အန္တရာယ်ကင်းတယ်ဆိုပြီးပြောကြပါတယ်။ ဒါပေမယ့် နောက်ပိုင်းစစ်တမ်းတွေအရ E cigarettes တွေဟာလည်း သောက်သုံးသူအပြင် တဆင့်ခံရှုမိသူတွေမှာပါ ဆိုးကျိုးတွေရှိတယ်ဆိုတာတွေ့လာရပါတယ်။

၄။ Nicotine-free E cigarettes တွေသုံးရင်ရော

Nicotine-free ဖြစ်ပေမယ့်လည်း E cigarettes တွေမှာ ပါတဲ့ liquid မှာ အန္တရာယ်ဖြစ်စေတဲ့ ဓာတ်ပေါင်းတွေ ပါရှိပါတယ်။ဒါတွေက ကင်ဆာ၊ ကလေးမရနိုင်ခြင်းစတာတွေ အပြင် အဆုတ်ပျက်စီးမှုတွေပါ ဖြစ်စေနိုင်ပါတယ်။

၅။ Vape ပြောင်းသောက်တာက ဆေးလိပ်ဖြတ်ဖို့အတွက် အကောင်းဆုံးနည်းလမ်းလား ??

ဆေးလိပ်ဖြတ်တဲ့နေရာမှာ အထောက်အကူတခုအနေနဲ့ သုံးစွဲလို့ ရပေမယ့် အကောင်းဆုံးနည်းလမ်းတော့မဟုတ်ပါဘူး။
တချို့သူတွေမှာ ဆေးလိပ်ဖြတ်ဖို့သုံးတာကနေ နှစ်ခုလုံးစွဲတဲ့အခြေအနေမျိုးထိဖြစ်တာတောင် တွေ့ရပါတယ်။

၆။ Vaping ရဲ့ ကျန်းမာရေးဆိုးကျိုးများ

E cigarettes တွေဟာ နီကိုတင်းဓာတ်အပြင် နှလုံး ၊ အဆုတ်၊ သွေးလည်ပတ်မှုလမ်းကြောင်း စတာတွေကို ထိခိုက်နိုင်တဲ့ ဓာတ်ပစ္စည်းတွေပါ ထွက်စေတယ်လို့ တွေ့ရှိချက်တွေက ဖော်ပြလာပါတယ်။ နောက်တခုကတော့ သွားနဲ့ ခံတွင်းကျန်းမာရေးပါ
Vape သောက်တဲ့ လူတွေမှာ သွားဖုံး၊လည်ချောင်းပြသာနာ ခံစားရနိုင်တဲ့အပြင် သွားကြွေလွှာပျက်စီးခြင်း၊ သွားပိုးစားခြင်းဖြစ်နိုင်ချေပိုများတတ်ပါတယ်။

၇။ Vaping နဲ့ ပတ်သတ်ပြီး သတိထားသင့်တဲ့အချက်♨️

ကိုယ်ဝန်ဆောင်နှင့်ကလေးသူငယ် တွေဟာ Vape လုံးဝမသောက်သုံးသင့်ပါဘူး။Vaping device တွေမှာ ပါတဲ့ အရည်ဟာ အဆိပ်ဖြစ်စေပြီး သေစေနိုင်တဲ့အတွက်ကြောင့် မတော်တဆမျိုချမိတာ သောက်မိတာမျိုး မဖြစ်အောင် ဆင်ခြင်ဖို့လိုပါတယ်။
Vaping device တွေကို မိမိဘာသာပြုပြင်ပြောင်းလဲမှုတွေ မလုပ်ဖို့လည်း အရေးကြီးပါတယ်။

🚫ဒါကြောင့် အကောင်းဆုံးနည်းလမ်းကတော့ မူးယစ်ဆေးဝါး အကုန်ရှောင်တာပါပဲ။