Blog Detail Pic

ညဘက်သွားကြိတ်တတ်ခြင်း

by | 10 May 2022

ညဘက်အိပ်ပျော်နေတဲ့အချိန် သွားကြိတ်ခြင်းဖြစ်တတ်တဲ့သူအများစုဟာ ကိုယ့်ဘာသာ ဖြစ်လို့ ဖြစ်နေမှန်း မသိတတ်ကြပါဘူး။ ကိုယ်နဲ့အတူအိပ်တဲ့ မိသားစုဝင်တွေ ပြောမှသာ သိရှိကြတတ်တာမျိုးပါ။ တစ်ခါတစ်ရံတော့ အိပ်ရာနိုးတဲ့အချိန် သွားတွေ ကျိန်းနေတာတွေ၊ မေးရိုးအဆစ်တွေနာနေတာ ညောင်းနေတာတွေ ခံစားရတတ်ပေမယ့် သွားကြိတ်တာကြောင့် အဲ့လိုခံစားနေရတာဆိုတာကို သတိပြုမိတဲ့သူလည်း ရှားပါတယ်။ သွားဆေးခန်းကို တစ်ခြားရောဂါနဲ့သွားပြရင်း သွားတွေ အချင်းချင်းကြိတ်ထားပြီး ပြုန်းတီးနေတာတွေကို သွားဆရာဝန်က သတိပြုမိပြီး ပြောပြမှသာ သိရှိတဲ့သူတွေ တစ်ပုံကြီးပါ။

ညဘက်အိပ်နေတုန်း သွားကြိတ်တဲ့ အဓိကအကြောင်းရင်းကတော့ စိတ်ဖိစီးမှုပါ။ အလုပ်ခွင်မှာ စိတ်ပင်ပန်းတာတွေ၊ လူမှုရေး စီးပွားရေး အခြားနယ်ပယ်အသီးသီးမှာ စိတ်ဖိစီးမှုတွေများလာရင် ညဘက်အိပ်ပျော်နေတဲ့အခါမှာ မသိစိတ်ရဲ့စေခိုင်းချက်အရ သွားတွေက အချင်းချင်းဖိကြိတ်တတ်ကြပါတယ်။ ကာယကံရှင်က မသိပေမယ့် ဘေးကကြားနေရတဲ့သူအဖို့တော့ ကျလွိ ကျလွိ နဲ့ ကြက်သီးထစရာကောင်းပါတယ်။

ညဘက်သွားကြိတ်တာကို သက်သာစေချင်ရင်တော့ ပင်ပန်းတယ် စိတ်ဖိစီးမှုများတယ် လို့ ခံစားရတဲ့နေ့တွေမှာ Vitamin C ပါတဲ့ အားဆေးတွေ သောက်ပေးလို့ရပါတယ်။ မိမိပြသနေကျ သွားဘက်ဆိုင်ရာ ဆရာဝန်ထံမှာ night guard လို့ ခေါ်တဲ့ အံကပ်အကြည်လေးတွေ ပြုလုပ်ပြီး ညအိပ်ချိန်မှာ တပ်အိပ်ပေးလို့ရပါတယ်။ အသေးစိတ်ကိုတော့ သွားဘက်ဆိုင်ရာ ဆရာဝန်က ညွှန်ကြားပေးပါလိမ့်မယ်။ ညဘက်သွားကြိတ်ခြင်းဟာ အရမ်းပြင်းထန်ဆိုးဝါးတဲ့ ရောဂါကြီးတစ်ခုမဟုတ်ပေမယ့် ဂရုမစိုက်ဘဲ ပစ်ထားရင် အချိန်ကြာလာတဲ့အခါ သွားသွားချင်း ပွတ်တိုက်တဲ့နေရာတွေက ပြုန်းတီးပြီး သွားကျင်လာတာတွေ မေးရိုးနာလာတာတွေ ခံစားရတတ်တာမို့ သတိပြုစေချင်ပါတယ်။