Blog Detail Pic

စိတ်ညစ်တိုင်း စားနေတော့မှာလား

by | 29 Oct 2021

လူ့ခန္ဓာကိုယ်ရဲ့ ပင်မစွမ်းအင်အရင်းအမြစ်ကို စားသောက်ခြင်းကနေရရှိတာကြောင့် ဗိုက်ဆာတယ်ဆိုတာ သိပ်တော့မထူးဆန်းပါဘူး။ နာရီအနည်းငယ်ကြာတိုင်းဗိုက်ဆာတယ်၊ ဒါ့ကြောင့် အဆာပြေတစ်ခုခုဖြစ်ဖြစ်၊ ထမင်းဟင်းဖြစ်ဖြစ်စားသောက်တယ်ဆိုတာ ပုံမှန်ပါပဲ။ ဒါပေမဲ့လို့ "ခုနကပဲ ထမင်းစားလိုက်တယ် အခု ဗိုက်က ပြန်ဆာလာသလိုပဲ။ တစ်နေ့ ထမင်းသုံးနပ်ရယ် နေ့လည် ၂ နာရီလောက်မှာ အဆာပြေစားတာအပြင်ကို ဆိတ်ပါးစပ်လိုမျိုး တစွတ်စွတ် တစ်မျိုးပြီး တစ်မျိုး အချိန်ပြည့် စားနေမယ်ဆိုရင်တော့ ပုံမှန်မဟုတ်တော့ပါဘူး။ ကိုယ့်ကိုယ်ကို တစ်ခေါက်လောက် မေးကြည့်ပါလား။ တစ်နေ့ တစ်နေ့ စားနေတာတွေက တကယ်ဆာလို့ စားနေတာလား။ ဒါမှမဟုတ် စိတ်ပြေရာ ပြေကြောင်း စားနေတာလားလို့။ TGIF လည်း စား၊ အသည်းကွဲလည်းစား၊ ပျင်းလည်းစား၊ စိတ်ညစ်လည်းစား၊ နောက်ဆုံး မာလာရှမ်းကောလေး ဒစ်စကောင့်ချလို့ တန်တုန်း စားရမယ်ဆိုပြီးစား၊ စားပြီးရင်း စားနေမိတော့တာပဲ။

တကယ်တော့ အဲ့လို ခဏခဏစားနေကြခြင်းရဲ့ အဓိက အကြောင်းအရင်းက စိတ်ညစ်လို့ပါ။ ဟုတ်ပါတယ်။ ဒီဘက်ခေတ်မှာဆို အပြိုင်အဆိုင်တွေကလည်း အရမ်းများ၊ ကပ်ရောဂါကြောင့် အလုပ်တွေကလည်းရှား၊ အပြင်ခရီးဘာညာလည်း စိတ်ပြေလက်ပျောက်သွားလို့မရနဲ့ အမျိုးမျိုးသောအကြောင်းအရင်းတွေကြောင့် လူတွေက စိတ်ဖိစီးမှု ပိုပိုများလာတတ်ကြပါတယ်။ ခက်ခဲတဲ့ အချိန်တွေကို ကြုံတွေ့ရချိန်မှာ လူတော်တော်များများက အစားအသောက်နှင့် စိတ်ဖြေလေ့ရှိကြပါတယ်။
အရင်တုန်းက စိတ်ညစ်လာရင် အရက်သောက်မယ်၊ ဆေးလိပ်သောက်မယ်၊ မူးယစ်ဆေးသုံးမယ်၊ အပျော်ရှာမယ် စသဖြင့်ပေါ့ စိတ်ထွက်ပေါက်ရှာကြတယ်။ အခုနောက်ပိုင်းကျ လူတွေက စားပါစားလာကြပြီ။ ရုတ်တရက်ကြည့်ရင်တော့ အရက်တွေသောက်တာနဲ့စာရင် စားတာက အားတောင်ရှိသေး ကောင်းတာပေါ့လို့ ထင်ချင်စရာပါပဲ။ ဒါပေမဲ့ သေချာစဉ်းစားကြည့်ရင် စိတ်ထဲမှာ ဖြစ်တဲ့ဝေဒနာ တစ်ခုကို အစားနဲ့ ဖုံးလိုက်ရုံနဲ့ ပြီးသွားတဲ့ ကိစ္စ မဟုတ်ဘူးလေ။ ပြီးတော့ စိတ်ညစ်တိုင်း စားမယ်ဆိုရင်တောင် ကျန်းမာရေးနဲ့ ညီညွတ်တာကို စားမယ်ဆိုရင် ပိုကောင်းတာပေါ့။

~စိတ်ကြောင့် စားတာလား၊ ဆာလို့ စားတာလား။~

Physical hungerကျတော့ သူက တကယ်ဆာတာ။ ဗိုက်ထဲမှာ တကယ် အစာမရှိတော့လို့၊ စားရမယ့် အချိန်ကျော်သွားလို့ ဆာလာတာ။ ကြာလာလေလေ ဆာလာလေလေပဲ။ တစ်ခါတလေ အလုပ်မပြတ်သေးလို့ နောက်မှ စားမယ်ဆိုပြီး ရွှေ့ထားလို့ရသေးတယ်။ သိပ်ပြီး စိတ်ထဲမှာ တောင်းတမနေဘူး။ ဘာစားမှ ညာစားမှလည်း မရှိဘူး။ တစ်ခုခုစားလိုက်လို့ ဗိုက်ပြည့်သွားရင် ရပြီ။

Emotional hunger ဆိုရင်တော့ ခုပဲ ရည်းစားနဲ့ ရန်ဖြစ်တယ်။ သူငယ်ချင်းဆီ လှမ်းစာပို့လိုက်တယ် "ဟဲ့ မာလာရှမ်းကော သွားစားကြမယ်" တဲ့။ ချက်ချင်းနော် ဒီနေ့ကျော်သွားရင် မစားချင်တော့ဘူး။ စိတ်တိုနေတုန်းကို ဒေါသလွှဲတဲ့ အနေနဲ့ အစားစားချင်တာမျိုးပါ။ နောက်တစ်မျိုးက ဉပမာ စာလုပ်တယ်ပေါ့ သချ်ာပဲ ဖြစ်ဖြစ် တွက်မရဘူး၊ စာကျက်တာ မမှတ်မိဘူးဆိုပြီး စိတ်ညစ်ညစ်နဲ့ မုန့်စားဖြစ်သွားရော။ မုန့်သွားကုန်သွားမယ် စာကမရဘူး။

စိတ်ကြောင့်ဆိုရင် အဲ့ဒီလိုပါ။ ရုတ်တရက် အကြောင်းအရင်း မရှိဘဲ တစ်ခုခုကို စားချင်လာမယ်။ ပြီးတော့လည်း ဒါဆို ဒါမှ မာလာရှမ်းကောဆို မာလာရှမ်းကောပဲ။ စပိုင်စီခေါက်ဆွဲမရဘူး။ စိတ်ညစ်တာ၊ စိတ်ဖိစီးတာကြောင့်စားရင် နဂိုထက်လည်း ပိုစားနိုင်တာကြောင့် တစ်ညနေတည်းနဲ့ ပိုက်ဆံအိတ်ထဲက ၂၅၀၀၀ ၃၀၀၀၀ လောက် တောင်ပံတပ်ပြီး ထွက်သွားမှာပါ။ အကျိုးဆက်အနေနဲ့ ဘာဖြစ်လဲဆိုတော့ အပြင်သွားစားတတ်တဲ့သူတိုင်း သိကြမှာပါ။ အိမ်မှာတုန်းက စားမယ်စဉ်းစားထားတာတော့ တစ်ခုတည်းပဲ။ ဟိုကျ စိတ်မထိန်းနိုင်ဘဲ တခြားဟာတွေပါမှာစားရော။ စားပြီးတော့မှ အသိစိတ်ဝင်လာပြီး ငါတော့ စားတာ များသွားပြီ။ ဝိတ်တက်တော့မှာပဲတို့၊ ပိုက်ဆံတွေ ကုန်ပါပြီတို့ပေါ့။ ဒီလိုမျိုး ကိုယ့်ကိုယ်ကို guilty ဖြစ်လာပါတယ်။

ဒါတွေကို ဘယ်လို ကျော်လွှားမလဲ။

• တစ်နေ့တာ စာရင်းလုပ်ပါ။
ငါဒီနေ့ ဘာတွေစားလဲ။ ဘယ်အချိန်တွေမှာ စားလဲ။ ဆာလား မဆာဘူးလား။ စိတ်ညစ်နေလို့ စားတာလား စသဖြင့် ပွင့်ပွင့်လင်းလင်း မှတ်ထားပါ။ ဒီဒိုင်ယာရီက သင်တစ်ယောက်တည်း အတွက်ပါ။ စိတ်ညစ်တဲ့အချိန်ဆို ဘာတွေ စားထားလဲ။ စားနေတုန်းမှာ တကယ်ဗိုက်ဆာနေလား၊ စိတ်ခံစားမှုအခြေအနေက ဘယ်လိုရှိလဲ စသဖြင့်ပေါ့။
ဒီလို တစ်နေ့တာ ကုန်သွားလို့ ပြန်ကြည့်လိုက်ရင် တကယ် ဗိုက်ဆာလို့ စားတာ၊ စိတ်ညစ်လို့ စားတာ ဘယ်ဟာ ပိုများလဲ ထွက်လာပါလိမ့်မယ်။ ဘေးနားမှာ ကုန်ကျစရိတ်လေးတွေပါ ထည့်ထားရင် ပိုတောင် ကောင်းမလားပဲ။ တကယ်လို့ တခြားရောဂါတစ်ခုခုကြောင့် ဆေးခန်းပြရမယ်ဆိုလည်း ကိုယ့်တစ်နေ့တာ ဘာတွေစားလဲ စာရင်းလေးရှိနေတော့ လိုလိုမယ်မယ် အထောက်အကူပြုနိုင်ပါတယ်။

• စိတ်ဖိစီးမှု ဖြေရှင်းဖို့ တခြားနည်းလမ်း ရှာပါ။
စိတ်ညစ်လာရင် စားဖို့ပဲ စဉ်းစားမနေဘဲ တခြားတစ်ခုခုနဲ့ အာရုံပြောင်းကြည့်ပါ။ အခန်းထဲ သီချင်းဖွင့်ပြီး တစ်ယောက်တည်း စိတ်လွတ်ကိုယ်လွတ် ကချင်သလို ကလိုက်တာတို့၊သီချင်းအော်ဆိုတာတို့၊ ရေသွားချိုးတာတို့၊ ဟာသကားကြည့်တာတို့၊ နာရီဝက်လောက် လမ်းလျှောက်ပေးတာ၊ တရားထိုင်တာ ဖြစ်ဖြစ် ပြေရာပြေကြောင်း လုပ်နေကြည့်ပါ။

• ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားစရာတွေပဲ ထားပါ။

အသင့်စား ခေါက်ဆွဲခြောက်တွေ၊ အာလူးကြော်တွေ၊ ဘာဂါတွေ၊ အအေးတွေလိုမျိုး အသင့်စား အစားအသောက်တွေကို ကိုယ်မမြင်နိုင်မဲ့ နေရာမျိုးမှာထားပါ။ ကယ်လိုရီ နည်းတဲ့ အစားအစာလေးတွေ ရှာဝယ်ပါ။ ကိုကာကိုလာဆိုလည်း သကြားမပါတဲ့ဟာတို့၊ အချိုမပါတဲ့ ဆီးချိုကွတ်ကီးတို့နဲ့ အစားထိုးကြည့်ပါ။ ပြီးတော့ ရေခဲသေတ္တာဖွင့်လိုက်ရင် ကိုယ်နဲ့ မျက်စိတန်းတန်းနေရာလောက်မှာရှိမယ့်နေရာမှာ သစ်သီးလေးတွေကို လှီးပြီး ဘူးထဲထည့်ထားပါ။ အစေ့အဆန်လေးတွေကို တစ်ခါစားစာ အထုပ်လေးတွေ ထုတ်ထားပါ။ အုတ်ဂျုံဝယ်ထားပါ။ ညဘက်ဆိုရင် ဆလပ်ရွက်တို့လို ဂေါ်ဖီတို့ မုန်လာဉနီတို့ကို မယောနိစ်နဲ့ သုပ်စားပါ။ တစ်ခုခုစားမှ အဆင်ပြေမယ့်အချိန်ဆို ဒါတွေပဲ စားပါ။

• အာရုံပြောင်းပါ
စိတ်ညစ်လို့ စားချင်နေပြီလား။ ကိုယ့်ကိုယ်ကို စိတ်ညစ်မှန်းလည်း သိတယ်၊ မစားသင့်ဘူးဆိုတာလည်း သိတယ်၊ ဒါပေမယ့် စားချင်စိတ်ကို ဖျောက်မရဘူးဆိုရင် အရင်ဆုံး ရေတစ်ခွက် အဝသောက်လိုက်ပါ။ တစ်ခါတလေ ရေဆာတာကို ဗိုက်ဆာတာနဲ့ မှားတတ်ပါတယ်။ အဆီမပါတဲ့ နွားနို့သောက်တာလည်း ကောင်းပါတယ်။ နို့ထွက်ပစ္စည်းတွေက ပရိုတင်းပါတာကြောင့် အစာခံပြီး ကယ်လိုရီနည်းတော့ ဝိတ်လည်း မတတ်တော့ အဆင်ပြေပါတယ်။ ပြီးရင် အသက်ပြင်းပြင်း ရှူသွင်းရှူထုတ်လုပ်ပါ။ တခြား အာရုံပြောင်းမယ့် အလုပ်တစ်ခုခု လုပ်လိုက်ပါ။ ဥပမာ လမ်းထွက်လျှောက်တာမျိုး၊ သူငယ်ချင်းနဲ့ ဖုန်းပြောတာမျိုးပေါ့။

• ဆရာဝန်နဲ့ ဆွေးနွေးပါ။
ဒီလိုစားတိုင်း ပြရမယ်တော့ မဟုတ်ပါဘူး။ ကိုယ်က ဒီနေ့ အများကြီး စားမိသွားတယ်။ ကိုယ်တိုင်လည်း မစားသင့်မှန်း သိတယ်။ အဲဒီခါကျ ကိုယ့်ကိုယ်ကိုလည်း အရမ်းအပစ်တင်စရာမလိုပါဘူး။ ဒါမျိုးက လူတိုင်း ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒါက တရားလွန်ဖြစ်လာပြီဆိုရင်တော့ စိတ်ရောဂါအထူးကုနဲ့ ပြပြီး အကြောင်းရင်းကို ရှာဖွေကုသပါ။