Blog Detail Pic

အသောက်ဆရာကြီးတို့ ရုပ်ရင့်လာရတဲ့ အကြောင်းအရင်း

by | 12 May 2022

အသောက်ဆရာကြီးတို့ ရုပ်ရင့်လာရတဲ့ အကြောင်းအရင်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အရက်တွေ ဘီယာတွေ ခဏခဏ အသောက်များတဲ့ ဆရာကြီးတို့ ကိုယ့်ရုပ်ကို မှန်ထဲ သေချာကြည့်ပါ။ အရင်ကဓာတ်ပုံတွေနဲ့ ယှဉ်ကြည့်လိုက်ပါ။ နဂိုအသက်ထက် ပိုရင့်တယ်ထင်ရတာမျိုး၊ ရွယ်တူချင်းယှဉ်ရင်တောင် အသက်ပိုကြီးနေသလိုလိုနဲ့။ ဒီလိုဖြစ်ရတာ ဘာကြောင့်လို့ထင်ပါသလဲ။ အပြင်ပန်းရုပ်ရည်တင်မက ခန္ဓာကိုယ်ကြီးတစ်ခုလုံးကို ရင့်ရော်အိုစာသွားစေတဲ့ အရက်သောက်ခြင်းဆိုးကျိုးတွေကို ကျန်းမာရေးရှုထောင့်ကနေလေ့လာကြည့်ရအောင်။

(၁) ရေဓာတ်ခမ်းခြောက်စေတယ်

အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်ထဲ ရေဓာတ်ပိုနည်းလာတတ်တယ်။ ဒီအရည်တွေသောက်လို့ ရေငတ်ပြေမယ်မထင်ပါနဲ့။ အယ်လ်ကိုဟောက ခန္ဓာကိုယ်ထဲကရေတွေကို ဆီးအဖြစ်နဲ့ ပိုထွက်ရှိစေပြီး ရေဓာတ်ခန်းခြောက်နိုင်တဲ့အန္တရာယ်ကို ပိုတိုးစေနိုင်ပါတယ်။

(၂) အသားခြောက်စေနိုင်တယ်

လူတွေက အသက်ကြီးလာရင် အရေပြားတွေပါးလာပြီး ပိုခြောက်သွေ့လာပါတယ်။ ဒါကတော့ သဘာဝအလျောက်ဖြစ်တဲ့ ရင့်ရော်မှုဖြစ်စဉ်ဆိုတော့ ကိုယ်ထိန်းချုပ်လို့ မရနိုင်ဘူးပေါ့။ ဒါပေမယ့် ကိုယ်နေထိုင်တဲ့ပတ်ဝန်းကျင်နဲ့ ကိုယ့်ရဲ့နေထိုင်ပြုမှုပုံတွေကြောင့် ဒီဖြစ်စဉ်ကို ပိုမြန်စေနိုင်ပါတယ်။ အယ်လ်ကိုဟောက သင့်ကို ရေဓာတ်ခမ်းခြောက်စေပြီး အသားခြောက်စေနိုင်တော့ ငယ်ငယ်နဲ့ရုပ်ရင့်စေပါလိမ့်မယ်။

(၃) အရေးကြီးတဲ့ ကိုယ်တွင်းအင်္ဂါတွေကို အားနည်းစေတယ်

အယ်လ်ကိုဟောက အရေးကြီးတဲ့ကိုယ်တွင်းအင်္ဂါတချို့ကို ထိခိုက်စေပြီး မြန်မြန်ရင့်ရော်အားနည်းစေပါတယ်။ အရက်များများသောက်သူတွေဟာ အသည်းခြောက်ခြင်း ဖြစ်နိုင်ခြေပိုများစေနိုင်တယ်ဆိုပေမယ့် တော်တန်ရုံသောက်တဲ့သူတွေမှာတောင် အသည်းအဆီဖုံးခြင်းဖြစ်လာနိုင်ပါတယ်။ နောက်ပြီးကျောက်ကပ်လုပ်ဆောင်ချက်တွေမှာလည်း အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

(၄) ဦးနှောက်စွမ်းဆောင်ရည်ကို နှေးစေတယ်

အရက်တစ်ငုံသောက်လိုက်တိုင်း ကိုယ့်ခေါင်းကို အရင်တန်းထိမှာပဲ။ ခေါင်းထဲမှာ မူးနေချင်တာကိုး။ သက်တမ်းကြာကြာ အရက်များများသောက်ခဲ့သူတွေမှာ ဦးနှောက်ဆဲလ်တွေကျုံ့လာနိုင်ပြီး မှတ်ဉာဏ်ချို့ယွင်းမှုရောဂါတွေဖြစ်လာစေနိုင်တယ်။ ဆုံးဖြတ်သုံးသပ်နိုင်စွမ်းမရှိတာ၊ စိတ်ပိုင်းဆိုင်ရာထိန်းချုပ်မှုအားနည်းလာတာ၊ အာရုံစူးစိုက်ရခက်တာ၊ စိတ်တိုဒေါသဖြစ်လွယ်တာ စတာတွေအပါအဝင် လက္ခဏာမျိုးစုံရှိလာတတ်ပါတယ်။

(၅) ကိုယ်ခံအားစနစ်ကို အားနည်းစေတယ်

အယ်လ်ကိုဟောက တီဘီရောဂါ၊ နမိုးနီးယားရောဂါတို့လို အသက်အန္တရာယ်ပေးနိုင်တဲ့ရောဂါတွေကို ခန္ဓာကိုယ်ရဲ့ ခုခံကာကွယ်နိုင်စွမ်းအပေါ် ထိခိုက်စေနိုင်ပါတယ်။ အရက်ကြောင့်ဖြစ်တဲ့ အသည်းရောဂါဟာ ကိုယ်ခံအားစနစ်က ခန္ဓာကိုယ်တစ်ရှူးတွေကို တိုက်ခိုက်မှုကြောင့်ဖြစ်လာတာလို့လည်း သုတေသနတွေကလေ့လာခဲ့ကြပါတယ်။

(၆) အိပ်ရေးပျက်စေနိုင်တယ်

အိပ်ပျော်အောင်လို့ အရက်သောက်ပြီး အိပ်ပစ်လိုက်တယ်ဆိုတာ မှန်ကန်တဲ့အနားယူနည်းမဟုတ်ပါဘူး။ အရက်သောက်ပြီး မှောက်သွားခဲ့ပေမယ့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်မယ့်အစား တရေးနိုးမှာ အရက်ကြောင့် မျက်စိကြောင်နိုင်သလို အိပ်နေရင်းလည်းဂနာမငြိမ်ဖြစ်နေစေနိုင်တယ်။

မဖြတ်နိုင်လို့အရက်သောက်မယ်ဆို သိထားသင့်တာက –
အရက်ကြောင့် ကောင်းကျိုးဆိုတာမရှိနိုင်တဲ့အတွက် ဘာပဲဖြစ်ဖြစ်လျှော့သောက်ပါ။ အရွယ်ပိုရင့်တာ၊ ရောဂါထူတာ၊ အသေစောတာမဖြစ်စေချင်ရင် ၊ ကိုယ့်ကိုယ်ကိုယ်ချစ်ရင် အယ်လ်ကိုဟောကို တတ်နိုင်သလောက် ရှောင်တာအကောင်းဆုံးပါခင်ဗျာ။

#DoctorMM