Blog Detail Pic

ဆံပင်ကျွတ်ရသည့် အကြောင်းရင်းများ

by | 13 May 2022

ဆံပင်ကျွတ်ရသည့် အကြောင်းရင်းများ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကမ္ဘာပေါ်မှာရှိတဲ့ သန်း(၈၀)သော အမျိုးသား၊အမျိုးသမီးတွေဟာ ဆံပင်ကျွတ်ခြင်းပြဿနာကိုနေ့စဉ်နှင့်အမျှ ခံစားနေကြရပါတယ်တဲ့၊ဒါကြောင့်သင်တစ်ယောက်ထဲတော့မဟုတ်ပါ၊စိတ်မညစ်ပါနဲ့။ ဦးခေါင်းမှာပျမ်းမျှအနေနဲ့ဆံပင်တစ်သိန်းလောက်ရှိတဲ့အထဲက နေ့စဉ်နှင့်အမျှဆံပင် (၅၀ မှ ၁၀၀ ကြား) ပုံမှန်ကျွတ်နေပါတယ်။ ကျွတ်သွားတဲ့ဆံပင်တွေဟာ အသစ်ပြန်ဖြစ်ပေါ်လာပါတယ်၊ဒါပေမယ့် ဒါဟာလဲအမြဲတမ်းတော့မဟုတ်ပါဘူး၊အကြောင်းအရာတွေအများကြီးအပေါ်မှီတည်နေပါသေးတယ်။

👉ဆံပင်ဘယ်လိုကျွတ်လဲ ?
ဆံပင်ကျွတ်တာက ကျွန်မတို့မှန်းဆလို့မရသလို လူတစ်ဦးနဲ့တစ်ဦးလဲမတူပါဘူး။ လူကြီးတွေမှာပိုအကျွတ်များပြီး ကလေးတွေမှာလဲတစ်ခါတစ်ရံကျွတ်လေ့ရှိတာပါပဲ။ ရုတ်တရက်ကျွတ်တတ်သလို တဖြေးဖြေးပုံမှန်ကျွတ်နေတာမျိုးလဲဖြစ်နိုင်ပါတယ်။ နည်းနည်းစီကျွတ်တတ်သလို အကွက်လိုက်လဲပဲကျွတ်နိုင်ပါတယ်။ ယာယီကျွတ်ပြီးပြန်ကောင်းနိုင်သလို အမြဲတမ်းကျွတ်ပြီး ပြန်မကောင်းနိုင်တာလဲ ဖြစ်နိုင်ပါတယ်။

📌ဆံပင်ကျွတ်ရတဲ့အကြောင်းရင်းတွေက ဘာတွေများလဲ???
၁)အဖြစ်များဆုံးကတော့ မျိုးရိုးလိုက်လို့ကျွတ်တာပါပဲ။
ယောကျာ်းမှာပိုဖြစ်ပေမယ့် ယောကျာ်း၊မိန်းမ မရွေးဖြစ်နိုင်ပါတယ်။

၂)နာမကျန်းဖြစ်ခြင်း၊စိတ်ဖိစီးမှုများခြင်း၊ထိခိုက်ဒဏ်ရာရခြင်းနှင့်ခွဲစိတ်ခံရခြင်းတို့မှာလဲ ဆံပင်ကျွတ်လေ့ရှိပါတယ်။

၃)ဟော်မုန်းအပြောင်းအလဲဖြစ်ခြင်း။ ကိုယ်ဝန်ဆောင်ခြင်း၊ကလေးမွေးဖွားခြင်း၊သန္ဓေတားဆေးများဖြတ်တောက်ခြင်းနဲ့ သွေးဆုံးကိုင်ခြင်းတို့မှာဟော်မုန်းအပြောင်းအလဲကြောင့် ဆံပင်ကျွတ်တတ်ပါတယ်။

၄)ရောဂါများ။ ဦးရေပြားပွေးရောဂါ၊မှိုရောဂါ၊လည်ပင်းကြီးရောဂါနဲ့ ကိုယ်ခံစွမ်းအားစနစ်ရောဂါတစ်ချို့မှာလဲဆံပင်ကျွတ်တတ်ပါတယ်။

၅)ဆေးဝါးများ။ ကင်ဆာဆေးများ၊အဆစ်အမြစ်ရောင်/လေးဘက်နာဆေးများ၊နှလုံးဆေးအချို့နှင့် စိတ်ကျရောဂါကုဆေးအချို့ဟာ ဆံပင်ကျွတ်ခြင်းကိုဖြစ်ပေါ်စေနိုင်ပါတယ်။

၆)ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာဖိစီးမှုများ။ အပြင်းဖျားခြင်း၊ကိုယ်အလေးချိန်အလွန်အမင်းကျဆင်းခြင်းနှင့် မိသားစုဝင်/ချစ်ခင်သူတစ်ဦးဦးသေဆုံးခြင်းစတဲ့ဖိစီးမှုတွေမှာလဲ ဆံပင်ကျွတ်တတ်ပါသေးတယ်။

၇)ဆံပင်၊မျက်ခုံးမွှေးစတာတွေကိုလက်ကစားပြီး အမြဲဆွဲနှုတ်နေလေ့ရှိတဲ့သူတွေရယ် ဆံပင်ကိုနောက်ကိုတင်းနေအောင်လှန်ပြီးစည်းထားလေ့ရှိတဲ့သူတွေရယ်မှာဆံပင်အရင်းမှာရှိတဲ့ မွေးညင်းပေါက်လေးတွေကိုဒဏ်ဖြစ်စေပြီးဆံပင်ကျွတ်နိုင်ပါတယ်။

၈)သံဓါတ်၊အသားဓါတ်နဲ့ အခြားဗီတာမင်၊အာဟာရဓါတ်ချို့တဲ့သူတွေမှာလဲဆံပင်ပါးကျွတ်တာဖြစ်တတ်ပါသေးတယ်။

ဆံပင်ကျွတ်ခြင်းကင်းပြီး နက်မှောင်ကျော့ရှင်းတဲ့ ကေသာအလှကိုပိုင်ဆိုင်နိုင်ကြပါစေ။

#DoctorMM