Blog Detail Pic

မနေ့ညက အိပ်တဲ့အထိ ဘာအကွက်မှ ရှိမနေပါဘူး။ မနက်နိုးတော့မှ တဆစ်ဆစ် နာတယ်ဆိုပြီး ကြည့်လိုက်တော့ ပေါင်မှာ အကွက်လိုက်ကြီး ဖြစ်နေတယ်။ ခပ်ညိုညိုကြီး ဘာဖြစ်တာလဲ မသိဘူး။

by | 17 May 2022

မနေ့ညက အိပ်တဲ့အထိ ဘာအကွက်မှ ရှိမနေပါဘူး။ မနက်နိုးတော့မှ တဆစ်ဆစ် နာတယ်ဆိုပြီး ကြည့်လိုက်တော့ ပေါင်မှာ အကွက်လိုက်ကြီး ဖြစ်နေတယ်။ ခပ်ညိုညိုကြီး ဘာဖြစ်တာလဲ မသိဘူး။

သိလောက်မယ်ထင်တဲ့ သူတွေကို မေးကြည့်တော့လည်း စုန်းကိုက်တာ တဲ့။ စုန်းက ချစ်လို့ ကိုက်တာ မုန်းရင် လုပ်တယ်။ ဘာမှ သွားမလုပ်နဲ့နော်။ ဒီအတိုင်းသာ ထားလိုက် သူ့ဘာသာ သူပျောက်သွားလိမ့်မယ်။ဘယ်သူလဲ သိချင်ရင်တော့ နနွင်းမှုန့်လေး လိမ်း ဒါမှမဟုတ်ရင် စကောကို သွေးလိမ်းထားလိုက် လုပ်ထားတဲ့ စုန်းက စကော လာငှားလိမ့်မယ်။ နနွင်း လာချေးလိမ့်မယ်ဆိုတာတွေကို ငယ်ကတည်းက ကြားဖူးခဲ့မယ် ထင်ပါတယ်။

ဒါက တကယ်ပဲ စုန်းကိုက်ခံရတာလား?

အဖြေကတော့ စုန်းကိုက်တာ မဟုတ်ပါဘူး။ အညိုကွက်လေးတွေ ပေါ်လာတယ်ဆိုတာ ခန္ဓာကိုယ်မှာ ကျန်းမာရေး ပြဿနာ တစ်ခုခု ရှိနေတယ်ဆိုတာကို ဖော်ပြနေတဲ့ လက္ခဏာပါ။

အရေပြားမှာ အညိုအမည်း ဖြစ်ရတဲ့ အကြောင်းအရင်းက အရေပြားအောက်ဘက်မှာ သွေးတွေ စုသွားတာကြောင့်ပါ။ သေးငယ်တဲ့ ဆံချည်မျှင် သွေးကြောလေးတွေ ပျက်စီးတာကြောင့် အရေပြားမှာ အညိုအမည်း စွဲရတာပါ။ ဒီလို ဖြစ်တာကလည်း ပြုတ်ကျတာ၊ တစ်ခုခုကို အားနဲ့ ဝင်တိုက်မိတာ၊ အရေပြားပေါ်ကို ဝိတ်ပါတဲ့အရာ တစ်ခုခုက အရှိန်နဲ့ ကျလာတဲ့အခါမျိုးမှာ အရေပြားမှာ အညိုအမည်း စွဲနိုင်ပါတယ်။

အညိုအမည်းစွဲတာက လူတိုင်းမှာ ဖြစ်တတ်သလို ဖြစ်ရတဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကလည်း အမျိုးမျိုးရှိပါတယ်။
- မျိုးရိုးလိုက်တာ
- သွေးကျဲစေတဲ့ ဆေးတွေေသောက်နေရတာ
- အသက်အရွယ် ရလာတာ
- အရက်သောက်တာ
- အသည်းရောဂါရှိတာ
- ဗီတာမင်စီ ချို့တဲ့တာ
- သွေးကြောတွေ ရောင်ရမ်းနေတာနဲ့
- ရှားရှားပါးပါးအနေနဲ့ တချို့လူတွေမှာတော့ ကင်ဆာရောဂါ ( ဉပမာ သွေးကင်ဆာ ) ကြောင့် အညိုအမဲစွဲတာလည်း ဖြစ်နိုင်ပါတယ်။

ဒါ့အပြင် အမျိုးသမီးတွေရဲ့ အသားအရည်က အမျိုးသားတွေထက်ပိုပြီး အညိုအမဲစွဲလွယ်ပါတယ်။ များသောအားဖြင့် ၂ ရက် ၃ ရက်ကြာရင် သူ့အလိုလိုပေျာက်သွားတတ်ပါတယ်။ အကယ်၍ ဒီထက်ကြာနေမယ်ဆိုရင် မိမိအနေနဲ့ အညိုအမဲစွဲတဲ့နေရာတစ်ဝိုက်ကို ညင်ညင်သာသာ နှိပ်နယ်ပေးခြင်း၊ ရေခဲကပ်ခြင်းနဲ့ ဗီတာမင်စီပါတဲ့ အသီးတွေ စားပေးခြင်းတို့ လုပ်ဆောင်နိုင်ပါတယ်။

ကဲ...ဒါဆို အရေပြားမှာ ဖြစ်တဲ့ အညိုအမည်းစွဲတာက စုန်းကိုက်တာ မဟုတ်ဘဲ အခုလို ကျန်းမာရေးပြဿနာတွေကြောင့်ဆိုတာ သိသွားလောက်ပြီထင်ပါတယ်ရှင်။
#DoctorMM