Blog Detail Pic

PTSD ဆိုတာက Post Traumatic Stress Disorder ဖြစ်ပြီး မကောင်းတဲ့ အခြေအနေတစ်ခုကြောင့် စိတ်ဒဏ်ရာရတာကို ဆိုလိုပါတယ်။

by | 17 May 2022

PTSD ဆိုတာက Post Traumatic Stress Disorder ဖြစ်ပြီး မကောင်းတဲ့ အခြေအနေတစ်ခုကြောင့် စိတ်ဒဏ်ရာရတာကို ဆိုလိုပါတယ်။

ခေတ်အဆက်ဆက်မှာ အမျိုးသမီးတွေက တစ်ဆင့်နိမ့်တယ်လို့ သတ်မှတ်ပြီး အနိုင်ကျင့်ကြတာ၊ ခွဲခြားဆက်ဆံခံရတာတွေကြောင့် အမျိုးသမီး အများစုက ဘဝတကွေ့ကွေ့မှာ ကြောက်စရာကောင်းတဲ့ အတွေ့အကြုံတွေကို ခံစားကြရပါတယ်။ တွေ့ရတတ်တာတွေကတော့

• စစ်ပွဲတွေ

• လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရမှုတွေ

• အိမ်တွင်းအကြမ်းဖက်မှုတွေ

• ကလေးဘဝတည်းက လိင်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရတာတွေ

• ချစ်ခင်ရသူတွေ သေဆုံးတာ၊ ထိခိုက်ဒဏ်ရာရတာတွေကို ကိုယ်တွေ့မျက်မြင်ကြုံရတာတွေ

• ကိုယ်ကိုယ်တိုင် အက်ဆီးဒင့်ဖြစ်ပြီး အသက်သေမလို ဖြစ်တာတွေ

• သဘာဝဘေးအန္တရာယ်နဲ့ ကြုံရတာတွေ (ဥပမာ ငလျင်လှုပ်တာ၊ ရေကြီးတာ၊ မီးလောင်တာ ဒါတွေအကုန်လုံးက အမျိုးသမီးတွေကို စိတ်ဒဏ်ရာရစေတာပဲ ဖြစ်ပါတယ်။

PTSDက အမျိုးသားရော၊ အမျိုးသမီးမှာပါ တွေ့ရပေမယ့် တွေ့ရပေမယ့် တုံ့ပြန်ပုံခြင်းက မတူပါဘူး။ အမျိုးသားတွေက အပြင်ဘက်ကို ပွင့်ထွက်တဲ့ ပုံစံ (ဥပမာ အရက်သောက်တာ၊ မူးယစ်ဆေးတွေ သုံးတာ) စတာတွေနဲ့ တုံ့ပြန်တတ်ပါတယ်။ အမျိုးသမီးတွေကကျတော့ အတွင်းစိတ်ထဲမှာ ကျိတ်ပြီး ခံစားတတ်ကြပါတယ်။ ဥပမာ စိုးရိမ်စိတ်တွေ များတာ၊ စိတ်ဓာတ်ကျတာ စသဖြင့်။

ခုပြောမယ့် လက္ခဏာတွေကတော့ အမျိုးသားရော အမျိုးသမီးမှာပါ ခံစားရတတ်ပေမယ့် တချို့လက္ခဏာလေးတွေက အမျိုးသမီးတွေမှာ ပိုပြင်းထန်တာကို တွေ့ရပါတယ်။

• ရှောင်ဖယ်တာ

အမျိုးသမီးတွေက PTSD ခံစားရရင် ရှောင်ဖယ်ဖယ် လုပ်လာကြပါတယ်တဲ့။ ဘာတွေကို ရှောင်တာလဲဆိုတော့ သူတို့ရဲ့ စိတ်ဒဏ်ရာကို ပြန်ပြီး အမှတ်ရစေမယ့် နေရာ၊ လူ၊ ပတ်ဝန်းကျင် စတာတွေကို ရှောင်လိုက်တာပဲ ဖြစ်ပါတယ်။

• ပြန်ပြန်သတိရတာ

ဒီလက္ခဏာကလည်း အမျိုးသမီးတွေမှာ ပိုတွေ့ရပါတယ်။ ပြန်ပြန်သတိရနေတဲ့အတွက် စိတ်စွဲပြီး အိပ်မက်ဆိုးတွေမက်တာ၊ ဒါမျိုး နောက်တစ်ခေါက်ဖြစ်မှာကို စိုးရိမ်တတ်ကြပါတယ်။

• စိတ်ဓာတ်ကျတာ

အမျိုးသမီးတွေက PTSD ကို အတွင်းစိတ်ကနေ တုံ့ပြန်တာဖြစ်တဲ့အတွက် စိတ်ဒဏ်ရာကြောင့် စိတ်ကျရောဂါနဲ့ စိုးရိမ်စိတ်များတဲ့ ပြဿနာကိုပါ တွဲပြီး ခံစားရတာ ဖြစ်ပါတယ်။

• သတိကြီးကြီး ထားတတ်တာ

ဒီလိုစိတ်ဒဏ်ရာရပြီးနောက်မှာ အမျိုးသမီးတွေက သတိကြီးကြီးထားတတ်လာကြပါတယ်။ ဥပမာ နာဂစ်မှာ ပြင်းထန်တဲ့ စိတ်ဒဏ်ရာရဖူးတဲ့ အမျိုးသမီးတွေက မိုးရွာတိုင်း ပြေးဖို့ အထုပ်ပြင်ထားတတ်နေပါပြီ။ ဒါက သတိလွန်နေတာဖြစ်တဲ့အတွက် တစ်ခုခုဆို လိုတာထက် ပိုစိုးရိမ်တာ၊ အာရုံစူးစိုက်မရတာ၊ ညအိပ်မပျော်တာတွေ ဖြစ်တတ်ပါတယ်။

• ထုံသွားတာ

ဒါကတော့ အပေါ်ကနဲ့ ပြောင်းပြန် ခံစားချက်တွေ ထုံသွားတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ကို ကြည့်လိုက်ရင် စိတ်နဲ့ ကိုယ်နဲ့ မကပ်တာ၊ ခံစားချက်မရှိသလို ဖြစ်နေတာ၊ မပျော်တတ်တော့တာ၊ သီးခြားနေလိုတာ၊ အကောင်းမမြင်နိုင်တော့တာတွေ တွေ့ရပါတယ်။

• လန့်လွယ်တာ

PTSD ခံစားရတာခြင်း တူရင်တောင် အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုပြီး လန့်လွယ်ပါတယ်။ သူတို့ကို တစ်ခုခု ထိမယ်။ ကိုင်မယ်ဆို လိုအပ်တာထက် ပိုပြီး လန့်နေတတ်ကြပါတယ်။

အပေါ်ယံကြည့်ရင် ဘာမှမဟုတ်ဘူးလို့ ထင်ရပေမယ့် ကာယကံရှင်မှာတော့ တစ်သက်လုံးစာ စိတ်ထိခိုက်နေရနိုင်ပါတယ်။ ဒါကြောင့်မလို့ အထူးသဖြင့် အမျိုးသမီးတွေကို ထိတ်လန့်စရာ ဖြစ်ရပ်ဆိုးတွေနဲ့ ကြုံရပြီးတဲ့နောက်မှာ ပြန်လည်ဖေးမပေးဖို့ လိုပါတယ်။ အမျိုးသမီးများကိုယ်တိုင်ကလည်း မိမိရဲ့ စိတ်ဒဏ်ရာတွေကို ပြန်လည်ကုစားသင့်ပါတယ်။ တတ်ကျွမ်းတဲ့ ပညာရှင်ထံမှာ ဆေးကုသမှုခံယူဖို့ လိုပါတယ်။

#DoctorMM