Blog Detail Pic

ခွေးရူးပြန်ရောဂါဆိုတာဘာလဲ?🤔

by | 18 May 2022

☀️ခွေးလေးနဲ့ ဆော့ရင်း သူ့သွားလေးနဲ့ မတော်တဆ နည်းနည်းလေးကိုက်မိသွားတယ်။ "ဒဏ်ရာကသေးသေးလေးပဲ ဘာမှမဖြစ်ပါဘူး...ဆေးလိမ်းလိုက်ရင်ပျောက်သွားမှာ" ဆိုပြီး ဆေးခန်းမသွားလည်း ရတယ်လို့ ကွျန်မတို့ တော်တော်များများ တွေးခဲ့ဖူးကြမှာပါ။ ဒါပေမဲ့ တကယ်တမ်း ခွေးရူးပြန်ရောဂါဟာ ရောဂါလက္ခဏာအပြည့်အစုံပေါ်ပေါက်လာရင် သေဆုံးမှု ၁၀၀% ရှိတဲ့ရောဂါဖြစ်လို ပေါ့ဆလိုမရဘဲ သတိထားရမယ့်ရောဂါတွေထဲကတစ်ခုဖြစ်ပါတယ်။

ခွေးရူးပြန်ရောဂါဆိုတာဘာလဲ?🤔

မြန်မာအခေါ်ခွေးရူးပြန်ရောဂါ (rabies) ဆိုတာ တကယ်တော့ virus ပိုးတစ်မျိုးဖြစ်ပြီး တိရိစ္ဆာန်များမှတဆင့် ကူးစက်တတ်တဲ့ရောဂါပိုးဖြစ်ပါတယ်။ ခွေးရူးပြန်ရောဂါကူးစက်ခံရတဲ့ ၉၉% ဟာ ပိုးရှိတဲ့တိရိစ္ဆာန်ကိုက်ခံရ၊ အကုတ်ခံရတဲ့အနာမှတဆင့် ရောဂါပိုးရှိတဲ့သွားရည်ထိတွေ့ရာမှ ကူးစက်ခံရတာပါ။ အကိုက်ခံ၊အကုတ်ခံရတာမဟုတ်ပေမယ့်လဲ ပေါက်ပြဲနေတဲ့အရေပြားကို ပိုးရှိတဲ့သွားရည်နဲ့ထိတွေ့မိရင်လဲ ကူးစက်နိုင်ပါတယ်။

ဘယ်နေရာတွေ၊ ဘယ်သူတွေမှာပိုဖြစ်တတ်လဲ⁉️

ခွေးရူးပြန်ရောဂါဟာ မြိုကြီးပြကြီးတွေမှာဖြစ်တာရှားတတ်ပြီး ခန့်မှန်းချေ ၈၀% လောက်ဟာ ကျေးလက်ဒေသများမှာဖြစ်တတ်ကြပါတယ်။ အသက်အရွယ်အားဖြင့်တော့ ၅နှစ်မှ ၁၄နှစ်အတွင်းကလေးများမှာပိုဖြစ်လေ့ရှိတာကိုတွေ့ရပါတယ်။

ခွေးရူးပြန်ရောဂါကိုဘယ်လိုကာကွယ်ကြမလဲ?

ခွေးရူးပြန်ရောဂါဟာ ကာကွယ်ဆေးနဲ့ကာကွယ်နိုင်တဲ့ရောဂါတစ်မျိုးဖြစ်တာကြောင့် အထိရောက်ဆုံးကာကွယ်နည်းက ကာကွယ်ဆေးထိုးတဲ့နည်းပဲဖြစ်ပါတယ်။ ခွေးများကို ခွေးရူးကာကွယ်ဆေးထိုးခြင်းက အထိရောက်ဆုံးနည်းလမ်းဖြစ်ပြီး ခွေးရူးရောဂါကြောင့် လူသေဆုံးမှုနှုန်းကိုလျှော့ချပေးတဲ့အပြင် ခွေးကိုက်ခံရတဲ့လူနာများမှာ ကာကွယ်ဆေးထိုးဖိုလိုအပ်တာမျိုးကိုလဲ လျှော့ချပေးနိုင်ပါတယ်။

လူတွေမှာကာကွယ်ဆေးထိုးတာကတော့ ပိုးရှိတဲ့တိရိစ္ဆာန်နဲ့ အကိုက်၊အကုတ်ခံရပြီး သွားရည်နဲ့ထိတွေ့မှုရှိပြီးမှသာထိုးလေ့ရှိပြီး ထိတွေ့မှုမရှိမှီမှာကြိုထိုးထားတာမျိုးကတော့ နည်းပါတယ်။ ပိုးရှိတဲ့တိရိစ္ဆာန်နဲ့ထိတွေ့မှုမရှိဘဲ ကာကွယ်ဆေးကြိုထိုးထားသင့်တဲ့လူတွေကတော့ ဓါတ်ခွဲခန်းမှာ ခွေးရူးရောဂါပိုးနဲ့ထိတွေ့အလုပ်လုပ်ရသူများ၊ တိရိစ္ဆာန်နှင့်ပတ်သတ်သည့်ရောဂါထိန်းချုပ်ရေးဌာနများတွင် အလုပ်လုပ်သူများမှာထိုးနှံထားသင့်ပါတယ်။

ခွေးရူးပြန်ရောဂါကူးစက်ခံရရင် ဘယ်လိုရောဂါလက္ခဏာတွေခံစားရမလဲ?

ခွေးရူးပြန်ရောဂါဟာ များသောအားဖြင့် ၂-၃လနေမှ ရောဂါလက္ခဏာများပြတတ်ပေမယ့် ကူးစက်ခံရတဲ့နေရာ၊ ပိုးပမာဏပေါ်မူတည်ပြီး ၁ပတ်မှ ၁နှစ်အတွင်းကြာမြင့်မှလဲ ပြသတတ်ပါတယ်။ စစချင်းမှာတော့ အဖျားတက်ပြီး အကိုက်ခံရတဲ့နေရာကနာတာ၊ ကျဉ်တာ၊ ပူတာမျိုးကိုခံစားရတတ်ပြီး ရောဂါပိုးဟာ ဦးနှောက်နဲ့အာရုံကြောစနစ်ထဲကိုဝင်ရောက်သွားတဲ့အခါမှာ ရောဂါအခြေအနေက ၂မျိုးဖြစ်သွားနိုင်ပါတယ်။

- Furious rabies ဆိုတာကတော့ အဖြစ်များတဲ့အမျိုးအစားပါ။ လူနာအနေနဲ့ လှုပ်ရှားမှုတွေပိုများလာပြီး အရမ်းစိတ်လှုပ်ရှားကာ ရေကြောက်ခြင်း၊ တခါတရံလေကောင်းလေသန့်ကိုပါကြောက်တာမျိုးဖြစ်တတ်ပါတယ်။ ထိုလူနာများဟာ ရက်အနည်းငယ်ကြာတဲ့အခါမှာ နှလုံးနှင့်အဆုတ်ရပ်ဆိုင်းပြီး အသက်ဆုံးရှုးရပါတယ်။
- Paralytic rabies ဆိုတာကတော့ ၂၀%လောက်မှာသာဖြစ်တတ်ကြပါတယ်။ ထိုလူနာများကတော့ အကိုက်ခံရတဲ့နေရာဝန်းကျင်မှစလို ကြွက်သားများတဖြည်းဖြည်းလှုပ်လိုမရတော့တာမျိုးဖြစ်တတ်ပါတယ်။ နောက်ဆုံးမှာတစ်ကိုယ်လုံးမှ ကြွက်သားများမလှုပ်ရှားနိုင်တော့ဘဲ coma ဝင်ကာသတိမေ့မြောသွားပြီး အသက်ဆုံးရှုးရပါတယ်။


ခွေးရူးအကိုက်ခံရပြီလိုသံသယရှိရင် ဘာတွေလုပ်ဆောင်ရမလဲ?

ပထမဦးစွာ အကိုက်ခံရတဲ့နေရာကို သန့်စင်သောရေ၊ ဆပ်ပြာ၊ အိုင်အိုဒင်း နှင့် ပိုးသတ်နိုင်သောပစ္စည်းများနှင့် ၁၅မိနစ်ခန့်စင်ကြယ်အောင်ဆေးကြောပေးရပါမယ်။ ဆေးကြောအပြီးမှာတော့ နီးစပ်ရာဆေးရုံ၊ ဆေးခန်းများမှာ ကာကွယ်ဆေးသွားထိုးဖိုလိုအပ်ပါမယ်။

#DoctorMM