Blog Detail Pic

ကျွန်မတို့ဟာ လုပ်ငန်းဆောင်တာတွေ လုပ်ကိုင်ရာမှာ အနားမယူဘဲ ဆက်တိုက်လုပ်ကိုင်နိုင်ခြင်းကို ဂုဏ်ယူမိတတ်ကြပါတယ်။

by | 23 May 2022

ကျွန်မတို့ဟာ လုပ်ငန်းဆောင်တာတွေ လုပ်ကိုင်ရာမှာ အနားမယူဘဲ ဆက်တိုက်လုပ်ကိုင်နိုင်ခြင်းကို ဂုဏ်ယူမိတတ်ကြပါတယ်။ တစ်ခါတရံ အိပ်ချိန်ထဲကတောင် ဖဲ့ယူတတ်ကြပါတယ်။ ဒါဟာ တကယ်တော့ မှားယွင်းနေပါတယ်။ အိပ်ချိန်နည်းပါးစွာနဲ့ လုပ်ကိုင်ဆောင်ရွက်ရင် ဘယ်လိုဆိုးကျိုးတွေ ရနိုင်သလဲဆိုတာ ဆက်လက်ဖော်ပြလိုပါတယ်။

💢ကိုယ်အလေးချိန်တိုးခြင်း

အိပ်ရေးပျက်ခြင်းဟာ စားသောက်မှုပုံစံကို ထိခိုက်စေပြီး အဝလွန်ခြင်းကိုပါ ဖြစ်ပေါ်စေပါတယ်။ စစ်တမ်းတခုမှာဖော်ပြချက်အရ တစ်နေ့ကို ၆နာရီအောက် အိပ်စက်သူများဟာ ၇-၉နာရီအိပ်စက်သူများထက် အဝလွန်နိုင်ခြေ ၃၀ရာခိုင်နှုန်း ပိုများတယ်လို့ ဆိုပါတယ်။

💢ကျန်းမာရေးကို ထိခိုက်နိုင်ခြင်း

မအိပ်မနေ အသက်ရှည်ဆိုတဲ့ ဆိုရိုးစကားရှိပါတယ်။ ရေရှည်အတွက်တော့ မမှန်နိုင်ပါဘူး။ အိပ်ရေးပျက်ခြင်းကြောင့် နှလုံးရောဂါ၊ နှလုံးထိခိုက်ခြင်း ၊ နှလုံးအလုပ်မလုပ်ခြင်း၊ နှလုံးခုန်စည်းချက်မမှန်ခြင်း၊ သွေးတိုးခြင်း၊ လေဖြတ်ခြင်း၊ ဆီးချို စတဲ့ပြသနာတွေ ပိုမိုဖြစ်နိုင်ခြေ များပါတယ်။ လေ့လာမှုတွေအရ နှစ်ခြိုက်စွာ အိပ်စက်ခြင်းမရှိသူများရဲ့ ၉၀ရာခိုင်နှုန်းဟာ တခြားကျန်းမာရေးပြဿနာတစ်ခုခု ရှိနေနိုင်ပါတယ်လို့ ဆိုပါတယ်။

💢လိင်စိတ်ဆန္ဒနည်းပါးခြင်း

မကြာခဏ အိပ်ရေးပျက်သူများဟာ လိင်စိတ်ဆန္ဒနည်းပါးပြီး လိင်မှုကိစ္စမှာ စိတ်ပါဝင်စားမှု လျော့လာတယ်လို့ ဆိုပါတယ်။ စွမ်းအင်ကုန်ခမ်းခြင်း၊ အိပ်ငိုက်ခြင်း၊ စိတ်ဖိစီးမှုမြင့်မားခြင်း စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။

💢စိတ်ကျခြင်း

အိပ်ရေးမဝခြင်းနဲ့ စိတ်ကျခြင်းဟာ အပြန်အလှန်ဆက်နွယ်နေတတ်ပါတယ်။ အိပ်ရေးမဝရင် စိတ်ကျခြင်းလက္ခဏာတွေ ပေါ်လာတတ်သလို စိတ်ကျခြင်းကြောင့်လည်း ပိုမိုအိပ်ပျော်ဖို့ ခဲယဉ်းပါတယ်။ အကော်ငးဖက်က ကြည့်ရင်တော့ အိပ်မပျော်ခြင်းကို ကုစားရင်း စိတ်ကျခြင်းအခြေအနေကိုပါ လျော့ပါးသွားစေနိုင်ပါတယ်။

💢အသားအရေကို ထိခိုက်စေခြင်း

အိပ်ရေးဆက်တိုက်ပျက်လာရင် အသားအရေခြောက်သွေ့ပြီး မျက်နှာပေါ်မှာ အရေးအကြောင်းတွေ၊ အမည်းရောင်အစက်အပြောက်တွ ပေါ်လာနိုင်ပါတယ်။ အိပ်ရေးမဝရင် ခန္ဓါကိုယ်ကနေ ကော်တီဆောလို့ခေါ်တဲ့ ဟော်မုန်းကို ပိုမိုထုတ်လုပ်ပါတယ်။ ကော်တီဆောဟော်မုန်းများလာရင် အရေပြားက ကော်လဂျင်ဓါတ်တွေကို ပျက်စီးစေတာကြောင့် အသားအရေခြောက်သွေ့ခြင်း၊ တင်းရင်းမှုလျော့ပါးခြင်းကို ဖြစ်စေပါတယ်။

💢ကိုယ်ရည်ကိုယ်သွေးကျဆင်းခြင်း

အိပ်ရေးပျက်များလာရင် တွေးခေါ်မှတ်သားမှု အားနည်းလာပါမယ်။ အာရုံစိုက်ခြင်း၊ နိုးကြားခြင်း လျော့ပါးလာနိုင်ပါတယ်။ ဒီအခါမှာ သင့်ရဲ့ စာသင်ခန်း (သို့) လုပ်ငန်းခွင်မှာ သင့်ရဲ့အရည်အသွေး ကျဆင်းလာမှာ ဖြစ်ပါတယ်။

💢လူ့သက်တမ်းတိုလာခြင်း

ယှဉ်ပြိုင်လုပ်ကိုင်စရာတွေများလာတဲ့ ယနေ့ခေတ်မှာ လူအများဟာ အိပ်စက်ချိန်ကို လျှော့ပြီး အလုပ်တွေပိုလုပ်လာကြပါတယ်။ ဒါကြောင့် ကျန်းမာရေးအားနည်းပြီး လူ့သက်တမ်းလည်း အရင်ထက် တိုတောင်းလာနိုင်ပါတယ်။

အခုဖော်ပြခဲ့တဲ့အချက်တွေဟာ အချိန်လုံလောက်စွာ အိပ်စက်ခြင်းမပြုရင် တွေ့ကြုံရနိုင်တဲ့ဆိုးကျိုးတွေ ဖြစ်ပါတယ်။ မိမိဘဝတလျှောက်မှာ ကိုယ်ပိုင်စွမ်းအင်တွေကို ထိရောက်စွာ အသုံးပြုဖို့၊ ပြန်လည်ဖြည့်တင်းနိုင်ဖို့အတွက် ကောင်းစွာအိပ်စက်အနားယူနိုင်ဖို့ လိုအပ်ကြောင်း တင်ပြလိုက်ပါတယ်။