Blog Detail Pic

အိပ်စက်ခြင်း ဆိုတာ အလုံးစုံကျန်းမာရေးအတွက် အခြေခံကျတဲ့ အချက်ပါ။

by | 24 May 2022

အိပ်စက်ခြင်း ဆိုတာ အလုံးစုံကျန်းမာရေးအတွက် အခြေခံကျတဲ့ အချက်ပါ။ တစ်နေ့တာရဲ့ ၃ပုံ ၁ပုံလောက်ကို အချိန်ပေးရလောက်အောင်ကို အိပ်စက်ခြင်းက အရေးကြီးပါတယ်။ အိပ်ရေးဝတဲ့ နေ့နဲ့ မဝတဲ့နေ့က အတော်ကွာပါတယ်။

အိပ်ရေးဝတဲ့သူတွေေကို ကြည့်လိုက်ရင် အားအင်အပြည့်နဲ့ လန်းဆန်းနေမှာပါ။ အိပ်ရေးဝတဲ့ ရက်တွေဆို သင်ယူရတာ လည်း ခေါင်းထဲ ပိုဝင်သလို၊ စိတ်နဲ့ ကိုယ်နဲ့လည်း ကပ်ပါတယ်။ ဖန်တီးနိုင်စွမ်းတွေ တက်ပြီး စိတ်လည်း ကြည်နေမှာပါ။ ခုခံအားလည်း ကောင်းစေပါတယ်။

ဒါနဲ့ ပြောင်းပြန် အိပ်ရေး မဝရင်တော့ လူက နုံးနေပြီး စိတ်မကြည့်ဘဲ ဖြစ်နေမှာပါ။ အားလည်း မရှိ၊ စိတ်နဲ့ ကိုယ်နဲ့လည်း ကပ်မှာ မဟုတ်ပါဘူး။ ဒီလိုနဲ့ အိပ်ရေးမဝတာ ကြာလာရင် တဖြည်းဖြည်းနဲ့ ကျန်းမာရေးနဲ့ ထိခိုက်လာမှာပါ။

ကျန်းမာစေတဲ့ အိပ်စက်ခြင်းရဖို့ အိပ်ချိန်ကလည်း အရေးကြီးပါတယ်။ National Sleep Foundation က အရွယ်ရောက်ပြီးသား လူတစ်ယောက်က တစ်နေ့ကို ၇-၉ နာရီ၊ ၆၅ နှစ်အထက်ဆို တစ်ညကို ၇-၈ နာရီ အိပ်စက်သင့်တယ်လို့ ဆိုပါတယ်။ ကလေးတွေကတော့ ကြီးထွားနေတဲ့အရွယ်မို့လို့ လူကြီးတွေထက် ပိုလိုပါတယ်။ အရွယ်အလိုက် ကွာခြားချက်ရှိပြီး ကလေးသေးသေးလေးတွေဆို တစ်ညကို ၁၇နာရီ၊ မြီးကောက်ပေါက်လေးတွေဆို ၈-၁၀ နာရီ လိုပါတယ်။

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်မှ အိပ်ရေးဝတဲ့ ခံစားချက်မျိုး ရတာပါ။ အိပ်ချိန်ပြည့်ပေမယ့် ကြားထဲမှာ ခဏခဏ ထနေရရင် ဒါကျန်းမာစေတဲ့ အိပ်ခြင်း မဖြစ်ပါဘူး။ ခဏခဏ နိုးနေတာက အိပ်စက်တဲ့ အဆင့်တွေကို အနှောင့်အယှက် ဖြစ်စေပါတယ်။ ဥပမာ အိပ်နေတုန်း အသက်ရှူရပ်တတ်တဲ့ ရောဂါရှိတဲ့သူဆိုရင် အသက်ရှူရပ်ရပ်သွားတာကြောင့် လန့်နိုးတတ်ပါတယ်။ သူတို့အနေနဲ့ အိပ်ချိန် ပြည့်ကောင်း ပြည့်နိုင်ပေမယ့် နေ့ဘက်တွေမှာ အိပ်ငိုက်နေပါလိမ့်မယ်။

အိပ်ချိန်ပြည့်ပေမယ့် အိပ်ချိန်မမှန်တဲ့အခါ ကျန်းမာစေတဲ့ အိပ်စက်ခြင်း မရပါဘူး။ တစ်နေ့ကို ၈နာရီ အိပ်ပေမယ့် ည ၁၀နာရီကနေ မနက် ၆နာရီထိ အိပ်တဲ့သူနဲ့ မနက် ၃နာရီကနေ နေ့လယ် ၁၁နာရီထိ အိပ်တဲ့သူ မတူပါဘူး။ နေ့လည် ၁၁ လောက်မှထတာက အိပ်ချိန်ပြည့်ပေမယ့် လူက နုန်းနေသလို အိပ်ရေးမဝသလိုမျိုး ခံစားနေရတတ်စေပါတယ်။

ကိုယ်အိပ်စက်တဲ့ ပုံစံက ကျန်းမာစေရဲ့လားဆိုတာ အောက်ပါ အချက်တွေနဲ့ စစ်ဆေးနိုင်ပါတယ်။
• မနက်မှာ ကြည်ကြည်လင်လင် နိုးရဲ့လား
• အားပြည့် အင်ပြည့် အလုပ်လုပ်နိုင်ရဲ့လား
• စိတ်ကြည်ရဲ့လား
• အာရုံစူးစိုက်နိုင်ရဲ့လား ဆိုတာတွေနဲ့ပါ။

ဒါနဲ့ ပြောင်းပြန် အိပ်တဲ့ ပုံစံမမှန်ဘူးဆိုရင်တော့ အောက်ပါအချက်တွေ ရှိနေမှာပါ။
• မနက်ဆို မထနိုင်တာ
• အာရုံစူးစိုက်လို့ မရတာ
• စိတ်တိုစိတ်ဆတ်တာ၊ စိတ်ရှုပ်ထွေးပြီး စိတ်ဓာတ်ကျတာ
• အိပ်ငိုက်နေတာ၊ နေ့ဘက်မှာ ပြန်မှေးဖို့ လိုနေတာ
• ပိတ်ရက်တွေမှာ အချိန်ကြာကြာ ဒါမှမဟုတ် နောက်ကျမှ အိပ်နေမိတာ စတာတွေပဲ ဖြစ်ပါတယ်။

ဒီအချက်တွေ ရှိနေပြီဆိုရင်တော့ ကိုယ့်ရဲ့ အိပ်စက်ခြင်း ပုံစံကို ပြန်စစ်ဆေးပြီး ပြုပြင်ဖို့ လိုနေပါပြီ။ ကိုယ့်ရဲ့ အိပ်ရာ၊ တစ်နေ့တာ အလုပ်တွေ၊ အိပ်ခါနီး လုပ်တတ်တဲ့ အကျင့်တွေကို ပြောင်းလဲဖို့ လိုနေပါပြီ