Blog Detail Pic

👩‍⚕️ကလေး၊ လူကြီးမရွေးဖြစ်တတ်တဲ့ နားကိုက်ဝေဒနာ သက်သာစေဖို့ နည်းလမ်းကောင်းများ👂

by | 27 May 2022

👩‍⚕️ကလေး၊ လူကြီးမရွေးဖြစ်တတ်တဲ့ နားကိုက်ဝေဒနာ သက်သာစေဖို့ နည်းလမ်းကောင်းများ👂

နားကိုက်ဝေဒနာဟာ လူကြီး၊ လူငယ်၊ ကလေးမရွှေးဖြစ်တတ်ကြပါတယ်။ ကလေးတွေမှာ ပို အဖြစ်များတယ်လို့ပြောလို့ရတယ်။ နားတဖက်တည်းကိုက်တာလဲ ဖြစ်တတ်သလို၊ နှစ်ဖက်ကိုက်တာလဲ ဖြစ်နိုင်တယ်။ ကိုက်တဲ့အချိန်မှာ စူးအောင့်ပြီး တဆစ်ဆစ်ကိုက်နေတတ်တဲ့အတွက် အလွန်ပဲ အနှောင့်အယှက်ပေးလှပါတယ်။

နားကိုက်ရင် ဘယ်လို လက္ခဏာတွေပါတွဲပြီးခံစားရနိုင်လဲ ?

လူကြီးတွေမှာဆိုရင် - နားကိုက်တာအပြင် အကြားအာရုံသိပ်မကောင်းတော့တာ၊ နားထဲက အရည်ထွက်တာတွေရှိတတ်ပါတယ်။

ကလေး‌တွေမှာဆိုရင် - နားကောင်းကောင်းမကြားတာ၊ ဖျားတာ၊ ခေါင်းကိုက်တာ၊ နားထဲ တခုခုရှိနေသလိုခံစားရတာ၊ ညမအိပ်တော့တာ၊ အစာမစားတော့တာ၊ ငိုယိုပြီး ငြိမ်ငြိမ် မနေနိုင်တော့တာတွေ ဖြစ်တတ်ပါတယ်။

🤔ဘာကြောင့် နားကိုက်တတ်ပါသလဲ ?

နားကို ထိခိုက်ဒဏ်ရာရထားခြင်း၊ ပိုးဝင်ပြီးပြည်တည်နေခြင်း၊ ပစ္စည်းတစ်ခုခုဝင်ခြင်းကြောင့်နားနာခြင်း၊ အကောင်ကိုက်ခြင်း၊ နားစည်ကွဲခြင်း၊ တခြားနေရာမှနာခြင်းကြောင့် နားမှာပါ နာကျင်ခြင်း စတာတွေကြောင့်အဖြစ်များတတ်ပါတယ်။

တခြားဖြစ်စေတဲ့ အရာတွေကတော့ - နားဖာချေးပိတ်တာ၊ လေထုဖိအားအပြောင်းအလဲကြောင့် နားအူနားကိုက်တာ(လေယာဉ်စီးခြင်း)၊ နှာခေါင်းအတွင်းလေအိတ်ရောင်ရမ်းခြင်းကြောင့် နားကိုက်ခြင်း(Sinusitis)၊ မေးရိုးရောင်ခြင်း၊ သွားကိုက် သွားပိုးစားခြင်း၊ အကြောရောင်ခြင်း (Chronic Facial Nerve Pain )

🦠>ဘယ်လို အချိန်မှာ ပိုးဝင်တတ်သလဲ ?

နားရဲ့ ဖွဲ့စည်းပုံမှာ အခန်း ၃ခန်းရှိပါတယ်။ အပြင်၊ အလည် ၊အတွင်းဆိုပြီးရှိပါတယ်။

အပြင်နေရာမှာ ပိုးဝင်တာက ရေကူးတာ၊ နားကြားကိရိယာကို အချိန်အကြာကြီးတပ်ဆင်တာ၊နားကလော်ရာကနေထိခိုက်မိတာ၊ နားကျပ်ကို အချိန်အကြာကြီးနားထောင်ခြင်းကြောင့် ထိခိုက်ရာကနေဖြစ်နိုင်ပါတယ်။

အလည်နေရာနဲ့ အတွင်းနေရာကိုတော့ အသက်ရူလမ်းကြောင်းဆိုင်‌ရာ ရောဂါပိုးတွေပြန့်ရာကနေဖြစ်နိုင်တယ်။ နားစည်အ‌နောက်မှာ အရည်စုလာပြီး ဘက်တီးရီးယားပိုးတွေပေါက်ပွားရာကနေဖြစ်တာပါ။

>>အိမ်မှာနေရင်း နားကိုက်သက်သာအောင် ဘယ်လိုနေမလဲ ?🥰

-ရေခဲကို ပိတ်စနဲ့ခံပြီး 10mins လောက်ကပ်ပေးပါ သို့မဟုတ် ရေအေးစွတ်ထားသော ပိတ်စဖြင့် အုပ်ထားပေးတာလဲ သက်သာပါတယ်
-နားထဲကို ရေလောင်းချတာ၊ နားအတွင်းထဲထိအလွန်အကျွံဆေးတာ ရှောင်ပါ
-အနာသက်သာဆေး၊ အရောင်ကျဆေးသောက်လို့ရပါတယ်
-ပီကေဝါးတာလဲ နားကိုက်တာသက်သာစေတတ်ပါတယ်

>>>ဒါဆိုဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသင့်ပြီလဲ ?<<<☝️

-လူကြီးဖြစ်ဖြစ် ၊ကလေးဖြစ်ဖြစ် နားကိုက်တာအပြင် -
အပြင်းဖျားတာ ( လူကြီး -104°F နှင့်အထက် ၊ ကလေး -101°F နှင့်အထက်)

-မခံမရပ်နိုင်အောင် နာနေရင်း ရုတ်တရက် အနာရပ်သွားခြင်း (နားစည်ပေါက်သွားတာ ဖြစ်နိုင်ပါတယ်)

-ချာချာလည်မူးခြင်း၊ မခံနိုင်အောင် ခေါင်းကိုက်ခြင်း၊ နားတဝိုက် ရောင်ရမ်းနေ
ခြင်း၊ သွေး၊ပြည်ထွက်ခြင်း စတာတွေရှိရင်တော့ အထွေထွေဆရာဝန် သို့မဟုတ် နား၊ နှာခေါင်းဆရာဝန်နှင့် ပြသင့်ပါပြီ။

#DoctorMM