Blog Detail Pic

အအိပ်လွန်ရောဂါဆိုတာ....

by | 02 Nov 2021

အအိပ်လွန်ရောဂါဆိုတာ ပုံမှန်အိပ်ချိန်မှာမဟုတ်ဘဲ ရုတ်တရက် အိပ်ပျော်တတ်တဲ့ နာတာရှည်ဦးနှောက်ရောဂါ ဖြစ်ပါတယ်။ ဒီရောဂါဖြစ်နေတဲ့သူမှာ ဦးနှောက်ဟာ ပုံမှန် အိပ်ချိန်ထချိန်တို့ကို မှန်အောင်မထိန်းချုပ်နိုင်တော့ပါဘူး။ ဒါကြောင့် ညဘက်မှာ အိပ်မပျော်ဖြစ်ပြီး နေ့ဘက်မှာ အိပ်ငိုက်တာ၊ အိပ်ချင်စိတ်ကြောင့် အာရုံမစူးစိုက်နိုင်တာ၊ ရုတ်တရက် အိပ်ပျော်သွားတတ်တာ၊ ကြွက်သားတွေကို မထိန်းချုပ်နိုင်တော့ဘဲ ရုတ်တရက် ရယ်တာ၊ ဒေါသထွက်တာစတဲ့ မျက်နှာအမူအရာတွေကို မလုပ်နိုင်ဖြစ်တတ်ပါတယ်။ ဒါ့အပြင် ပြန်နိုးလာချိန်ခဏအတွင်း စကားမပြောနိုင်တာ၊ လှုပ်လို့မရတာ (sleep paralysis) လဲဖြစ်တတ်ပါတယ်။ အအိပ်လွန်ရောဂါဟာ ကိုယ်ခန္ဓာကိုရေရှည်ထိခိုက်စေတဲ့ ကျန်းမာရေးပြဿနာတော့ မဟုတ်ပေမယ့် ကြာလာရင် နေ့စဉ်အလုပ်တွေနဲ့ လူမှုဆက်ဆံရေးကို ထိခိုက်စေနိုင်ပါတယ်။

ရောဂါလက္ခဏာများ

အအိပ်လွန်ရောဂါကို ခံစားနေရတဲ့သူတွေဟာ တစ်ဦးနဲ့တစ်ဦးရောဂါ လက္ခဏာတွေ တထပ်တည်းမတူညီနိုင်ပါဘူး။ ဒါပေမယ့် ရောဂါလက္ခဏာတစ်ခုတည်းကိုတော့ ထပ်ခါထပ်ခါ ခံစားရပါတယ်။ ရောဂါလက္ခဏာတွေဟာ နှစ်နဲ့ချီမှ တဖြည်းဖြည်းပေါ်လာနိုင်သလို ရက်သတ္တပတ်အတွင်းလဲ ရုတ်တရက်ပေါ်လာနိုင်ပါတယ်။ အသက်ကြီးလာလေ ပိုဆိုးလာလေဖြစ်နိုင်ပါတယ်။

အအိပ်လွန်ရောဂါရဲ့ လက္ခဏာတွေကတော့
- နေ့လည်ဘက်အလွန်အကျွံ အိပ်ငိုက်ခြင်း
အများစုမှာတွေ့ရတဲ့ အအိပ်လွန်ခြင်းရဲ့ ရှေးဦးလက္ခဏာဖြစ်ပါတယ်။ နေ့လည်ခင်းမှာ အမြဲအိပ်ငိုက်နေပြီး အိပ်ချင်စိတ်ကို အမြဲတွန်းလှန်နေရတာကြောင့် ကျောင်းစာနဲ့အလုပ်တွေမှာ အာရုံမစိုက်နိုင်ဖြစ်လာတတ်ပါတယ်။ ဒီရောဂါရှင်တွေကို ပတ်ဝန်းကျင်နဲ့ သဟာဇာတမဖြစ်တဲ့သူ၊ စိတ်ဆိုးလွယ်တဲ့သူ၊ ငပျင်းတွေအဖြစ်တွေ့ရတတ်ပါတယ်။

- ရုတ်တရက်အိပ်ပျော်တတ်ခြင်း
စကားပြောနေစဉ်၊ အစားစားနေစဉ်မှာတောင် အိပ်ပျော်သွားတတ်ကြပါတယ်။ တချို့မှာ အိပ်ငိုက်သွားသလို ခဏပဲဖြစ်တတ်ပြီး တချို့မှာ အကြာကြီး အိပ်ပျော်သွားတတ်တာတွေလည်းရှိပါတယ်။ ဒီရောဂါကို မကုသရင် တစ်နေ့တည်းမှာဘဲ ရုတ်တရက်အိပ်ပျော်ခြင်း ခဏခဏ ဖြစ်နေတတ်ပါတယ်။ လမ်းသွားရင်း၊ အလုပ်လုပ်ရင်း ဒီလိုအိပ်ပျော်နေရင်တော့ မတော်တဆ ထိခိုက်မှုတွေဖြစ်နိုင်လို့ အထူးသတိထားရပါမယ်။

- ရုတ်တရက် ကြွက်သားများအားနည်းခြင်း၊ မထိန်းချုပ်နိုင်ခြင်း
ကြွက်သားများ အားနည်းခြင်းကြောင့် လှုပ်ရှားမှုများကို မထိန်းချုပ်နိုင်ဖြစ်ကာ ရုတ်တရက် စိတ်လှုပ်ရှားခြင်း၊ ရယ်ခြင်း၊ စိတ်ဆိုးခြင်းတို့ဖြစ်စဉ်တွင် ပါးစပ်စေ့၍မရခြင်း၊ ခေါင်းငိုက်စိုက်ကျခြင်း၊ ခြေထောက်များမသယ်နိုင်ခြင်း၊ စကား ပလုံးပထွေးပြောခြင်း၊ အမြင်များ မထင်ရှားခြင်း၊ နှစ်ထပ်မြင်ခြင်းတို့ ဖြစ်တတ်ပါတယ်။ ကြွက်သားမထိန်းချုပ်နိုင်ခြင်းဟာ ခဏအတွင်းပြန်ကောင်းနိုင်သလို အချိန်အနည်းငယ်ကြာမှ ပြန်ကောင်းတာတွေလဲ ရှိပါတယ်။ ဒီပြဿနာတွေကြောင့် ရောဂါသည်တွေဟာ စိတ်ဓာတ်ကျတာ၊ လူကြားသူကြားထဲ မသွားဘဲ တစ်ဦးထဲ သီးခြားဖြစ်လာတာတို့ကိုတွေ့ရပါတယ်။

- အိပ်ပျော်စဉ်နှင့် ပြန်နိုးလာချိန်တို့တွင် မလှုပ်နိုင်ခြင်း၊ စကားမပြောနိုင်ခြင်း
လှုပ်မရတာ၊ စကားပြော၍မရတာတွေဟာ ခဏအတွင်းပြန်ကောင်းနိုင်ပေမယ့် ရုတ်တရက်တော့ လန့်သွားနိုင်ပါတယ်။

အခြားလက္ခဏာများအနေနဲ့
- တကယ်မရှိသော အရာများကို မြင်ယောင်ခြင်း၊ ကြားယောင်ခြင်း
- မှတ်ဉာဏ်ချို့ယွင်းခြင်း
- ခေါင်းကိုက်ခြင်း
- အလွန်အမင်းပူခြင်း၊ အိမ်မက်ဆိုးများမက်ခြင်းတို့ကြောင့် ခဏခဏလန့်နိုးခြင်း
- စိတ်ဖြင့် မထိန်းချုပ်ဘဲ အလိုအလျောက်ပြုမူခြင်း
- စိတ်ဓာတ်ကျခြင်းတို့လဲ ဖြစ်နိုင်ပါတယ်။

အအိပ်လွန်ရောဂါ ဘာလို့ဖြစ်လဲ

အအိပ်လွန်ရောဂါဟာ ဦးနှောက်အတွင်းရှိ ပုံမှန်အိပ်ချိန်ကို ထိန်းချုပ်ပေးတဲ့ အော်ရီဇင် (orexin) ဆိုတဲ့ ဓာတုပစ္စည်းကို ခန္ဓာကိုယ်ရဲ့ ခုခံအားအဖွဲ့အစည်းက မှားပြီးဖျက်ဆီးမိလို့ ဖြစ်ရတာပါ။ ဟော်မုန်းအပြောင်းအလဲဖြစ်တဲ့ အပျိုဖော်ဝင်အရွယ်နဲ့ သွေးဆုံးချိန်တွေမှာလဲ ဖြစ်တတ်ပါတယ်။ စိတ်ဖိစီးမှုများတာ၊ အိပ်ချိန်အပြောင်းအလဲဖြစ်တာနဲ့ တုပ်ကွေးဖြစ်ချိန်တို့နဲ့လည်း ဆိုင်ပါတယ်။ ဒါ့အပြင် ဦးခေါင်းကိုထိခိုက်မိခြင်း၊ ဦးနှောက်အတွင်း အကျိတ်ဖြစ်ခြင်း၊ ဦးနှောက် အမြှေးရောင်ခြင်းတို့ကြောင့် ဦးနှောက်အတွင်း အောရီဇင်ထုတ်တဲ့ နေရာကိုထိခိုက်မိပြီး အအိပ်လွန်ရောဂါရနိုင်ပါတယ်။

အအိပ်လွန်ရောဂါကို ဘယ်လိုကုရမလဲ

အအိပ်လွန်ရောဂါကို လုံးဝပျောက်အောင်တော့ ကုလို့မရပါဘူး။ အိပ်ချိန်တွေကိုုပြောင်းခြင်း၊ ဆေးသောက်ခြင်းဖြင့် ရောဂါ လက္ခဏာတွေကို သက်သာအောင် လုပ်နိုင်ပါတယ်။ တစ်နေ့လုံး အိပ်ငိုက်မနေအောင် နေ့လည်ခင်းမှာ တစ်ရေးအိပ်တဲ့အကျင့်ကိုလုပ်ပါ။ ဘာကိစ္စတွေပဲရှိရှိ ပုံမှန်အချိန်မှာ အိပ်ရာဝင်ပါ။ အရက်နှင့် ဆေးလိပ်တို့ကိုရှောင်ပါ။ လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။ ရောဂါရှိသူများအနေဖြင့် မိမိတွင ်အအိပ်လွန်ရောဂါရှိကြောင်း အလုပ်ရှင် သို့မဟုတ် ဆရာအားပြောထားပါ။ နားလည်မှုဖြင့်တရေးအိပ်ချိန်ရပါက အလုပ်ခွင်နှင့် ကျောင်းတို့တွင် မလိုလားအပ်သော ဆိုးကျိုးများကို လျှော့ချနိုင်ပါတယ်။ ကားမောင်းနေသူဖြစ်ပါက ကားမောင်းခြင်းကို ရပ်သင့်ပါတယ်။ မဖြစ်မနေ မောင်းရန်ရှိပါကလည်း ဆရာဝန်နှင့်တိုင်ပင်ပြီး ရောဂါအခြေအနေ သက်သာနေမှသာ မောင်းသင့်ပါတယ်။ ရုတ်တရက်ကြွက်သားအားနည်းခြင်း၊ နေ့လည်ခင်းအိပ်ငိုက်ခြင်း တို့ကိုလျှော့ချရန် ဆရာဝန်နဲ့ တိုင်ပင်ပြီး အာရုံကြောအဖွဲ့အစည်းကိုလှုံ့ဆော်သည့် ဆေးများဖြင့် ကုသမှုခံယူနိုင်ပါတယ်။