Blog Detail Pic

ခေါင်းတစ်ခြမ်းကိုက်ခြင်း

by | 01 Jun 2022

ခေါင်းကိုက်တာကို တစ်ခြမ်းပဲ ကိုက်ဖူးလား ? 🤕



ခေါင်းတစ်ခြမ်းကိုက်ခြင်း ဆိုတာဘာလဲ?



ခေါင်းတခြမ်းကိုက်ခြင်း ဆိုတာကတော့ ပြင်းထန်ပြီး ခေါင်းထိုးကိုက်တဲ့ရောဂါတစ်မျိုးဖြစ်ပြီး များသောအားဖြင့် ခေါင်းတခြမ်းကိုက်တတ်ကြပါတယ်။ တစ်ခါဖြစ်ပြီဆိုရင် နာရီပိုင်းလောက်ကနေစပြီး ရက်နဲ့ချီကြာနိုင်သလို အရင်းပြင်းထန်လာတဲ့အခါမှာ နေ့စဉ်လှုပ်ရှားသွားလာနေမှုတွေကိုပါ ထိခိုက်နိုင်ပါတယ်။



ဘာတွေက ခေါင်းတခြမ်းကိုက်ခြင်းကို ဖြစ်စေလဲ?



- အမျိုးသမီးများမှာ ဟော်မုန်းအပြောင်းအလဲများ

- အရက်၊ ၀ိုင်၊ ကော်ဖီစတာတွေ အသောက်များခြင်း

- စိတ်ဖိစီးမှု

- ကျယ်လောင်တဲ့အသံများ၊ အရမ်းစူးတဲ့အလင်းရောင်များ၊ စူးရှတဲ့အနံ့များ

- အိပ်ချိန်မမှန်ခြင်း၊ အိပ်ရေးမ၀ခြင်း

- ကိုယ်ကာယလှုပ်ရှားမှုများ

- ရာသီဥတုအပြောင်းအလဲများ

- သွေးကြောကျယ်စေတဲ့ဆေးများ၊ ကိုယ်ဝန်တားဆေးများ

- အစာများထဲပါဝင်တဲ့ အချိုမှုန့်များ၊ ဟင်းခပ်မှုန့်များ ကြောင့် ခေါင်းကိုက်တတ်ပါတယ်။



ခေါင်းတခြမ်းကိုက်ပြီဆိုရင် ဘယ်လိုတွေခံစားရတတ်လဲ?



ခေါင်းတခြမ်းကိုက်ခြင်းကတော့ ကလေး၊ လူကြီးအရွယ်မရွေးဖြစ်တတ်ပြီး

Prodrome, Aura, Attack, Postdrome ဆိုပြီး အဆင့် ၄ဆင့်ဖြစ်တတ်ပါတယ်။



▫️ Prodrome

Prodrome ဆိုတာက ခေါင်းတခြမ်းကိုက်ခြင်း မခံစားရခင် ၁ရက် ၂ရက်လောက်အလိုမှာပြတတ်တဲ့ရှေ့ပြေးလက္ခဏာတွေဖြစ်ပါတယ်။ ဖြစ်တတ်တဲ့လက္ခဏာတွေကတော့ :-



- ဝမ်းချုပ်ခြင်း

- စိတ်ခံစားမှုများပြောင်းလဲခြင်း (စိတ်ဓါတ်ကျနေရာမှ ရုတ်တရက်ပျော်ရွှင်လာခြင်း)

- အစာတစ်မျိုးမျိုးကို အရမ်းစားချင်လာခြင်း

- လည်ပင်း၊ ဇာတ်တောင့်တင်းလာခြင်း

- ဆီးသွားများလာခြင်း

- ခဏခဏသန်းဝေပြီးအိပ်ချင်လာခြင်း



▫ Aura

Aura ဆိုတာကတော့ ပြန်ပြောင်းနိုင်တဲ့အာရုံကြောဆိုင်ရာလက္ခဏာတချို့ဖြစ်ပါတယ်။ တချို့လူတွေမှာ ခေါင်းတခြမ်းမကိုက်ခင်မှာဖြစ်တတ်ပြီး တချို့ကတော့ ခေါင်းကိုက်နေတုန်းမှာလဲ ဖြစ်တတ်ပါတယ်။ Aura လက္ခဏာများဟာ တဖြည်းဖြည်းချင်းမိနစ်အနည်းငယ်မှ ၁နာရီလောက်အထိကြာတတ်ပါတယ်။ ဖြစ်တတ်တဲ့လက္ခဏာတွေကတော့ :-

- ပုံသဏ္ဏာန်မျိုးစုံမြင်နေရခြင်း၊ အစက်အပျောက်များ၊ အလင်းရောင်များမြင်ရခြင်း

- အမြင်အာရုံခဏပျောက်ကွယ်သွားခြင်း

- လက်မောင်းနှင့် ခြေထောက်များမှာ အပ်နှင့်ထိုးသလိုတဆစ်ဆစ်ခံစားရခြင်း

- မျက်နှာနှင့် ကိုယ်ခန္ဓာတစ်ခြငမ်း ထုံကျဉ်ခြင်း၊ အားလျော့လာခြင်း

- စကားပြောရခက်ခဲလာခြင်း



▫️ Attack

Attack ကတော့ ခေါင်းကိုက်ဝေဒနာ တကယ်ခံစားနေရတဲ့အချိန်ဖြစ်ပြီး မကုသဘဲထားရင် ၄နာရီမှ ၇၂နာရီလောက်အထိ ကြာမြင့်နိုင်ပါတယ်။ ခေါင်းတခြမ်းကိုက်ခြင်းက ဘယ်လောက်ကြာရင်တစ်ခါဖြစ်တတ်လဲဆိုတာကတော့ တစ်ယောက်နဲ့တစ်ယောက်မတူပါဘူး။ ဝေဒနာ ခံစားနေရတုန်းမှာ

- ခေါင်းတစ်ခြမ်းကိုက်တာ၊ တခါတလေခေါင်းတစ်ခုလုံးကိုက်တာ

- အလင်း၊ အသံများကိုမခံနိုင်တာ၊ တခါတရံ အထိအတွေ့၊ အနံ့တွေကိုပါမခံနိုင်တာ

- မူးမော်ပြီး အန်တာတွေ ဖြစ်တတ်ပါတယ်။



▫️ Postdrome

ဒါကတော့ ခေါင်းကိုက်ပြီးသွားတဲ့အခြေအနေပါ။ ဒီကာလမှာ တစ်ကိုယ်လုံးအားမရှိတာ၊ အာရုံထွေပြားနေတာမျိုး တစ်ရက်လောက်အထိခံစားရတတ်ပါတယ်။



ခေါင်းတခြမ်းကိုက်ခြင်းဟာ ပုံမှန်အားဖြင့်တော့ ဆေးရုံဆေးခန်းအမြဲသွားကုသနေရတဲ့ရောဂါမျိုးတော့မဟုတ်ပါဘူး။ ဒါပေမယ့် ခေါင်းအရမ်းကိုက်ပြီး မိုးချုန်းသလိုပြင်းပြင်းထန်ထန်ခေါင်းကိုက်တာမျိုး၊ ကိုယ်အပူချိန်တက်တာ၊ လည်ပင်းတောင့်တင်းတာ၊ ခေါင်းကိုက်ရင်းတက်သွားတာ၊ မြင်ကွင်း၂ထပ်ဖြစ်လာတာ၊ ခန္ဓာကိုယ်အနှံ့ထုံကျဉ်လာတာမျိုးတွေခံစားလာရရင်တော့ နီးစပ်ရာဆေးရုံဆေးခန်းများမှာ အမြန်ဆုံးပြသပြီး ကုသမှုခံယူဖို့ အကြံပြုလိုပါတယ်