Blog Detail Pic

ဂရုပြုစရာ ဝမ်းပျက်ဝမ်းလျှောရောဂါ

by | 07 Jun 2022

မိုးဦးရာသီကာလကျရောက်လာတာနဲ့အတူ မိုးတွင်းမှာအဖြစ်များတဲ့ ရောဂါတွေဟာလည်း မဖိတ်ခေါ်ပဲ ရောက်ရှိလို့လာခဲ့ပါပြီ။ ဒီရောဂါတွေထဲကမှ မပေါ့ဆသင့်တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

ဝမ်းပျက်ဝမ်းလျှောဖြစ်တယ်လို့ ဘယ်အချိန်မှာ သတ်မှတ်လို့ရမလဲ ?

ဝမ်းအရည်ကျဲကျဲကို အကြိမ်များများ (၂ကြိမ်အထက်) သွားရင် ဝမ်းလျှောတယ်လို့ အကြမ်းဖျင်း သတ်မှတ်ကြပါတယ်။ ဒါ့အပြင် ဝမ်းပျက်ဝမ်းလျှောခြင်းကို ပျို့အန်ခြင်း၊ ဗိုက်အောင့်ဗိုက်နာဖြစ်ခြင်းနဲ့ အဖျားငွေ့ငွေ့ရှိတတ်ခြင်း စတဲ့လက္ခဏာတွေနဲ့ ယှဉ်တွဲပြီး တွေ့နိုင်ပါတယ်။

🤒 ဝမ်းအရောင်မည်းတာ၊ ငါးညှီနံ့နံတာ၊ ဆန်ဆေးရေလိုဝမ်းတွေသွားတာ၊ ဆီးသွားနည်းတာ၊ အဖျားကြီးတာ၊ မျက်တွင်းချိုင့်တာ၊ မူးပြီး သတိလစ်လဲကျတာ၊ တက်တာ စတဲ့ လက္ခဏာတွေဖြစ်လာပြီဆိုရင်တော့ ဆရာဝန်တွေနဲ့ သေချာကုသမှုခံယူဖို့ လိုအပ်ပါတယ်။ ဒီလက္ခဏာတွေဟာ ကလေးသူငယ်တွေမှာ ပိုပြီးအဖြစ်များပါတယ်။

ဝမ်းရောဂါဖြစ်စေတဲ့အကြောင်းအရင်းတွေထဲမှာ အဓိကအားဖြင့် အတွေ့ရဆုံးက အစားအသောက်ကနေတစ်ဆင့် ရောဂါပိုးကူးစက်မှုကြောင့်ပဲဖြစ်ပါတယ်။ လူကြီး၊ လူငယ်၊ ကလေး အရွယ်မရွေးဖြစ်နိုင်ပေမယ့် ပေါ့ဆမိရင် ရေဓါတ်ဆုံးရှုံးမှုများပြီး shock ဖြစ်တဲ့ အထိဖြစ်နိုင်ပါတယ်။

ဝမ်းလျှောရင် မမေ့မလျော့သောက်ရမှာကတော့ oral rehydration salt (ခေါ် ) ဓါတ်ဆားရည်ပါ။ ဓါတ်ဆားတစ်ထုပ်ကို ရေ (၁)လီတာနဲ့ဖျော်ပြီး ဝမ်းသွားတာနဲ့အညီ ပြန်သောက်ပေးရပါမယ်။ ဖျော်ပြီး ၂၄ နာရီကျော်သွားရင်တော့ ဆက်သောက်သုံးလို့မရပါဘူး ❌

👶 ကလေးတွေအတွက်ဆိုရင်တော့ zinc ဓါတ်ပါတဲ့ အားဆေးပါတိုက်ရင် ပိုကောင်းပါတယ်။ အူလမ်းကြောင်းအတွက်ကောင်းတဲ့ ဘက်တီးရီးယားတွေပါတဲ့ probiotics တွေလည်း သောက်သုံးနိုင်ပါတယ်။

ဝမ်းရောဂါဖြစ်ပွါးခြင်းမှ ကာကွယ်ဖို့အတွက် ...
✅ လက်ကို ဆပ်ပြာနဲ့ သေချာဆေးကြောပါ။
✅ သန့်ရှင်းလတ်ဆက်တဲ့ အစားအသောက်များကိုရွေးချယ်စားသုံးပါ။
✅ အစားအစာများကို ယင်မနားအောင် ဖုံးအုပ်ထားပါ။
✅ ကလေးငယ်တွေကိုဆိုရင် rota virus ကာကွယ်ဆေးတိုက်ကျွေးပါ။

ဒီနည်းလမ်းတွေနဲ့အတူ မိုးတွင်းမှာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွါးမှု လျော့ချရအောင်လို့ ဒေါတိုက်တွန်းလိုက်ပါတယ်