Blog Detail Pic

ဖုန်းကို လက်က မချနိုင်အောင် စွဲလမ်းနေ​ပြီလား

by | 04 Nov 2021

မနက်မိုးလင်း မျက်စိနှစ်လုံးပွင့်တာနဲ့ မျက်နှာမသစ်၊ သွားမတိုက်သေးဘူး အိပ်ရာလည်းမထသေးဘဲ ပထမဆုံးတန်းလုပ်တာက မိုဘိုင်းဖုန်း အသုံးပြုခြင်းလား? ညဘက် အိပ်ရာဝင်ခါနီး နောက်ဆုံး ပြုလုပ်ခဲ့တာကလည်း ဖုန်းသုံးနေတာပဲလား? ဘတ်စ်ကားပေါ်မှာ ဖုန်းတကြည့်ကြည့်၊ ကျောင်းမှာလည်း ဆဲလ်ဖီ တဆွဲဆွဲ၊ ရုံးမှာလည်း Facebook တပွတ်ပွတ်ဖြစ်နေပြီလား? အိပ်ယာဝင်ချိန်မှာတောင် ဖုန်းလေး ဘေးချပြီးမှ အိပ်နေပြီလား?

ဘယ်အချိန်မဆို ဖုန်းကို တကိုင်ကိုင်နဲ့ ဖြစ်နေတယ်ဆိုရင် ဒါက မိုဘိုင်းလ်ဖုန်းကို နှစ်သက်တဲ့အခြေအနေမျိုးမဟုတ်တော့ပါဘူး။ စွဲလမ်းတဲ့အဆင့်ကို ရောက်နေတာဖြစ်နိုင်ပါတယ်။

ခုလို Work from home, stay home အစီအစဉ်တွေနဲ့ နေအိမ်တွေမှာနေထိုင်နေရတဲ့အချိန်ကာလမျိုးမှာဆိုရင် မိုဘိုင်းလ်ဖုန်းအသုံးပြုတဲ့အချိန်ပမာဏက ပိုမြင့်တက်လာသလို ဆိုရှယ်မီဒီယာတွေမှာ အချိန်ဖြုန်းတဲ့နှုန်းကလည်း ပိုများလာနေပါတယ်။

ပျင်းလို့၊ စိတ်ပျော်ရွှင်ချင်လို့ ဖုန်းကိုပိုသုံးမိပြီး ဖုန်းပိုသုံးမိတော့ ပိုပြီးလက်က မချနိုင်ဖြစ်ရင်း သံသရာလည်နေတယ်ဆိုပါတော့။ ဒီလိုအခြေအနေတွေတင်မကပါဘူး အောက်ပါလက္ခဏာတွေသင့်မှာ ရှိနေပြီဆိုရင် သာမန်စွဲလမ်းမှုမျိုးမဟုတ်တော့ပါဘူး။

• ဖုန်းနဲ့ မကင်းကွာအောင် တမင်ဂရုစိုက်နေထိုင်တာ၊
• ဖုန်းမရှိချိန်တွေမှာ ဟိုဟာလုပ်မှာလိုလို ဒီဟာလုပ်မှာလိုလို ဂဏာမငြိမ်တာ
• ဖုန်းမရှိရင် စိတ်တိုနေဒေါသထွက်နေတတ်တာ၊
• တစ်နေ့ကို ဖုန်းကြည့်ချိန် စခရင်တိုင်းမ် ၈ နာရီထက် ကျော်နေတာ
• နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာ လုပ်ငန်းခွင်မှာ အာရုံစိုက်မှုလျော့ကျလာတာ၊
• လူမှုဆက်ဆံရေးနယ်ပယ်မှာ အားနည်းချက်တွေ သိသာထင်ရှားစွာ ကျဆင်းလာတာမျိုးတွေ ဖြစ်ပေါ်လာပြီဆိုရင်တော့ သင့်မှာ ကျန်းမာရေးပြဿနာရင်ဆိုင်နေရတဲ့ အခြေအနေဖြစ်နေပြီလို့ ဆိုရမှာပါ။

ဒီလို ကျန်းမာရေးပြဿနာကို Nomophobia လို့ခေါ်ပြီး စိတ်ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပါတယ်။ Nomophobia ဝေဒနာ စွဲကပ်လာပြီဆိုရင် လုပ်ငန်းခွင်မှာ အလုပ်ပြီးမြောက်မှုလျော့နည်းတာ၊ အခွင့်အရေးတွေကို မျက်ကွယ်ပြုတာတွေလည်း ပိုများတတ်ပါတယ်။
နောက်ပြီး Nomophobia ဖြစ်နေတဲ့ ကျောင်းသားတွေရဲ့ ၄၀% ဟာ ပညာရေးမှာ အဆင့်ကောင်းကောင်းမဝင်ကြဘူးလို့လည်း လေ့လာချက်တွေကဆိုပါတယ်။

Nomophobia ဆိုတာ ဘာလဲ ဘယ်လဲ?

Nomophobia လို့ခေါ်တဲ့ စိတ်ဝေဒနာတစ်မျိုးကတော့ ကိုယ်လက်ထဲမှာ နေ့စဉ်နဲ့အမျှကိုင်ထားနေရတဲ့ ဖုန်းကြောင့်ဖြစ်တဲ့ စိတ်ဝေဒနာပါ။Nomophobia ဆိုတာက no–mobile-phone phobia ကို အတိုကောက်ရေးထားတာပါ။ ဒီရောဂါကို ၂၀၁၃ ခုနှစ်မှာ တရားဝင်ရောဂါတစ်မျိုးအဖြစ် စတင်သတ်မှတ်ခဲ့ပါတယ်။

ဖုန်းဟန်းသွားချိန်၊ ဘက်ထရီကုန်သွားချိန်၊ လိုင်းမမိချိန်၊ စိတ်တိုတာ၊ စိတ်မရှည်နိုင်တာ၊ စိတ်ဖိစီးတာမျိုးတွေ ဖြစ်ဖူးပါလား? ဒါမှမဟုတ် ဖုန်းကိုယ့်နားမှာမရှိရင် တစ်ခုခုလိုနေတာလိုလို၊ ဖုန်းမသုံးရရင် စိတ်ထဲ ကနာမငြိမ်ဖြစ်နေတာလို ခံစားချက်မျိုးတွေရော ခံစားနေရပြီလား? ဒါဆိုရင် ကိုယ့်မှာ Nomophobia ရှိနေပြီလား မဖြစ်မနေ ပြန်သုံးသပ်ရပါတော့မယ်။

Nomophobia ဟာ ဒီကနေ့ခေတ်မှာ အဖြစ်များတဲ့ ရောဂါတစ်ခုဖြစ်ပေမယ့် ကာယကံရှင်အများစုဟာ ဝေဒနာခံစားနေရမှန်း မသိရှိကြတာများပါတယ်။ ဒီဝေဒနာဟာ ပြင်းထန်တဲ့ စိတ်ဝေဒနာတစ်မျိုးဖြစ်ပြီး နှလုံးကိုလည်း ထိခိုက်နိုင်တယ်ဆိုတာကိုတော့ ပိုလို့တောင်လူသိနည်းပါသေးတယ်။

ရောဂါလက္ခဏာများ

Nomophobia သမားတွေဟာ အဆင့်တစ်ခုကို ရောက်လာပြီဆိုရင် ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကိုပါ နောက်ဆက်တွဲအဖြစ် ခံစားလာရမှာ ဖြစ်ပါတယ်။ အောက်ပါ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

• သွေးခုန်နှုန်းနဲ့ နှလုံးခုန်နှုန်းမမှန်တာ၊
• အသက်ရှူကျပ်တာ၊
• သောကများတာ၊
• အထီးကျန်တာ၊
• ကိုယ်လက်မအီမသာဖြစ်တာ (သို့) ထိုင်းမှိုင်းတာ၊
• ပျို့ချင်အန်ချင်တာ၊
• စိတ်ဖိစီးမှုများတာ
• ကြောက်ရွံ့၊ ထိတ်လန့်တာတို့ဖြစ်ပါတယ်။
• အထူးသဖြင့် ဖုန်းမသုံးရချိန်၊ ဒါမှမဟုတ် ဖုန်းသုံးရအဆင်မပြေချိန်တွေမှာ ဒီလိုဝေဒနာတွေ ခံစားရနိုင်ပါတယ်။

Nomophobia ဟာ ဒီနေ့ခေတ် လူတွေကြားမှာ မသိမသာနဲ့ ကျယ်ပြန့်စွာ ကပ်ငြိနေတဲ့ ဝေဒနာတစ်မျိုးဖြစ်ပါတယ်။ တချို့ ကျန်းမာရေးပညာရှင်တွေကဆိုရင် ကပ်ဘေးလို့တောင် ဆိုကြပါတယ်။လူတိုင်းနီးပါး စမတ်ဖုန်းတွေကို နေ့စဉ်လူနေမှုအသုံးအဆောင်တွေအဖြစ် အသုံးချနေကြတဲ့ဒီခေတ်မှာ ဒီသုံးသပ်ချက်က မှားယွင်းတယ်လို့ မဆိုသာပါဘူး။

လေ့လာချက်တွေအရလည်း မိုဘိုင်းလ်ဖုန်းသုံးစွဲသူအများစုဟာ သူတို့ရဲ့ ဖုန်းတွေအပေါ် စွဲလမ်းစိတ် အနည်းနဲ့အများဆိုသလို ရှိနေကြပါတယ်။ တစ်ချို့က Nomophobia အဆင့်အထိမရောက်သေးပေမယ့် ရောက်နိုင်ချေရှိနေပြီး တစ်ချို့ကတော့ မသိလိုက်ဘာသာနဲ့ကို စွဲလမ်းတဲ့အဆင့်ကို ရောက်နေပြီလို့ ဆိုပါတယ်။

တကယ်လို့များ ကိုယ်က စမတ်ဖုန်းတွေကို လိုတာထက်ပိုပြီး စွဲလမ်းနေတယ်လို့ခံစားနေရပြီဆိုရင် သေချာပြန်စဉ်းစားပါ။ သာမန်ထက် ပိုစွဲလမ်းနေပြီလား၊ Nomophobia ရှိနေပြီလား ဆိုတာကိုပေါ့။ ရှိနေခဲ့ပြီဆိုရင်တော့ ခန္ဓာကိုယ်ရော စိတ်ကျန်းမာရေးအတွက်ပါ မကောင်းတာကြောင့် ဖုန်းကြည့်ချိန်ကို လျေှာ့ချပြီး အချိန်မီလေး ကာကွယ်လိုက်ကြရအောင်နော်။