Blog Detail Pic

ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ဖြူရတဲ့ အကြောင်းအရင်း

by | 05 Nov 2021

ငယ်ငယ်ကဆို လူကြီးတွေပြောတာ ကြားဖူးကြမယ် ထင်တယ်၊ “အရမ်းမတွေးနဲ့ ဆံပင်တွေဖြူကုန်မယ်ဆိုတာမျိုး” ၊ “ဆံပင်တွေ ဖြူမှာပေါ့ လျှောက်တွေးနေတာကိုး” ဆိုတာမျိုးတွေပေါ့။ ဟုတ်လည်း ဟုတ်တယ်လေ။ တစ်ချို့တွေက ငယ်ငယ်ရွယ်ရွယ်မှာ ဆံပင်တွေဖြူကုန်ကြတယ်။ တွေးခေါ်စဉ်းစားရတဲ့အလုပ်မျိုးတွေ၊ သူများနဲ့မတူတဲ့ တီထွင်ဆန်းသစ် အိုင်ဒီယာတွေ အမြဲစဉ်းစားနေရတဲ့ အလုပ်မျိုးတွေ လုပ်ကိုင်သူတွေဟာ သာမန်လူတွေထက်ပိုပြီး ဆံပင်ဖြူတာပိုမြန်ကြတယ်။ ဒါကြောင့်လည်း ရှေးလူတွေက အရမ်းတွေးလွန်းရင် ဆံပင်ဖြူတယ်လို့ ဆိုခဲ့ကြတာဖြစ်နိုင်ပါတယ်။

အသက်အရွယ်ရလာလို့ ဆံပင်ဖြူတာ အကြောင်းမဟုတ်ပေမယ့် ငယ်ငယ်ရွယ်ရွယ် အစိတ်သုံးဆယ် အရွယ်လောက်မှာ မြင်သာထင်သာအောင် ဖြူရင်တော့ စိတ်ညစ်စရာပါ။ Premature Grey Hair တဲ့။ ငယ်ငယ်ရွယ်ရွယ်နဲ့ အိုရုပ်ဆင်သွားတော့တာပါပဲ။ ဆံပင်ဖြူစေတာ မျိုးရိုးဗီဇကြောင့် အဓိကဖြစ်ရပေမယ့် တခြားအကြောင်းကိစ္စတွေလည်း အများကြီးပါ။ အာဟာရ (အထူးသဖြင့် ဗီတာမင် ဘီ) ချို့တဲ့ရင်၊ ဆေးလိပ်အသောက်များရင်၊ စိတ်ဖိစီးမှုများရင် လျှပ်စစ်ဆံပင်အခြောက်ခံစက် အသုံးများရင်၊ ကင်ဆာဆေးတွေ မှီဝဲနေ ရရင် ဒါမှမဟုတ် ဓာတ်ရောင်ခြည်ကုထုံးကုသမှု ခံယူနေရရင် ဆံပင်တွေရဲ့အရောင်ကို ထိခိုက်ပြောင်းလဲစေပါတယ်။ လည်ပင်းအရှေ့မှာရှိတဲ့ သိုင်းရွိုက်အကျိတ်များမှာ ရောဂါတစ်စုံတစ်ရာရှိရင်လည်း ဆံပင်တွေ စောစောစီးစီးဖြူတတ်ပါတယ်။ ဆံပင်တွေကျွတ်ပြီး သိသိသာသာကို ဆံပင်တွေပါးတတ်ပါတယ်။ ဒါပေမယ့် များသောအားဖြင့် ဆံပင်စောစောဖြူတဲ့ သူတွေဟာ စိတ်ဖိစီးမှုကြောင့် ဖြစ်ရတာပါ။

အရမ်းတွေလွန်းရင်၊ အစိုးရိမ်လွန်ရင်၊ ပူပင်သောကများရင်၊ စိတ်ဖိစီးရင် တကယ် ဆံပင်ဖြူသလား? သိပ္ပံလေ့လာချက်တွေအရဆိုရင်တော့ ဒီအချက်ဟာ မှန်ကန်တယ်လို့ ဆိုပါတယ်။ အလွန်အမင်း အလုပ်ပေးနေရင် ဆံပင်တွေဖြူစေနိုင်ပါတယ်။ ငယ်ငယ်က လူကြီးတွေပြောဆိုဆုံးမခဲ့ဖူးတဲ့ စကားတွေဟာ မှန်ကန်တယ်ဆိုတာကို ဒီနေ့ခေတ်မှာ သက်သေပြနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဘာကြောင့် ဆံပင်တွေဖြူကုန်တာလဲ?

ဒါပေမယ့် ဘယ်လိုအကြောင်းတရားကြောင့် ခုလို ဆံပင်တွေ ဖြူကုန်ရတာလဲ? လူ့ခန္တာကိုယ်က မဲလ်နိုဆိုဒ်နဲ့ စတမ်ဆဲလ်တွေဟာ အရေပြားနဲ့ ဆံပင်ရဲ့ အရောင်အသွေးကို အထောက်အကူပြုတဲ့ ဆဲလ်စ်အမျိုးအစားတစ်မျိုးဖြစ်ပါတယ်။ အလွန်အမင်း စိတ်ဖိစီးမှုများတာမျိုး၊ ဦးနှောက်အလွန်အမင်း အလုပ်လုပ်ရတာမျိုးတွေ ဖြစ်လာတဲ့အခါမှာ အဲဒီ ဆဲလ်တွေ ပျက်ဆီးသွားတာမျိုး၊ မဲလ်နင် ထုတ်လုပ်မှုကျဆင်းသွားတာမျိုးတွေ ဖြစ်ပေါ်စေလေ့ရှိပါတယ်။ ဒါက ဆံပင်တွေ အရောင်ပြောင်းလဲသွားစေတဲ့ အဓိက အကြောင်းတရားပါပဲ။
တကယ်တမ်းအားဖြင့် ဆံပင်ဖြူတာဟာ အမျိုးသားရော အမျိုးသမီးတွေမှာပါ ဖြစ်နိုင်တဲ့ ကိစ္စတစ်ခုဖြစ်ပြီး ပုံမှန်အခြေအနေမှာ အသက် ၃၀ ကျော်အရွယ်ရောက်ရင် စတင်ဖြစ်ပေါ်လေ့ရှိပါတယ်။ ဒီအခြေအနေမျိုးဟာ သဘာဝအတိုင်း အိုမင်းရင့်ရော်မှုကို ဖော်ပြတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ စိတ်ပိုင်းဆိုင်ရာ မပြေလည်မှုတွေ၊ စိတ်ရှပ်ရတာတွေကြောင့် ဆံပင်ဖြူချိန် ပိုစောတာ၊ ပိုမြန်တာတွေဖြစ်ပေါ်လာရပါတော့တယ်။

လက်ရှိအချိန်အထိ ရှိနေတဲ့ နည်းလမ်းတွေအရဆိုရင်တော့ ဆံပင်ဖြူခြင်းကို တားဆီးနိုင်ခြင်းမရှိသေးပါဘူး။ ဒါပေမယ့် ဒီကိစ္စကို ဖြေရှင်းနိုင်ဖို့ နီးစပ်လာနေပြီဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်လောက်အချိန်ထပ်ယူရဦးမယ်ဆိုတာကို ဘယ်သူမှ အတိအကျမပြောနိုင်ကြသေးပါဘူး။

ဆံပင်မဖြူအောင် ကာကွယ်ကြမယ်

ဆံပင်ဖြူပြီးသွားရင် သဘာဝအတိုင်း ပြန်မနက်လာနိုင်တော့ဘူးဆိုပေမယ့် ကိုယ့်မှာ ဆံပင်ဖြူတွေ မထွက်သေးရင်၊ များများစားစားမပေါက်သေးဘူးဆိုရင် ကြိုတင်ကာကွယ်လို့ရတဲ့ နည်းလမ်းလေးတွေတော့ ရှိပါတယ်။ ကိုယ့်ရဲ့ဆံကေသာလေး လှပသန်စွမ်းနေဖို့၊ ဆံပင်ဖြူတွေ မပေါက်လာစေဖို့ အောက်ပါနည်းလမ်းတွေကို အသုံးပြုပြီး ကြိုတင် ကာကွယ်ထားသင့်ပါတယ်။
• ၁။ အာဟာရပြည့်ဝအောင်စားပါ
• ၂။ စိတ်ဖိစီးမှုတွေကို လျှော့ချပါ
• ၃။ ဆံပင်ဆိုးဆေးတွေ မသုံးပါနဲ့
• ၄။ တတ်နိုင်သမျှ ဆံပင်နဲ့ နေရောင်နဲ့တိုက်ရိုက်ထိတွေ့မှုမရှိအောင် ထားပါ
• ၅။ ဆေးလိပ်သောက်တာကို ဖြတ်မယ်
• ၆။ ဆံသားကို အာဟာရဖြည့်တင်းဖို့အတွက်သဘာဝပစ္စည်းတွေကို သုံးပါ
ဒီနည်းလမ်းတွေကို အသုံးပြုမယ်ဆိုရင် အရွယ်မတိုင်ခင်မှာ ဆံပင်ဖြူတာမျိုးနဲ့ အတွေးလွန်ပြီး ဆံပင်ဖြူတာမျိုးတွေကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။