Blog Detail Pic

အ​ကြောပြတ်ရာတွေကို သဘာဝနည်းနဲ့ ကုသကြမယ်

by | 08 Nov 2021

မြောက်မြားလှစွာသော အရေပြားပြဿနာတွေထဲမှာ မကြာခဏကြုံရ၊ တွေ့ရတဲ့ ကိစ္စကတော့ အရေပြားအကြောပြတ်ရာတွေပါပဲ။ ပေါ်လာတာမြန်ပေမယ့် ပြန်ကောင်းသွားဖို့ကျတော့ အချိန်အတော်ယူရပါတယ်။ ဘောင်းဘီအတိုလေးတေွ ဝတ်ချင်ရင်တောင် ပေါင်တွေ ခြေသလုံးတွေမှာ အကြောပြတ်အစင်းရာကြီးတွေနဲ့ဆို အပြောခံရမှာစိုးလို့ ကာယကံရှင်တွေခမျာ ဖုံးရ၊ ဖိရတာက တစ်မျိုး၊ ပြန်ပျောက်သွားအောင် ဟိုဆေးလိမ်းရ၊ ဒီဆေးလိမ်းရတာ တစ်မျိုးနဲ့ စိတ်မချမ်းမသာဖြစ်ကြရပါတယ်။ အန္တရာယ်မရှိပေမယ့် အနည်းနဲ့ အများတော့ စိတ်မသက်မသာဖြစ်ကြရတဲ့ အရေပြားပြဿနာပါ။

ဘာကြောင့် အကြောပြတ်ကြတာလဲ?

အရေပြားရဲ့ အလယ်လွှာထဲမှာ အလွန်အားကောင်းမောင်းသန်ရှိလှတဲ့ ကိုလာဂျင်နဲ့ အီလက်စတင်အမျှင်တွေ ရှိပါတယ်။ ဒီတစ်သျှူးတွေကို ဖိုက်ဖရိုဘလက်(စ်) ဆိုတဲ့ ကလာပ်စည်းက ထုတ်လုပ်ပေးတာပါ။ ကိုလာဂျင်နဲ့ အီလက်စတင်တွေဟာ အရေပြားကို မာကျောကျစ်လျစ်အောင် အထောက်အကူပြုပေးတဲ့ အမာခံ တစ်သျှူးတွေပါ။ သူတို့အင်အားကောင်းနေရင် အရေပြားမှာ အတွန့်အခေါက်၊ အရေပြားအကြောင်းတွေ မဖြစ်ပါဘူး။ အရေပြားဟာ တင်းတင်းရင်းရင်း၊ ပြည့်ပြည့်ဖြိုးဖြိုးနဲ့ပေါ့။ ဒါပေမယ့် အကြောင်းတစ်ခုခုကြောင့် ဒီအမျှင်တွေ ပြတ်ကုန်ရင်တော့ အရေပြားမှာ အကြောပြတ်ရာတွေ ပေါ်လာတော့တာပါပဲ။

ရုတ်တရက် ဝလာသူတွေ၊ ကိုယ်ဝန်ဆောင်သူတွေ၊ ကြွက်သားတွေတင်းရင်းအောင် ဆေးသောက်သူတွေ၊ အားကစားလေ့ကျင့်သူမှာ မကြာခဏကြုံရတဲ့ ပြဿနာပါ။ စောစောက ပြောခဲ့တဲ့ ကိုလာဂျင်နဲ့ အီလက်စတင် အမွေးအမှင်တွေဟာ ဘယ်လောက်ပဲ အားသန်ပါစေ သူတို့စွမ်းနိုင်တဲ့ ဆွဲဆန့်အားထက် လွန်သွားခဲ့ရင် ပြတ်ကုန်တော့တာပါပဲ။ ဒါကြောင့် အကြောပြတ်ရာကို Stretch Mark လို့ ခေါ်ကြတာပါ။ ကိုယ်ဝန်ဆောင် မိခင်တွေခမျာ ဗိုက်ကြောပြတ်ရာတွေကို ၅၀ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းအထိ ကြုံကြရတာပါ။ ကိုယ်ဝန်ရင့်လာလေ အကြောပြတ်ရာတွေ ပိုပေါ်လာလေပါပဲ။ ဒီလိုပါပဲ လူပျို၊ အပျိုဖော်ဝင်ခါစ ဟော်မုန်းအပြောင်းအလဲကြောင့် ရုတ်တရက် ဝလာသူတွေ၊ ထွားကျိုင်းလာသူတွေမှာလည်း ဒီအဖြစ်မျိုးကြုံရတာပါပဲ။ ကိုလာဂျင်နဲ့ အီလတ်စတင် တစ်သျှူးတွေရဲ့ ဆန့်အားကုန်သွားလို့ပါ။ ကာယဗလမောင်၊ မယ်တွေလည်း ကြွက်သားတွေ ဖုထစ်ဖောင်းကြွလာတော့ အရေပြားထဲက ကိုလာဂျင်တွေ ပြဲကုန်တော့တာပါပဲ။ တဖြည်းဖြည်းတင်းရင်းလာရင် မသိသာပေမယ့် ရုတ်တရက်ကြီး ဖောင်းကြွတင်းရင်းခဲ့ရင်တော့ ဟန်ချက်မညီဘဲ အကြောပြတ်ကုန်တာပါ။ အံ့သြစရာကတော့ တချို့ “ဝ” နေတဲ့သူတွေမှာ ဘာအကြောပြတ်ရာ၊ အစင်းရာမှ မရှိပေမယ့် ရုတ်တရက် ဝိတ်ချလိုက်လို့ ပိန်သွားခါမှ အကြောပြတ်ရာတွေ ထင်းခနဲ ပေါ်လာတာပါပဲ။ အချိန်တိုအတွင်းမှာ ဟန်ချက်မညီတဲ့ သဘောပေါ့။

ဘယ်သူမှတော့ အကြောပြတ်ရာ အစင်းကြောင်းကြီးကို လှတယ်မထင်လောက်ပါဘူးနော်။ ဘယ်လိုပဲပြောပြော အရေပြားကို ဂရုစိုက်တာကလည်း ကိုယ့်ကိုယ်ကို ချစ်ပုံချစ်နည်းတစ်မျိုးမလို့ အိမ်မှာတင်ပဲ အလွယ်တကူ အကြောပြတ်ရာတွေကို ပျောက်အောင် ဘယ်လိုလုပ်လို့ရတယ်ဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ရှုကြည့်ကြရအောင်။

(၁) ရေများများသောက်ခြင်း

ရေဓာတ်လုံလောက်စွာရရှိမှသာ အရေပြားနူးညံ့ပျော့ပြောင်းစေပြီး အသားအရေကို စိုပြေစေတဲ့အတွက် ရေများများသောက်ပေးဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ခြောက်သွေ့တဲ့အရေပြားဟာ အကြောပြတ်ခြင်း၊ အနာရွတ်ဖြစ်လွယ်ခြင်း၊ အရေပြားတွန့်ခြင်းကို ဖြစ်လွယ်ပါတယ်။ လေ့လာချက်များအရ တစ်နေ့ကို ရေ ၈ဖန်ခွက်မှ ၉ဖန်ခွက်လောက် သောက်သုံးဖို့ လိုအပ်ပါတယ်။


(၂) သံပုရာရည်လိမ်းခြင်း

သံပုရာရည်တွင်ပါဝင်သော ဗီတာမင်စီသည် ကိုယ်ခန္ဓာအရေပြားတင်းရင်းစေသော ကော်လဂျင်(Collage)ဓာတ်ကို ဖြည့်စွမ်းပေးပါတယ်။ ဒါ့အပြင် သံပုရာရည်သည် သဘာဝအတိုင်း ရရှိနိုင်သော အက်ဆစ်ဓာတ်ဖြစ်သည့်အတွက် ပျက်စီးသွားသော အရေပြားဆဲလ်အသေများကို ဖယ်ရှားပေးပါတယ်။ ထို့ကြောင့် သံပုရာရည်ကို အကြောပြတ်ရာများပေါ် ပွတ်လိမ်းပြီး ၁၀မိနစ်အကြာတွင် ရေဆေးချလိုက်ပါက အကြောပြတ်ရာများကို အရောင်ဖျော့သွားစေရန် ထိရောက်စွာ ကုသနိုင်ပါတယ်။


၃) ရှားစောင်းလက်ပက်ကိုအသုံးပြုခြင်း

ရှားစောင်းလက်ပက်တွင်ပါဝင်သော ဓာတ်တိုးဆန့်ကျင်မှုပစ္စည်းသည် အရေပြားဆဲလ်အသေများကို ပြုပြင်ပေးပြီး အရေပြားတစ်ရှူး(tissue)ကို နဂိုမူလအတိုင်း ပြန်ဖြစ်အောင် ကုသမှုပေးနိုင်သော သဘာဝဆေးတစ်မျိုးပဲဖြစ်ပါတယ်။ ရှားစောင်းလက်ပက်တွင် အရေပြားကို နူးညံ့ပြီး တင်းတင်းရင်းရင်းဖြစ်သော ကော်လဂျင်(Collagen)ဓာတ်လည်း ပါဝင်ပါတယ်။ ရှားစောင်းလက်ပက်အနစ်ကို တည့်၊မတည့်စမ်းသပ်ရန် လက်ကောက်ဝတ်ပေါ် စမ်းလိမ်းကြည့်ပါ။ ဓာတ်မတည့်သော လက္ခဏာများဖြစ်သည့် ယားယံခြင်း၊ အင်ပြင်ထခြင်း မရှိပါက အကြောပြတ်ရာများပေါ်တွင် ရှားစောင်းလက်ပက်အနစ်ကိုလိမ်းပြီး ၁၀-၁၅မိနစ်အကြာတွင် ရေနွေးဖြင့် ဆေးချလိုက်ပါ။

၄) မုန်ညှင်းဆီ(သို့မဟုတ်) အုန်းဆီလိမ်းခြင်း

မုန်ညှင်းဆီတွင် အကြောပြတ်ရာများကို ကုသပေးနိုင်သော Ricinoleic acid ပါဝင်သည့်အပြင် Fattyအက်ဆစ်လုံလောက်စွာပါဝင်လို့ အရေပြားစိုစွတ်စေရန် ပြီးပြည့်စုံသော သဘာဝဆေးဝါးပဲ ဖြစ်ပါတယ်။ အုန်းဆီတွင်လည်း ပျက်စီးနေသောအရေပြားကို ပြုပြင်ပေးနိုင်သည့် Lauric acidပါဝင်ပါတယ်။ အကြောပြတ်ရာများပေါ်တွင် မုန်ညှင်းဆီ(သို့) အုန်းဆီကိုလိမ်းပြီး ညှင်သာစွာနှိပ်နယ်ပေးပါ။ ပြီးလျှင် အဝတ်ပါးတစ်ခုကို အုပ်ပြီး ရေနွေးကပ်ပေးပါ။ ဒီနည်းလမ်းကို နေ့စဉ်ဆက်တိုက် တစ်ပတ်လောက် လုပ်ပေးပါက သိသာတဲ့ရလာဒ်ကို တွေ့ရမှာ ဖြစ်ပါတယ်။

(၅) ဗီတာမင်အေ

ဗီတာမင်အေသည် အရေပြားကိုချောမွေ့ပြီး နုပျိုတဲ့အသားအရေကို ဖန်တီးပေးနိုင်တဲ့အတွက် အကြောပြတ်ရာများကို သက်သာစေပါတယ်။ ဗီတာမင်အေကို ဖြည့်စွက်အားဆေးအနေနဲ့ သောက်သုံးနိုင်သလို အစိမ်းရောင်၊အဝါရောင်ရှိသော အသီးအနှံများ (ဥပမာ- မုန်လာဥနီ)၊ ကြက်ဥ၊ ငါးနှင့် နို့ထွက်ပစ္စည်းများ စားသုံးခြင်းဖြင့်လည်း ဗီတာမင်အေဓာတ်ကို ရရှိနိုင်ပါတယ်။

(၆) ကြက်ဥအကာ

ကြက်ဥအကာတွင် အရေပြားဆဲလ်အသစ်များထွက်ပေါ်လာရန် ကူညီပေးသည့် အသားဓာတ် (Protein) ပါဝင်ပြီး အရေပြားတင်းရင်းစေသော ကော်လဂျင်(collagen)ဓာတ်လည်း ပါဝင်ပါတယ်။ ကြက်ဥအကာကိုခေါက်ပြီး အကြောပြတ်ရာများပေါ်လိမ်းကာ အခြောက်ခံထားပါ။ ပြီးလျှင် ရေနွေးဖြင့်ဆေးချပြီးနောက် Moisturizerအစိုဓာတ်ထိန်းခရင်မ်ကို လိမ်းပေးပါ။ ရလာဒ်ကောင်းရရှိစေဖို့ ဒီနည်းလမ်းကို တစ်နေ့လျှင် ၂ကြိမ်-၃ကြိမ် ပြုလုပ်ပေးနိုင်ပါတယ်။

အထက်ဖော်ပြပါနည်းလမ်းများသည် ကိုယ်ခန္ဓာအကြောပြတ်ရာများကို သက်သာစေနိုင်သည့် သဘာဝနည်းများဖြစ်ပါတယ်။

ကဲ.....အမျိုးသမီးလေးတို့ရေ

ဒီနည်းလမ်းလေးတွေက အကုန်အကျလည်းနည်းသလို အချိန်လည်း သိပ်မပေးရတာကြောင့် လိုက်လုပ်ကြည့်ပြီးတော့ မိမိကိုယ်ကို ယုံကြည်မှုနည်းအောင် ပြုလုပ်နေတဲ့ အကြောပြတ်ရာတွေကို ကုသလိုက်ကြရအောင်နော်။