Blog Detail Pic

ရာသီမမှန်တာ၊နည်းတာတွေကို ဘယ်လို​မှန်အောင် လုပ်မလဲ

by | 10 Nov 2021

မိန်းကလေးတွေရဲ့တစ်သက်တာမှာရှောင်လွှဲမရဘဲ အရွယ်ရောက်တာနဲ့ကြုံလာရတဲ့ အရာကတော့ ဓမ္မတာလာခြင်း ဖြစ်ပါတယ်။ အသက် ၅၀ ကျော် သွေးဆုံးတဲ့အချိန်ထိ လစဉ်ကြုံတွေ့နေရမယ့်ကိစ္စဖြစ်သလို အမျိုးသမီးကျန်းမာရေးမှာအရေးပါပါတယ်။ ရာသီလာခြင်းက အမျိုးသမီးတွေနဲ့ခွဲခြားမရတဲ့ သဘာဝတစ်ခုမို့ လစဉ်သုံးပစ္စည်းတွေနဲ့ မကင်းနိုင်ကြပါဘူး။ ဒါပေမယ့် လစဉ်သုံးပစ္စည်းတောင် သုံးဖို့မလိုလောက်အောင် ရာသီသွေးဆင်းနည်းလွန်းတဲ့ အမျိုးသမီးတွေ၊ ရာသီလာရက်တိုနေတဲ့ အမျိုးသမီးတွေနဲ့ ရာသီလာရက် မမှန်တဲ့ နောက်ကျတတ်တဲ့ အမျိုးသမီးတွေလည်း ရှိနေပါသေးတယ်။

တချို့ဆို တစ်ရက်၊ တစ်ညပဲ ရာသီလာတာ ဒါမှမဟုတ် နည်းလွန်းလို့ မသိသာတာကြောင့် လစဉ်သုံးတောင် မလိုဘဲနေ့စဉ်သုံးအပါးစားလေးတွေနဲ့တင် အဆင်ပြေပါတယ်။

ဒါဆို ဘာကြောင့် နည်းရတာလဲ

အများအားဖြင့်တော့ တစ်ရက်ကနေ နှစ်ရက်အထိပဲ ရာသီသွေးဆင်းတာက အက်စထရိုဂျင်ဟော်မုန်းနည်းပါးမှု ဒါမှမဟုတ် သံဓာတ်အားနည်းခြင်းကြောင့်ဖြစ်နိုင်ပါတယ်။ သားအိမ်နံရံမြှေးဖြစ်တည်ဖို့ အက်စထရိုဂျင်မလုံလောက်တဲ့အခါ ရာသီသွေးနည်းတာ၊ အရောင်ဖျော့တာ၊ ရက်တိုလွန်းတာတွေဖြစ်လာတတ်ပါတယ်။
အက်စထရိုဂျင်နည်းစေနိုင်တဲ့ဖြစ်နိုင်ခြေအကြောင်းရင်းတွေ အများကြီးရှိပါတယ် –
• ဟော်မုန်းပါတဲ့ တားဆေးတွေ သောက်သုံးတာ
• စိတ်ဖိစီးမှုအရမ်းများတာ
• ကိုယ်လက်လှုပ်ရှား ပြင်းပြင်းထန်ထန်လုပ်ပြီး အစားအရမ်းလျှော့လိုက်တာ
• သံဓာတ်အားနည်းတာ
• ဗီတာမင်နဲ့ သတ္ထုဓာတ်တွေ ချို့တဲ့နေတာတွေကြောင့်လည်း နည်းစေနိုင်ပါတယ်။

ပုံမှန်အခြေအနေဆိုတာ

မိန်းကလေးတစ်ယောက်နဲ့ တစ်ယောက် ရာသီလာတဲ့ပမာဏနဲ့ရက်အပိုင်းအခြားချင်းမတူကြပါဘူး။ ဓမ္မတာသွေးဆင်းခြင်းဟာ ၂၁ရက် ကနေ ၃၅ ရက်ခြားတစ်ကြိမ်ဖြစ်ပေါ်တတ်ပြီး တစ်ကြိမ်ကို ၂ ရက်မှ ၇ ရက်အတွင်း ကြာမြင့်တတ်ပါတယ်။ပျိုဖော်ဝင်ခါစနှစ်တွေမှာ ရာသီလာတဲ့ရက်က ရှည်ကြာတတ်ပေမယ့် အရွယ်ရောက်လာတာနဲ့အမျှ ရက်တိုလာပြီး ပုံမှန်ဖြစ်သွားလေ့ရှိပါတယ်။
ရာသီစက်ဝန်းဟာ ရက်အနည်းအများ၊သွေးဆင်းတဲ့ပမာဏအနည်းအများနဲ့ လာချိန်တွေဟာ တစ်လနဲ့တစ်လ ပုံမှန်ရှိကြပါတယ်။ တချို့မှာ ရာသီသွေးဆင်းနည်းတယ်၊များတယ်၊ ကိုက်ခဲမှုခံစားရသူ၊မခံစားရသူ၊ ရက်ရှည်သူ၊ ရက်တိုသူတွေရှိတတ်ပေမယ့် တခြားလက္ခဏာတွေ မဖြစ်ခဲ့ရင် ပုံမှန်အခြေအနေအဖြစ် ယူဆလို့ရနိုင်ပါသေးတယ်။

ရာသီ ဘာလို့ ရက်မမှန်ရသလဲ

• ရာသီသွေးမမှန်ရတဲ့ အကြောင်းအရင်းတွေအများကြီးရှိပါတယ်။
• စိတ်ဖိစီးတာ
• အစားနည်းတာ
• သန္ဓေတားဆေးသောက်နေတာ
• ကိုယ်အလေးချိန်ကျနေတာ
• ဟော်မုန်းဆေးထိုးထားတဲ့ အသားတွေအစားများတာမျိုး
• ကိုယ်အလေးချိန်အရမ်းများနေတာ
• လေ့ကျင့်ခန်းတွေအလွန်အကျွံလုပ်ထားတာ
• ကျန်းမာရေးအခြေအနေတစ်ရပ်ရပ်ခံစားနေရတာတွေကြောင့်လည်းရာသီသွေးမမှန်တာမျိုးဖြစ်နိုင်ပါတယ်။
ရာသီသွေးမမှန်တာက အမျိုးသမီးတွေမှာ အသက်အရွယ်ကြီးရင့်လာတဲ့အခါ အမျိးသမီးရောဂါတွေခံစားရတာမျိုးဖြစ်နိုင်ပါတယ်။

ဒီလို ပြသနာတွေကနေ ကင်းဝေးဖို့ ဘာတွေလုပ်ရမလဲဆိုတာ အမျိုးသမီးလေးတို့ကို ပြောပြချင်ပါတယ်။

(၁) ယောဂဆော့ပါ
ယောဂက ရာသီထိန်တာ မမှန်တာစတဲ့ ပြသနာအမျိုးမျိုးအတွက် အကောင်းဆုံး အဖြေဖြစ်ပါတယ်။ ဒါအပြင် ရာသီလာချိန်မှာ ဖြစ်ပေါ်တတ်တဲ့ နာကျင်မှုတွေ၊ စိတ်တိုလွယ်တာ စိတ်ဆက်တာ စတဲ့ စိတ်ခံစားချက်တွေကိုပါ နည်းပါးအောင် ပြုလုပ်ပေးနိုင်ပါတယ်။

(၂) သင့်တင့်မျှတတဲ့ ကိုယ်အလေးချိန်ရှိအောင် နေပါ။
ကိုယ်အလေးချိန် ပြောင်းလဲမှုရှိတာကလည်း ရာသီလာခြင်းကို ထိခိုက်နိုင်ပါသည်။ တကယ်လို့ သင်က လိုအပ်တာထက် ပိုဝနေမယ်ဆိုရင် အနည်းငယ် ဝိတ်ချလိုက်တာက ရာသီမှန်အောင် ကူညီပေးနိုင်ပါတယ်။ အလွန်အမင်း ဝိတ်မချဖို့တော့ လိုပါလိမ့်မယ်။ အလားတူပဲ အရမ်းပိန်လွန်းပြီး အစားအသောက်မှန်မှန် မစားရင်လည်း ပုံမှန်မလာဘဲ နေတတ်တာကြောင့် သင့်တင့်မျှတတဲ့ ကိုယ်အလေးချိန်ရှိခြင်းက အကောင်းဆုံးပါ။

(၃) ချင်းစားပေးပါ။
ချင်းကတော့ရောဂါတော်တော်များများအတွက် အသုံးဝင်တဲ့မီးဖိုချောင်ထဲကဆေးတစ်လက်လို့ဆိုရပါမယ်။ ချင်းက ဓါတ်တိုးဆန့်ကျင် ပစ္စည်းတွေကြွယ်ဝစွာပါဝင်ပြီးရောင်ရမ်းမှုကိုလျော့ပါးသက်သာစေနိုင်သလို နာကျင်မှုကိုသက်သာစေနိုင်တဲ့ အာနိသင်လည်းရှိပါတယ်။ ရယသီသွေးပေါ်ရမယ့်ရက်ထက်နောက်ကျနေခဲ့ရင် ချင်းတစ်ပြားလောက်ကို ပျားရည်လေးနဲ့စိမ်ပြီးစားပေးပါ။ ဒါမှမဟုတ် ဂျင်းတက်လေးတစ်ခုကို ထန်းလျက်တစ်လုံးလောက်နဲ့ ကျိုပြီး သောက်ရင်လည်း ရာသီမှန်စေပြီး ကိုက်ခဲမှုတွေကိုလည်း အချိန်တိုအတွင်း သက်သာစေပါတယ်။ အရသာလည်း ကောင်းတာမလို့ မသောက်ဖူးသေးရင် စမ်းကြည့်ဖို့ ပြောချင်ပါတယ်။

(၄) Apple cider vinegar ကို နေ့တိုင်းသောက်ပေးပါ။
တစ်နေ့ကို ပန်းသီးရှာလကာရည် ၁၅ မီလီလီတာလောက် သောက်ပေးခြင်းက ခန္ဓာကိုယ်က အက်စထရိုဂျင် ထုတ်လုပ်ပေးမှုကို လှုံ့ဆော်ပေးပြီး သားဉကြွေအောင် ပြလုပ်ပေးနိုင်တာကြောင့် ရာသီမှန်စေပါတယ်။ ပန်းသီးရှာလကာရည်က ဝိတ်ကျစေပြီး အင်ဆူလင်ထုတ်လုပ်မှုကို အားပေးတာကြောင့် ဝတဲ့သူတွေနဲ့ ဆီးချိုရှိတဲ့ လူတွေ သောက်သုံးရင် တစ်ချက်ခုတ် နှစ်ချက်ပြတ်ပါပဲရှင်။ သူ့အရသာ နည်းနည်းတော့ ချဉ်တာမလို့ တချို့လူတွေအတွက်တော့ သောက်ရတာ ခက်ကောင်းခက်နိုင်ပါတယ်။ တကယ်လို့ ကိုယ်က အချဉ်မသောက်နိုင်ရင် ရေနည်းနည်းရောပြီး ဖြစ်ဖြစ် ပျားရည်လေးနဲ့ တွဲစပ်ပြီး ဖြစ်ဖြစ် သောက်သုံးလို့ ရပါသေးတယ်။

(၅)နနွင်းမှုန်း သုံးပါ။
နနွင်းမှုန့်ကရောင်ရမ်းနာကျင်မှုတွေကို သက်သာစေနိုင်မယ့်အကောင်းဆုံးဆေးတစ်လက်ပါ။ ခန္ဓါကိုယ်ကို အပူဓါတ်ရရှိစေနိုင်ပြီး ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း ကြွယ်ဝစွာပါဝင်နေပါတယ်။ နနွင်းက ကိုယ်တွင်းကဟော်မုန်းတွေကို ညီမျှအောင် ထိန်းညှိပေးပြီး ရာသီသွေးဆင်းတာကို မှန်အောင်လုပ်ဆောင်ပေးပါတယ်။ ဒါကြောင့် ရာသီသွေးမပေါ်ခင်မှာ နနွင်းနည်းနည်းလောက်စားပေးပါ။

ဘယ်အချိန်မှာ ဆရာဝန်ပြရမလဲ
• ရုတ်တရက်ကြီး ရာသီမမှန်ခဲ့ရင်
• သုံးလအတွင်း တစ်ခါမှ မလာရင်
• ၂၁ရက်အတွင်းမှ တစ်ကြိမ်ထက် ပိုလာခဲ့ရင်
• ၃၅ ရက်အတွင်းမှ တစ်ကြိမ်မှ မလာရင်
• ပုံမှန်ထက် များပြီး တစ်ပတ်ကေျာ်ကြာနေမယ်ဆိုရင်တော့ ဒီထက် ပြင်းထန်တဲ့ ရောဂါ ဖြစ်ကောင်းဖြစ်နိုင်တာမလို့ စောစောစီးစီး ဆရာဝန်ဆီပြဖို့ အကြံပြုပါရစေ။

ဒီလောက်ဆိုရင် ရာသီမှန်အောင် ဘာတွေလုပ်ရမယ်ဆိုတာ သိသွားကြပြီလို့ ထင်ပါတယ်။ အထက်ပါ နည်းလမ်းတွေနဲ့ အစားအစာတွေကို အသုံးချပြီးတော့ ကျန်းမာလှပတဲ့ အမျိုးသမီးဘဝကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင်။