Blog Detail Pic

ငိုကြွေးခြင်းနှင့် သင့်စိတ်ကျန်းမာရေး

by | 11 Nov 2021

ငိုကြွေးခြင်းဟာ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပျော့ညံ့အားနည်းခြင်းရဲ့လက္ခဏာလို့ လူအများစုက လက်ခံထားကြပါတယ်။ ဒါဟာ တကယ်ပဲလား။ သုတေသနပြုချက်တွေအရ ငိုကြွေးခြင်းဟာ လူတွေအတွက်အတွက် မထင်မှတ်ထားတဲ့ အကျိုးရလာဒ်တွေကို ဖြစ်ပေါ်စေတယ်ဆိုတာ တွေ့ရှိခဲ့ရပါတယ်။ ငိုကြွေးခြင်းဟာ မကောင်းတဲ့ ခံစားချက်တွေကို ရှင်းလင်းပစ်လိုက်သလို ဖြစ်တဲ့အပြင် စိတ်ကျန်းမာရေးအတွက် အကျိုးထူးများစွာကိုလည်း ရရှိစေတယ်လို့ ဆိုပါတယ်။

လူတွေ ဘာလို့ငိုရတာလဲ။

ဝမ်းနည်းလို့ပဲဖြစ်ဖြစ် ဝမ်းသာလို့ပဲဖြစ်ဖြစ် လူတွေ ငိုကြွေးကြပါတယ်။ ဒါကတော့ ကလေးတောင်သိပါတယ်လို့ သင်တွေးကောင်းတွေးနေပါလိမ့်မယ်။ ဟုတ်ပါတယ်။ ဒီထက် ပိုတဲ့အကြောင်းအရာလေးတွေလည်း ရှိနေပါသေးတယ်။ ကိုယ် စိတ်အားတင်းထားသမျှအားတွေချွတ်ခြုံကျသွားပြီး လူရောစိတ်ပါ ချုံးချုံးကျသွားတဲ့ အခြေအနေမျိုးတွေ ရှိတတ်ပါတယ်။ ဥပမာ လူတွေက ဝမ်းနည်းတာ၊နာကျင်ခံစားရတာကြောင့် ငိုကြွေးရလေ့ရှိပေမယ့် တခြားလှပတဲ့ အကြောင်းရာတွေကြောင့်လည်း ငိုရတာမျိုး ရှိတတ်ပါတယ်။ ကိုရီးယားကားတွေမှာဆိုလည်း တွေ့ဖူးမှာပါ။ လူတွေအများကြီးရှေ့မှာ မင်းသားဆီကနေ လက်ထပ်ခွင့်တောင်းခံရတဲ့ အခါမျိုးမှာ အရမ်းစိတ်လှုပ်ရှားပျော်ရွှင်သွားတာကြောင့်လည်း မျက်ရည်ကျတတ်ပါတယ်၊ ဒါ့အပြင် ခံစားချက်တွေ ပွင့်ထွက်သွားတဲ့အခါ၊ မချင့်မရဲဖြစ်တဲ့အခါ ဒါမှမဟုတ် အခြားတယောက်ယောက်ရဲ့ အာရုံစိုက်တာ၊ ဂရုစိုက်တာကို အရမ်းလိုချင်နေတဲ့ အခါမျိုးမှာလည်း ငိုကြွေးကြပြန်ပါတယ်။ တခြားသူတွေ သနားအောင်၊ ဇာတ်နာအောင် ငိုပြရတာမျိုးတွေလည်း ရှိပါသေးတယ်။ ငိုကြွေးတာကို အသုံးချလို့ရတဲ့ နေရာတွေ အစုံပါပဲ။ ဟုတ်ပြီ၊ ဒါတွေထားတော့။ ငိုရခြင်းရဲ့အကြောင်းရင်းခံတွေ အများကြီးရှိပေမယ့် အခုပြောချင်တာက လူတွေရဲ့စိတ်ကျန်းမာရေးကို ပိုကောင်းလာစေနိုင်တဲ့ ငိုကြွေးခြင်းအကြောင်းပဲ ဖြစ်ပါတယ်။

ငိုကြွေးခြင်းနဲ့ စိတ်ကျန်းမာရေး

ငိုကြွေးခြင်းဟာ ကျွန်မတို့ရဲ့ ဦးနှောက်အပေါ် (စိတ်ပိုင်းဆိုင်ရာ အရ) အကျိုးသက်ရောက်မှုတွေ အများကြီး ရှိစေပါတယ်။ သိပ္ပံနည်းကျစဉ်းစားမယ်ဆိုရင် ကျွန်မတို့ လူတွေဟာ စိတ်ဖိစီးမှုတွေကြောင့် ဒါမှမဟုတ် စိတ်ခံစားချက်ကို ထိခိုက်စေတဲ့ အကြောင်းတစုံတရာကြောင့် ငိုကြွေးခဲ့မယ်ဆိုရင် ထွက်လာတဲ့ မျက်ရည်တွေဟာ ရေချည်းပဲ ဆိုတာထက် အများကြီး ပိုပါသတဲ့။ စိတ်ဖိစီးမှုကြောင့် ငိုကြွေးတဲ့အခါ ထွက်လာတဲ့ မျက်ရည်တွေထဲမှာ Stress hormones လို့ခေါ်တဲ့ စိတ်ဖိစီးချိန်မှာ ထွက်လာတဲ့ဟော်မုန်းတွေအပြင် အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတ်တွေပါ ပါဝင်တယ်ဆိုတာ တွေ့ရှိခဲ့ရပါတယ်။ ဒါ့အပြင် ငိုကြွေးတဲ့အခါ endorphins ဟော်မုန်းလည်း ထွက်ရှိလာပါသေးတယ်။ ဒီဟော်မုန်းဟာ ကျွန်မတို့တွေကို နေလို့ထိုင်လို့ ကောင်းစေတဲ့ ဟော်မုန်းဖြစ်ပြီး သဘာဝအကိုက်အခဲပျောက်ဆေးလည်း ဖြစ်ပါတယ်။ ဒီတော့ ငိုကြွေးခြင်းဟာ ကိုယ့်ရဲ့ စိတ်အခြေအနေကို ကောင်းလာစေပါတယ်။ စိတ်ကျရောဂါပျောက်ဆေးတွေ သောက်တာထက် ငိုကြွေးလိုက်ရတာက ပိုပြီးနေလို့ထိုင်လို့ကောင်းစေတယ်လို့ ၂ဝဝ၈ ခုနှစ်အတွင်းက ပြုလုပ်ခဲ့တဲ့ တောင်ဖလော်ရီဒါ တက္ကသိုလ်ရဲ့လေ့လာချက်တခုမှာ ပါဝင်ခဲ့ကြသူတွေရဲ့ ၉ဝ ရာခိုင်နှုန်းက အတည်ပြုပြောဆိုခဲ့ပါတယ်။

နောက်ထပ်စိတ်ဝင်စားစရာ အချက်တခုက ငိုကြွေးခြင်းဟာ လူသားနှစ်ဦးကို ပိုမိုနီးကပ် ရင်းနှီးစေတယ်လို့ ဆိုပါတယ်။ ငိုကြွေးတယ်ဆိုတာဟာ လူတယောက်ရဲ့စိတ်ခံစားမှုအရ အားအငယ်ဆုံး အချိန်ဖြစ်ပါတယ်။ ဒီအချိန်မှာ သင်ငိုနေတာကို တစ်ယောက်ယောက်က တွေ့ခဲ့တယ်ဆိုရင် သင်ဘယ်လိုခံစားရမလဲ။ တကယ်လို့ ဒီလူကသာ သင့်ကို ဂရုတစိုက်ဖေးမနှစ်သိမ့်ခဲ့မယ်ဆိုရင် ငိုကြွေးပြီးတဲ့အခါ သင်တို့နှစ်ဦးကြားမှာရှိတဲ့ နားလည်ရင်းနှီးမှုက ပိုတိုးလာမယ်ဆိုတာ အင်မတန်မှကို သိသာထင်ရှားလှပါတယ်။

ငိုကြွေးခြင်းဟာ အရေးကြီးပါသလား။

ဟုတ်ကဲ့၊ အရမ်းကို အရေးကြီးပါတယ်။ ငိုချင်တာကို မြိုသိပ်အောင့်အီးထားရတာဟာ သင့်ခံစားချက်တွေကို ဖိသိပ်ချိုးနှိမ်ထားရတာပဲ ဖြစ်ပါတယ်။ သင့်အနေနဲ့ အကြောင်းတခုခုကြောင့် အရမ်းဒေါသတွေ ပေါက်ကွဲပြီး နံရံကို လက်သီးနဲ့ ပိတ်ထိုးပစ်ချင်နေပေမယ့် တကယ်တမ်းကျတော့လည်း သင်မလုပ်နိုင်ပါဘူး။ ဒေါသစိတ်တွေကို ဒီလိုမြိုသိပ်ထားရတာတွေ များလာတဲ့အခါ သင့်အနေနဲ့ စိတ်တိုလွယ်၊ ဒေါသထွက်လွယ်တဲ့ စိတ်ဆတ်သူ ကိုဒေါသအိုးကြီး ဖြစ်လာပါတော့တယ်။ ဒီအဓိပ္ပာယ်မျိုးပါပဲ၊ ငိုချင်နေတာကို ကျိတ်မှိတ်မြိုသိပ်ထားရတာတွေ သိပ်များလွန်းလာရင် ခံစားချက်တွေစုပုံပြီး စိတ်ကျရောဂါဆီကို ဦးတည်လာပါတော့တယ်။ မှန်ပါတယ်၊ စိတ်ဓာတ်ကျတာကို သက်သာစေတဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် သင်ယုံကြည်အားကိုးရတဲ့သူရှေ့မှာ ရင်ဖွင့်ပြီး အားပါးတရ ငိုကြွေးလိုက်ရတာမျိုးဟာ သင့်စိတ်ကျန်းမာရေးအတွက် အကျိုးရှိတယ်ဆိုတာထက်ကို အများကြီးပိုပါတယ်။ ဒါကြောင့် သင်စိတ်ဓာတ်ကျ အားငယ်တဲ့အခါ ငိုကြွေးဖို့ ရင်ခွင်တစုံ ဒါမှမဟုတ် နှစ်သိမ့်ပေးမယ့် ပုခုံးတဖက်တော့ လိုပါလိမ့်မယ်။

အဓိက ပြောချင်တာက ငိုတယ်ဆိုတာ လူ့သဘာဝဖြစ်ပြီး ထိန်းချုပ်ထားစရာလည်း မလိုတဲ့အပြင် ရှက်စရာလည်း မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်ခံစားချက်တွေကို ဖုံးကွယ်ထားပြီး စိတ်ကျန်းမာရေးကို လျစ်လျူရှုမယ့်အစား လွတ်လွတ်လပ်လပ် ငိုကြွေးလိုက်ပါ။ ပြီးတော့ ငိုကြွေးခြင်းဆိုတာ အားငယ်တတ်သူ၊ အားနည်းသူတွေရဲ့အလုပ်ပဲဆိုတဲ့ မမှန်ကန်တဲ့ အတွေးအခေါ်ကြီးကိုပါ မြေမြှုပ်လိုက်ပါတော့။