Blog Detail Pic

ကော်ဖီသောက်ခြင်းကနေ ရရှိမည့် အကျိုးကျေးဇူးများ

by | 12 Nov 2021

ကော်ဖီသောက်တဲ့ ယဉ်ကျေးမှုဟာ ၁၅ရာစုလောက်ကတည်းက စခဲ့တယ်လို့ ဆိုပါတယ်။ မူလကော်ဖီ စတင်ဖြစ်ပေါ်ရာနေရာက အာရတ်နိုင်ငံငယ်တစ်ခုဖြစ်တဲ့ “ ယီမင် ’’ ကလို့လည်း မှတ်တမ်းတွေက ဆိုပါတယ်။ မှတ်တမ်းတွေအရတော့ (၁၅)ရာစုလောက်က မက္ကာမြို့ကို ဘုရားဖူးသွားကြတဲ့ မွတ်စလင်ဘာသာဝင်တွေဟာ ညဘက် တရားအားထုတ်ချိန်မှာ အိပ်မငိုက်အောင် ကော်ဖီစေ့ကို လှော်ပြီး အမှုန့်ကြိတ်ကာ ရေနှင့်ဖျော်ပြီး သောက်ခဲ့ကြတာမျိုးရှိတယ်ဆိုတဲ့ မှတ်တမ်းတွေ ရှိပါတယ်။အဲ့ဒီယဉ်ကျေးမှုက တဖြည်းဖြည်း ပျံ့နှံ့ပြီး အဲဒီအချိန်က တရုတ်မှာ လက်ဖက်ရည်ကို နှစ်သက်စွာသောက်ကြသလို အဲ့ဒီမှာလည်း ကော်ဖီကို နှစ်နှစ်ခြိုက်ခြိုက် သောက်နေကြပြီလို့ ဆိုပါတယ်။

အဓိကပြောချင်တာကတော့ ကော်ဖီမှာပါတဲ့ ကဖင်း (Caffeine) အကြောင်းပါ။ အဲဒီ ဓာတ်က လက်ဖက်ခြောက်မှာပါတဲ့ Caffeine နဲ့ အတူတူပဲဆိုပေမဲ့ သူက ပိုပြင်းပါတယ်။ ကော်ဖီမှာပါတဲ့ Caffeine ဓာတ်ကို အားပျော့သွားအောင် အခြားတစ်ခုခုနဲ့ ရောစပ်ပြီး လိုသလို ချိန်ယူကြရပါတယ်။ သုတေသနရလဒ်တွေအရ ကော်ဖီဟာ ကျန်းမာရေးအတွက် အကျိုးပြုတာတွေ အများကြီးပါ။ သို့သော်လည်း သူ့ချည်းသက်သက်တော့ ဖြည့်စွက်အဟာရအနေနဲ့ မသုံးသင့်ပါဘူးတဲ့။ ကဖင်းဓာတ်က အလွန်အကျွံ သောက်ရင် သွေးတိုးတာ၊ ရင်တုန်တာ၊ ကတုန်ကယင်ဖြစ်တာ၊ စိတ်မငြိမ်မသက်ဖြစ်တာမျိုးတွေလည်းရှိလို့ ချင့်ချိန်သုံးစွဲဖို့တော့ လိုပါတယ်။ သူကတော့ ကော်ဖီမှာပါတဲ့ ကဖင်းဓာတ်ရဲ့ ကျန်းမာရေး အကျိုးပြုမှုတွေကို လေ့လာတွေ့ရှိမိသလောက် ရှာဖွေတင်ပြပေးလိုက်ပါတယ်။

ကဖင်းဓာတ်က အသားအရည်အတွက်ကောင်းတယ်
ကဖင်းဓာတ်က သင့်ရဲ့အရေပြားကို တင်းရင်းစေလို့ ဆယ်လူးလို့စ်တွေ လျှော့ချပေးတယ်။ မျက်ကွင်းညိုခြင်း၊ မျက်ဝန်းတစ်ဝိုက် အရေးအကြောင်းများ ထင်ခြင်းကိုလည်း လျော့ပါးသွားအောင် အထောက်အပံ့ ပေးနိုင်ပါတယ်။ ကော်ဖီမှာ အရေပြားရောင်ရမ်းခြင်း၊ ဖူးရောင်ခြင်းတွေကို ဖြစ်ပေါ်စေတဲ့ သွေးကြောတွေကို ကန့်သတ်ပေးနိုင်စွမ်းရှိလို့ မျက်အိတ်ဖောင်းခြင်းကိုလည်း ကာကွယ်နိုင်ပါတယ်။ ကဖင်းမှာ antioxidants တွေပါလို့ ပါးရေတွန့်ခြင်း၊ နေလောင်ကွက်များနဲ့ သက်ကြီးအရေပြားကွက်တွေကိုလည်း လျော့ပါးစေပါတယ်။ အခုခေတ်မှာဆိုရင် ကော်ဖီမှုန့်ကို အသုံးပြုပြီး ဆပ်ပြာထုတ်တာ၊ scrub နဲ့ တခြား လူသုံးအလှကုန်ပစ္စည်းတွေ ထုတ်လုပ်အသုံးပြုလာတာက သက်သေပါပဲ။

၁ ) အသည်းအတွက်ကောင်းတယ်
ကော်ဖီမှာပါဝင်တဲ့ Caffeine ဓာတ်ဟာ သင့်အသည်းမှာ စုပုံနေတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပြီး အူမကြီးကို သန့်စင်စေနိုင်ပါတယ်။ Duke University က လေ့လာတွေ့ရှိချက်အရ အရက်ကြောင့်ဖြစ်တဲ့ အသည်းရောဂါတွေကို ကော်ဖီစေ့က ကာကွယ်ပေးနိုင်တယ်ဆိုတာ သိရှိခဲ့ရပါတယ်။

၂ ) ဆီးချိုရောဂါဖြစ်နိုင်ချေကို လျှော့ချပေးတယ်
နောက်ထပ်လေ့လာတွေ့ရှိမှုတစ်ခုအရ တစ်နေ့ကို ကော်ဖီငါးခွက်သောက်ခြင်းဟာ ဆီးချိုသွေးချိုဖြစ်ပွားမှုကို လျော့ကျစေနိုင်ပါသတဲ့၊ ကော်ဖီမှာပါဝင်တဲ့ antioxidant ဓာတ်ဟာ ဆီးချိုသွေးချို ဖြစ်ပွားမှုကို တိုက်ခိုက်ပေးလို့ပါတဲ့။ တစ်နေ့ ငါးခွက်သောက်တဲ့ ကော်ဖီဟာ သကြား ပါဝင်မှု မရှိရဘူးဆိုတာကိုတော့ သတိပြုစေချင်ပါတယ်။

၃ ) ဉီးနှောက်စွမ်းဆောင်ရည်ကို မြှင့်တင်ပေးတယ်။
Caffeine ဓာတ်က ဉာဏ်ပိုကောင်းလာစေနိုင်ပါတယ်။ စာလုပ်တဲ့အချိန်ဆို ကော်ဖီပူပူလေးတစ်ခွက် ဘေးမှာထားသောက်ပြီး ကြည့်ခြင်းက သင့်ကို ပိုပြီး မှတ်ညဏ်အားကောင်းလာပြီး အာရုံစူးစိုက်မှုလည်း မြင့်တက်လာစေမှာ အသေအချာပါပဲ။အရမ်းအိပ်ချင်ထိုင်းမှိုင်းနေတဲ့အချိန်မှာ ကော်ဖီနံ့လေးရလိုက်ရင် တက်ကြွသွားစေနိုင်တာကို ကြည့်ရင်လည်း သိနိုင်ပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုတွေလည်း လျှော့ချပေးနိုင်ပါသတဲ့။ ဟားဗာ့ထ်တက္ကသိုလ်ရဲ့ ရှာဖွေတွေ့ရှိမှုတွေအရ ကော်ဖီ တစ်နေ့ကို ၄ ခွက် သောက်ခြင်းဟာ Parkinson ရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်တယ်လို့ ပြောကြားထားပါတယ်။ ကဖင်းဓာတ်ဟာ ဒိုပါမင်း မော်လီကျူးတွေ လှုပ်ရှားမှုကို ထိန်းသိမ်းပေးနိုင်တာကြောင့် ဖြစ်တယ်လို့လည်း ပြောထားပါတယ်။

၄ ) နှလုံးသွေးကြောကျန်းမာရေးအတွက် ကောင်းတယ်
နှလုံးသွေးကြောကျန်းမာရေးအတွက် အထောက်အကူပေးတယ်။ သွေးဖိအား ကောင်းမွန်စေတယ်။ ဒါပေမဲ့ သောက်လေ့သောက်ထမရှိတဲ့သူတွေအတွက်တော့ ပြဿနာရှိနိုင်တယ်။ Brooklyn College ရဲ့ တွေ့ရှိချက်အရ တစ်နေ့ကို ကော်ဖီလေးခွက်သောက်သုံးသူတွေဟာ နှလုံးရောဂါဖြစ်နိုင်ခြေ လျော့နည်းတာကို တွေ့ရတယ်လို့ ဖော်ပြထားပါတယ်။ ပြီးတော့ ကော်ဖီသောက်ခြင်းဟာ လေဖြတ်ခြင်းကို ၂၂% အထိ လျှော့ချပေးနိုင်တာ တွေ့ရတယ်လို့လည်း ပြောကြားထားပါတယ်။

၅) မျက်စိကျန်းမာရေး
ကဖင်းဓာတ်ဟာ မျက်ကြောဆွဲခြင်းကို ကာကွယ်ပေးနိုင်ပြီး မျက်စိတိမ်စွဲခြင်းများကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

၆) ကင်ဆာကာကွယ်ပေးတယ်
ကင်ဆာဖြစ်ပွားမှုကို ဖြစ်စေတဲ့ အကြောင်းအရာတွေကို လျှော့ချပေးနိုင်တယ်။ နှေးကွေးစေတယ်။ ပါးစပ်နဲ့ လည်ချောင်းကင်ဆာဖြစ်ပွားမှုကို ငါးဆယ်ရာခိုင်နှုန်း လျှော့ချပေးနိုင်သလို အရေပြားကင်ဆာဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

၇ ) ခန္ဓာကိုယ်အား တက်ကြွစေတယ်
ကဖင်းဓာတ်ဟာ သင့်ရဲ့နှလုံးနဲ့ အာရုံကြောစနစ်ကိုလည်း ဖွံ့ဖြိုးစေပါတယ်။ ဒါကြောင့် သင့်မှာ အားနည်းခြင်း၊ ခေါင်းမူးခြင်းတွေကို ကာကွယ်ပေးနိုင်ပါတယ်။ လေ့လာတွေ့ရှိမှုတစ်ခုအရ လေ့ကျင့်ခန်းမလုပ်ခင် မိနစ် ၃၀ တစ်နာရီလောက်အလိုမှာ ကဖင်း 140- 400 mg လောက်ကို စားသုံးပြီး လုပ်ရင်ကြွက်သားဖွံ့ဖြိုးမှုကို ပိုမိုအားပေးကြောင်း တွေ့ရှိခဲ့ရသလို အလုပ်ကိုလည်း လွယ်ကူအေးဆေးစွာ လုပ်နိုင်တယ်လို့ သိရပါတယ်။

ဒီမှာ သတိထားရမှာတစ်ခုက အထက်ဖော်ပြပါ အကျိုးကျေးဇူးတွေအားလုံးက သဘာဝကော်ဖီစေ့ကနေရတဲ့ ကော်ဖီကို သောက်သုံးမှသာ ရရှိနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိစျေးကွက်ထဲမှာ ရောင်းချနေတဲ့ တန်ဖိုးနည်း ကော်ဖီတွေက အချိုဓာတ်လွန်ကဲပြီး အာနိသင်ကောင်းကောင်း မရှိတာကြောင့် ရေရှည်သောက်မယ်ဆိုရင် ဆီးချိုအပါအဝင် တခြားသော ဆက်စပ်ရောဂါတွေ ဝင်လာနိုင်ပါတယ်။ ဒါကြောင့် ကော်ဖီအစစ်ကိုပဲ ရံဖန်ရံခါ သောက်သုံးပေးတာက သင့်ကျန်းမာရေးအတွက် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။