Blog Detail Pic

သင် Energy Drink တွေကို စွဲလမ်းနေပြီလား

by | 16 Nov 2021

Energy Drink လို့ ခေါ်တဲ့ ခွန်အားဖြည့်အချိုရည် ချိုချိုလေးတွေဟာ လူကြိုက်များတဲ့ အဖျော်ယမကာတစ်မျိုးဖြစ်ပါတယ်။ ငယ်ငယ်ရွယ်ရွယ် ကလေးသူငယ်လေးတွေကနေအစ ဆယ်ကျော်သက်အရွယ် မြီးကောင်ပေါက်တွေအလယ် လူကြီးသူမတွေအဆုံး နှစ်သက်ကြလေ့ရှိပါတယ်။ မြန်မာနိုင်ငံက လူငယ်တော်တော်များများဆိုရင် ကိုကာကိုလာ၊ Shark, Red Bull, Speed, ကျွဲစိမ်း စတဲ့ အချိုရည် တော်တော်များများကို နှစ်နှစ်ခြိုက်ခြိုက် သောက်သုံးလေ့ရှိကြပါတယ်။ ဒီလိုမျိုး အချိုရည်တွေကို ကမ္ဘာတစ်လွှားမှာ ဘယ်လောက်တောင် လူကြိုက်များလဲဆိုရင် လာမယ့် ၂၀၂၄ ခုနှစ်ရောက်ရင် ကမ္ဘာတစ်လွှား အဆိုပါအချိုရည်ဈေးကွက်ရဲ့ တန်ကြေးဟာ ဒေါ်လာ ၇၂ ဘီလီယံအထိရှိလာနိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ တန်ဆေးလွန်ဆေးဆိုတဲ့အတိုင်း နှစ်ပတ်မှ တစ်ဘူးလောက်သောက်တာက ကျန်းမာရေးအတွက် မသိသာသေးပေမဲ့ မူးယစ်ဆေးစွဲနေသလိုမျိုး တစ်ရက် တစ်ဘူးမှ မသောက်ရရင် မနေနိုင်တာ၊ ရေကျ မသောက်ချင်ဘဲ တစ်နေကုန် အချိုရည်ချည်း သောက်မိနေတာ၊ တချို့ဆို ဒီထက်ပိုလာပြီး တစ်နေ့တည်းတင် ၃ ဘူး ၄ ဘူးစသဖြင့် အလွန်အမင်း သောက်သုံးလာကြတဲ့အခါ ရေရှည်မှာ ဘယ်လိုမျိုး ကျန်းမာရေး ချို့ယွင်းချက်တွေကို ရင်ဆိုင်လာရနိုင်လဲနဲ့ ဘယ်လိုကာကွယ်ကြမလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်ကြရအောင်။

လူတွေဘာကြောင့် ဒီအချိုရည်တွေကိုစွဲလမ်းပြီး နှစ်ခြိုက်နေရတာလဲ?

လူတိုင်းနီးပါးက ခွန်အားဖြည့်အချိုရည်တွေဟာ စွမ်းအားကိုမြှင့်တင်ပေးနိုင်တယ် သောက်လိုက်ရင် လန်းဆန်းသွားမယ် ဆိုတဲ့ ယုံကြည်မှုနဲ့ သူတို့ရဲ့ နှစ်သက်စရာအရသာအတွဲအဖက်ကြောင့် နှစ်ခြိုက်ကြတာဖြစ်ပါတယ်။ လူလတ်ပိုင်းအရွယ်တွေမှာဆို အရက်တို့ ဝီစကီတို့နဲ့ တွဲစပ်သောက်သုံးနိုင်တာကြောင့် ပိုပြီး လူကြိုက်များပါတယ်။
ဒါဆို ခွန်အားဖြည့်အချိုရည်တွေဟာ တကယ်ရော ခွန်အားတွေပေးနိုင်ရဲ့လား၊ စွမ်းအားကိုတိုးစေမှာလား၊ စိတ်ကြည်လင်စေပြီး စဉ်းစားတွေးခေါ်မှုတွေကို ပိုပြီး အထောက်အကူဖြစ်စေမှာလား … အဖြေကတော့ No ပါကွယ်။ ခွန်အားဖြည့်အချိုရည်တွေဟာ ကောင်းကျိုးတွေထက် ဘေးထွက်ဆိုးကျိုးတွေ ပိုပြီးများပြားပါတယ်။

စွမ်းအားဖြည့်အချိုရည် စွဲလမ်းခြင်းဆိုတာ ဘယ်လိုမျိုးလဲ

အရာဝတ္တုတစ်ခုခုကို သုံးစွဲပြီးရင် နောက်ဆက်တွဲဆိုးကျိုးကြုံတွေ့သည့်တိုင် မသုံးရရင် မနေနိုင်တဲ့ ပြဿနာမျိုး ဖြစ်ပါတယ်။ အချိုရည်ကိုလည်း မသောက်ရင် မနေနိုင်ခြင်းမျိုး ဖြစ်လာပါတယ်။ မသောက်ဘဲ နေလိုက်ရင် မလန်းဆန်းတာမျိုး၊ စိတ်မကြည်တာမျိုး၊ သောက်သုံးလိုက်တဲ့အခါမှ အင်အားပြည့်ဝသွားသလိုမျိုး ခံစားရတတ်ပါတယ်။ အရက်စွဲသလိုမျိုးပါပဲ။ ညနေစောင်းမှ အရက်မသောက်ရရင် အဆင်မပြေသလိုမျိုး ကိုယ် ခွန်အားဖြည့်အချိုရည်သောက်နေကျ ဉပမာ ထမင်းစားပြီးတဲ့အချိန်မှာမှ မသောက်ရရင် စိတ်ကျေနပ်မှု မရရှိတာမျိုးပါ။ ဒီနည်းနဲ့ စွမ်းအားဖြည့်အချိုရည်များကို အများအပြား သောက်သုံးမိလာပါတယ်။

စွဲလမ်းခြင်း လက္ခဏာများ

စွဲလမ်းခြင်းဟာ စိတ်ပိုင်းဆိုင်ရာပေါ် မူတည်ပေမယ့် လက္ခဏာများကတော့ ဦးနှောက်နဲ့ အာရုံကြောနဲ့ပါ ဆက်နွယ်နေပါတယ်။ ဥပမာ
– အလွန်အကျွံတောင့်တခြင်း၊ မသောက်ရ မနေနိုင်တော့ခြင်း
– သောက်သုံးပြီးလျှင် စိတ်အပြောင်းအလဲဖြစ်သွားခြင်း
– သောက်သုံးမှုကို မထိန်းချုပ်နိုင်ခြင်း
– မသောက်ဘဲနေကြည့်လျှင် ခေါင်းကိုက်ခြင်း၊ အိပ်လို့ မပေျာ်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ စိတ်ကျခြင်း၊ သည်းမခံနိုင်ဖြစ်ခြင်း စတာတွေ ကြုံလာရတတ်ပါတယ်။

ဘေးထွက်ဆိုးကျိုးများ

စွမ်းအားဖြည့်အချိုရည်များဟာ အက်ဆစ်ဓာတ်ကဲတဲ့ အရည်မျိုးဖြစ်ပါတယ်။ ဒါကြောင့် သွားများကို အရောင်ပျက်စေတဲ့အပြင် အချိန်ကြာလာတာနဲ့အမျှ သွားရဲ့အပေါ်ယံကြွေလွှာတွေကို ပါးလာစေပါတယ်။ သွားပိုးစားခြင်း၊ အခေါင်းပေါက်ဖြစ်ခြင်း စတာတွေ ကြုံလာနိုင်ပါတယ်။
အချိုရည်မှပါဝင်တဲ့ သကြားဓာတ်နဲ့ ကဖင်းဓာတ်တွေဟာ သွားကြိုသွားကြားအတွင်း ဘက်တီးရီးယား ပေါက်ပွားမှုကိုလည်း အားပေးတာကြောင့် သွားကျောက်တွေဖြစ်ပေါ်ပြီး သွားများကို လျင်မြန်စွာ ပျက်စီးစေပါတယ်။

စွမ်းအားဖြည့်အချိုရည်များ သောက်သုံးခြင်းဟာ ကိုယ်အလေးချိန်လည်း ပုံမှန်ထက် ၂ ဆ နီးပါး တက်လာစေပါတယ်။ သောက်ပါများရင် မျက်နှာကြီး ဖောလာတာ အသိသာဆုံး ဖြစ်မှာပါ။ ဒါ့အပြင် ကျောက်ကပ်ရဲ့ လုပ်ဆောင်ချက်တွေကိုလည်း အနေှာက်အယှက် ဖြစ်စေတာကြောင့် ကြာလာရင် ကျောက်ကပ်ကျောက်တည်တာမျိုးအထိ ဖြစ်နိုင်ပါတယ်။

၂၅၀ မီလီလီတာလောက်ပါတဲ့ စွမ်းအားဖြည့်အချိုရည်တဘူးမှာ သကြားက စားပွဲတင်ဇွန်း ၁၃ ဇွန်းစာလောက် ပါဝင်ပါတယ်။ ဆရာဝန်တွေ အကြံပြုထားတဲ့ လူတစ်ယောက်ရဲ့ တစ်နေ့တာ သကြားစားသုံးမှု ပမာဏက စားပွဲတင်ဇွန်း ၆ ဇွန်းပဲ ရှိတာကြောင့် အချိုရည်ဘူးသေးလေး တစ်ဘူးနဲ့တင် တစ်နေ့တာ လိုအပ်တဲ့ သကြားထက် ၂ ဆ ကျော်လွန်နေပါပြီ။ အဓိကပြသနာကတော့ သွေးတွင်း သကြားဓာတ်မြင့်တက်လာပြီး အရွယ်မတိုင်ခင် ဆီးချိုရောဂါဖြစ်နိုင်ခြေ များစေပါတယ်။ ဆီးချိုဖြစ်လာတာနဲ့ တစ်ပြိုက်နက် နောက်ဆက်တွဲဆိုးကျိုးတွေက တွေးမကြည့်ရဲလောက်အောင်ကို တစ်ပြုံကြီး ဝင်လာမှာ ဖြစ်တာကြောင့် အချိန်မလွန်ခင် သောက်သုံးတာ ရပ်လိုက်သင့်ပါတယ်နော်။

စွမ်းအားဖြည့်အချိုရည်စွဲတာကို ဘယ်လိုရင်ဆိုင်မလဲ

စွမ်းအားဖြည့်အချိုရည်တွေကို မသောက်ရမနေနိုင်ဖြစ်သွားရင် ချက်ချင်းဖြတ်ဖို့တော့ ခက်ပါတယ်။ လုံးဝမသောက်ဘဲ ဖြတ်ပစ်ခြင်းမျိုး လုပ်နိုင်သလို ဖြည်းဖြည်းချင်းစီ လျှော့ချသွားပြီးမှ ဖြတ်လိုက်တာမျိုးလည်း ရှိပါတယ်။ နည်းလမ်းနှစ်ခုစလုံးမှာ အားနည်းချက် အားသာချက် ရှိပါတယ်။ မိမိရဲ့ နေထိုင်စားသောက်မှုပုံစံအရ လိုက်လျောညီထွေဖြစ်အောင် ရွေးချယ်ရပါမယ်။

ရုတ်တရက် တိကနဲ့ ဖြတ်တဲ့အခါမှာတော့ စွဲလမ်းတာကြောင့်ဖြစ်တတ်တဲ့ လက္ခဏာတွေ ပိုမို ကြုံနိုင်ပါတယ်။ ခေါင်းကိုက်ခြင်း၊ ပန်းနွမ်းနယ်ခြင်း၊ အာရုံစူးစိုက်ရခက်ခြင်း စတာမျိုးတွေ ဖြစ်တတ်ပါတယ်

အဆိုပါအခြေအနေမျိုးမှာ စွမ်းအားဖြည့်အချိုရည်ကို အစားထိုးတဲ့ အဖျော်ယမကာတွေ အစားထိုး သုံးစွဲသင့်ပါတယ်။ အဓိကကတော့ စွဲလမ်းနေတဲ့ စွမ်းအားဖြည့်အချိုရည်တွေလောက် သကြားဓာတ်နဲ့ ကဖိန်း မများတဲ့ အဖျော်တွေ ဖြစ်ပါတယ်။ ဥပမာ ကဖိန်းထုတ်ထားတဲ့ ကော်ဖီ၊ အသီးဖျော်ရည်ဆိုရင်လည်း သကြားအစား ပျားရည် ထည့်တာမျိုး၊ သကြားဓာတ် သိပ်မပါတဲ့ အချိုရည်၊ ဆေးဘက်ဝင်အပင်တွေကို လက်ဖက်ခြောက်လုပ်သောက်တဲ့ ရေနွေး စတာမျိုးတွေ ဖြစ်ပါတယ်။
မိမိရဲ့ပတ်ဝန်းကျင်မှာ စွမ်းအားဖြည့်အချိုရည်တွေ အလွယ်တကူ ယူမသောက်နိုင်အောင် ဖန်တီးထားရပါမယ်။ ရေခဲသေတ္တာထဲမှာလည်း ဝယ်ထည့်မထားဘဲ တခြား အာသာပြေ အစားထိုးသောက်စရာ အရည်တစ်မျိုးမျိုးကိုလည်း လက်လှမ်းမီရာမှာ ထားသင့်ပါတယ်။ ရေဘူးကြီး တစ်ဘူးကို ဘေးနားထားပြီး အချိုရည်သောက်ချင်လာတိုင်း စိတ်ပြောင်းပြီး ရေချည်းသောက်နိုင်ရင်တော့ ကျန်းမာရေးအတွက် အကောင်းဆုံးပါပဲ။

အဓိကက ကိုယ့်စိတ်ကိုယ်နိုင်ဖို့ပဲလိုတာမလို့ သောက်ချင်စိတ်ပေါ်လာတိုင်း ငါဆီးချိုဖြစ်တော့မှာပဲ ကျောက်ကပ်ထိတော့မှာပဲ ဒါဆို ဆေးဖိုးလည်း ကုန်မယ် ငါ့မိသားစုလည်း စိတ်ညစ်ရမယ်လို့ ဆိုးကျိုးတွေကို မြင်အောင်တွေးကြည့်ပြီး ရအောင် ဖြတ်ကြည့်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။