Blog Detail Pic

ဘယ်သူတွေ သွေးလှူလို့ရလဲ ဘာတွေလိုအပ်လဲ?

by | 19 Nov 2021

“သင့်သွေးဖြင့်အသက်ကယ်ပါ” ဆိုတဲ့ စာကြောင်းလေးက မွန်မြတ်တဲ့ အဓိပ္ပာယ်အပြည့်ရှိပါတယ်။ ကိုယ်လှူလိုက်တဲ့သွေးက ရောဂါအခြေအနေအမျိုးမျိုးကြောင့် သွေးသွင်းဖို့လိုအပ်တဲ့လူနာတွေအတွက် အသက်ကယ်နိုင်လောက်အောင် တန်ဖိုးကြီးတဲ့ လက်ဆောင်ပါပဲ။ ဒီစိတ်ကလေးနဲ့ပဲ ပုံမှန်သွေးလှူနေကြသူတွေ၊ အရေးပေါ်လိုအပ်ချိန်မှာ ပြေးပြီးသွေးလှူပေးကြသူတွေ၊ လူနာနဲ့ကိုက်ညီတဲ့ သွေးအလှူရှင်ရဖို့ အပြေးအလွှားကူရှာပေးသူတွေ၊ သွေးလှူ ကြဖို့ တိုက်တွန်းနှိုးဆော်သူတွေရှိနေတာပါ။

ကိုယ့်သွေးကြောင့် တစ်ပါးသူ ကျန်းမာပျော်ရွှင်လာစေမယ်ဆိုတဲ့ အသိတခုတည်းနဲ့တင် သွေးလှူရတာ တန်နေပါပြီ။ လိုအပ်နေသူကို လှူဒါန်းရတဲ့ ကာလဒါနဖြစ်တဲ့အပြင် မိမိခန္ဓါကိုယ်ရဲ့ အသွေးအသား အစိတ်အပိုင်းကို လှူဒါန်းရခြင်းဖြစ်တဲ့အတွက် လောကီလောကုတ် နှစ်ဖြာအကျိုးကိုလည်း ပွားစေပါတယ်။ ဒါကြောင့် လူမှုရေးရှုထောင့်ကပဲ ကြည့်ကြည့်၊ဘာသာရေးရှုထောင့်ကပဲ ကြည့်ကြည့် နှစ်ဦးနှစ်ဖက် အင်မတန် အကျိုးများပါတယ်။ ဒီဆောင်းပါးလေးမှာ ဘယ်သူတွေ သွေးလှူလို့ရလဲ ဘာတွေလိုအပ်လဲဆိုတာကို မျှဝေပေးသွားပါမယ်။

ဘယ်လိုလူတွေ သွေးလိုအပ်သလဲ

သဘာဝဘေးအန္တရာယ် ဒါမှမဟုတ် မတော်တဆမှုတွေ၊အရေးပေါ်အခြေအနေတွေကြောင့် ထိခိုက်ဒါဏ်ရာ ပြင်းထန်စွာရသူတွေ။

ခွဲစိတ်မှုခံယူရင်း သွေးအလွန်အကျွံဆုံးရှုံးသူတွေ။
ကိုယ်ဝန်ဆောင်ချိန် သွေးသွန်သူတွေ၊သားပျက်သားလျှောဖြစ်သူတွေ၊ကလေးမီးဖွားရင်း သွေးအလွန်အကျွံဆုံးရှုံးသူတွေ။

Thalassemia လို ရောဂါမျိုးကြောင့် သွေးအားနည်းရောဂါကို အပြင်းအထန် ခံစားနေရပြီး သွေးမကြာခဏသွင်းဖို့ လိုအပ်နေသူတွေအနေနဲ့ သွေးသွင်းကုသမှု ခံယူဖို့လိုအပ်ပါတယ်။

ဒါကြောင့် သင့်သွေးဟာ လူတယောက်ရဲ့ အသက်ကို ကယ်တင်ပေးနိုင်သလို ခံစားနေရတဲ့ ဝေဒနာတွေကိုလည်း သက်သာသွားအောင် လုပ်ပေးနိုင်စွမ်းရှိနေပါတယ်။ အင်မတန် မွန်မြတ်ပြီး ကြည်နူးဖို့ကောင်းတဲ့ အရာပါ။

ဘယ်လိုလူတွေ သွေးလှူခွင့်ရှိလဲ

သွေးလှူဖို့ အောက်ပါအချက်အလက်တွေနဲ့ ကိုက်ညီရပါမယ်။

၁။ အသက်(၁၈) နှစ်မှ (၅၅) နှစ်အတွင်းရှိသူ ဖြစ်ရပါမယ်။

၂။ အမျိုးသားအတွက် ကိုယ်အလေးချိန် ပေါင် (၁၁၀) အထက် ရှိရပါမယ်။

၃။အမျိုးသမီးအတွက် ကိုယ်အလေးချိန် ပေါင်(၁၀၀) အထက် ရှိရပါမယ်။

၄။အိပ်ရေးဝစွာ အိပ်စက်ထားသူဖြစ်ရပါမယ်။
အရက်သေစာသောက်စားထားခြင်းမရှိသူ ဖြစ်ရပါမယ်။

၅။လတ်တလော ရောဂါဝေဒနာမရှိသူ ဖြစ်ရပါမယ်။

၆။မကြာခဏ ဖျားနာလေ့ မရှိသူ၊ မချူချာသူ ဖြစ်ရပါမယ်။

၇။ကိုယ်ဝန်ဆောင်ခြင်း၊ နို့တိုက်ခြင်း၊ လတ်တလော ဓမ္မတာလာခြင်းတို့ မရှိသူဖြစ်ရပါမယ်။

၈။ သွေးမှတဆင့် ကူးစက်တတ်သော ရောဂါတွေ (အထူးသဖြင့် အသည်းရောင်အသားဝါ ဘီ/စီ၊အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်ရောဂါပိုး ကင်းရှင်းသူတွေ ဖြစ်ရပါမယ်)

ဒီအချက်တွေနဲ့ ကိုက်ညီပြီဆိုရင်တော့ လူမျိုးဘာသာ၊အယုတ်အလတ် အမြတ်မရွေး သွေးလှူဒါနကို ကြည်နူးစွာ ပြုနိုင်ပြီပဲ ဖြစ်ပါတယ်။

သွေးလှူရင် ကျန်းမာရေးထိခိုက်သလား။ ကိုယ်ခံအား နည်းသွားမှာလား?

အပေါ်မှာ ဖော်ပြထားတဲ့ အချက်တွေနဲ့ ကိုက်ညီမှုရှိမရှိအပြင် သင့်ရဲ့ လက်ရှိကျန်းမာရေးအခြေအနေဟာ သွေးလှူနိုင်လောက်တဲ့ အနေအထားရှိရဲ့လားဆိုတာကိုလည်း ဆရာဝန်တွေက သွေးမလှူခင်မှာ အသေအချာ စစ်ဆေးပေးဦးမှာဖြစ်တဲ့အတွက် ဘာမှ စိုးရိမ်စရာမလိုပါဘူး။ သွေးမလှူသင့်တဲ့ အခြေအနေမျိုးဆိုရင် ဆရာဝန်က သင့်ကို အိမ်ပြန်အားမွေးပြီး နောက်တခါမှ ထပ်လာဖို့ အကြံပြုမှာပါ။ ဒါကြောင့် သွေးလှူခြင်းဟာ ကျန်းမာရေးကို ထိခိုက်စရာအကြောင်း လုံးဝမရှိပါဘူး။ နောက်တချက်က သွေးလှူတဲ့အခါ သင့်ခန္ဓါကိုယ်ထဲက သွေးတယူနစ်သာ ထုတ်ယူမှာဖြစ်ပါတယ်။ သွေးတယူနစ်ဟာ ၅၂၅ စီစီ (တပိုင့်)ပမာဏသာရှိတဲ့အတွက် သင့်ခန္ဓါကိုယ်တခုလုံးက သွေးပမာဏရဲ့ ဆယ်ပုံတပုံသာသာပဲ ရှိပါတယ်။

ဒါ့အပြင် လူထုထဲမှာ ကြားဖူးနားဝကနေ တစ်ဆင့် ပျံနှံ့နေတဲ့ သတင်းအချက်အလက်တွေဖြစ်တဲ့ ကင်ဆာရောဂါကုသမှုခံယူထားရင် သွေးလှူလို့မရဘူး၊ တုပ်ကွေးကာကွယ်ဆေးထိုးထားရင်၊ သွေးတွင်း ကိုလက်စထရောများနေရင်၊ ဆီးချိုသွေးချိုရှိနေရင် သွေးလှူလို့မရဘူးဆိုတာတွေလည်း အမှားတွေ ဖြစ်ပါတယ်။ သင်ကျန်းမာရေး ကောင်းနေသရွေ့ သွေးလှူလို့ ရပါတယ်။ ဒါကြောင့် စိတ်ချလက်ချလှူဒါန်းနိုင်ပါတယ်။ သွေးလှူပြီးတဲ့အခါ ခဏနားနေပြီးမှ သင့်ကို အိမ်ပြန်ခွင့်ပြုမှာ ဖြစ်တဲ့အပြင် အားဖြစ်စေဖို့ ကြက်ဥတွေ၊မုန့်တွေ၊အာဟာရတွေကိုလည်း ကျွေးမွေးပြုစုဦးမှာပါ။ ကုသိုလ်လည်းရ၊ဝမ်းလည်းဝဆိုတာ ဒါမှ အစစ်ပေါ့။

သွေးခဏခဏ လှူချင်ရင် ဘယ်လိုလုပ်လို့ရလဲ

ယေဘုယျအားဖြင့် ၃ – ၄ လတခါ သွေးလှူဒါန်းနိုင်ပါတယ်။ ဒါပေမယ့် သွေးလှူတိုင်း သွေးလှူတိုင်းမှာ အထက်ဖော်ပြပါ အချက်တွေနဲ့ အမြဲတမ်းတိုက်ဆိုင်စစ်ဆေးမှာ ဖြစ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ သွေးလှူပြီး အသက်ကယ်ရတဲ့ ပီတိကို မကြာခဏ ခံစားချင်တယ်ဆိုရင်တော့ အစားအသောက်အနေအထိုင်တွေကို ကျန်းမာရေးနဲ့ ညီညွတ်အောင် ဆင်ခြင်နေထိုင်ရပါမယ်။ သွေး မလှူခင် ရက်ပိုင်းအလိုတည်းက အားပြည့်စေမယ့် အစားအသောက်တွေ စားပါ။ ဥပမာ – အသား၊ ငါး၊ ပဲတို့လို သံဓာတ်ကြွယ်ဝတာတွေအပြင် သံဓာတ်ဖြည့်စွက်ထားတဲ့ ကွေကာနဲ့ အာဟာရပြည့် သောက်စရာတွေကို စားသုံးပါ။ အိပ်ရေးဝအောင် အိပ်ပါ။ သွေးမလှူခင် အနည်းဆုံး ၃ နာရီအလိုမှာ အစားအစာ ပြည့်ဝအောင်စားပါ၊ အဆီများတာတွေ ရှောင်ပါ။ ရေများများသောက်ပါ။ ဒီလိုနေထိုင်စားသောက်ခြင်းအားဖြင့် သွေးမကြာခဏလှူနိုင်မှာဖြစ်သလို သင့်ကျန်းမာရေးလည်း ကျွဲကူးရေပါဆိုသလို ပိုမိုတိုးတက်ကောင်းမွန်လာမှာ ဖြစ်ပါတယ်။

‘အသက်သည်သွေး၊သွေးသည် အသက်’ တဲ့။ အင်မတန်မှ တန်ဖိုးရှိပြီး အဓိပ္ပါယ်ပြည့်ဝတဲ့ စကားလေးပါ။ သင့်ခန္ဓါကိုယ်ထဲမှာရှိတဲ့ သွေးကို အမှန်တကယ် လိုအပ်နေသူတွေထံ လှူဒါန်းပြီး အသက်ကယ်နိုင်ခြင်းဟာ ပြောမှယုံကြုံမှသိရလောက်အောင် ကြည်နူးဖို့ကောင်းတဲ့ အတွေ့အကြုံတခု၊လုပ်ဆောင်မှုတခု ဖြစ်တာမို့ ဒီနေ့ပဲ သွေးသွားလှူဖို့ တိုက်တွန်းလိုက်ပါရစေ။