Blog Detail Pic

ဆံပင်တွေ အရမ်းကျွတ်တဲ့ ပြဿနာကို ဖြေရှင်းဖို့ ဒါတွေလိုက်နာပါ

by | 23 Nov 2021

ဒီဘက်ခေတ်မှာ ဆံသားကို အပူပေးပြီး ဖြောင့်လိုက်၊ ကောက်လိုက်၊ အရောင်းပြောင်းလိုက်၊ High Light ဖောက်လိုက် လုပ်တာတွေ သိပ်ကို များလာပြီနော်။ မိန်းကလေးတွေတင်မကဘဲ ယောက်ျားလေးတွေပါ အလှအပကို လိုက်စားလာတဲ့ ခေတ်ကို ရောက်လာပြီလေ။ ဆံသားနဲ့ဉီးရေပြားဆိုတာ အရမ်းကို နူးညံ့တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း ဖြစ်တာကြောင့် မကြာခဏဆိုသလို ပြုပြင်ပြောင်းလဲနေရင် ဦးရေပြားက ခြောက်သွေ့လာမှာ အသေအချာပဲပေါ့။ အကျိုးဆက်အနေနဲ့ ခေါင်းတစ်ခါဖြီးလိုက်တိုင်း ဆံပင်တွေ အများကြီးကျွတ်တာ၊ ဆံသားနှစ်ခွဖြစ်တာ၊ ဆံသားကျိုးကြေတာနဲ့ ပြောင်းဖူးမွှေးလိုမျိုး ခပ်ဖွာဖွာ အရောင်မွဲမွဲဆံပင်မျိုးတွေကို ပိုင်ဆိုင်လာရတတ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ဆယ်ကျော်သက်အရွယ်ကစလို့ ဉီးဉီးဒေါ်ဒေါ်တို့အရွယ်ထိ လူတော်တော်များများ နိစ္စဒူဝ ကြုံတွေ့ရတတ်တဲ့ ဆံပင်တွေ ခဏခဏကျွတ်တဲ့ ပြသနာအကြောင်းနဲ့ ဘယ်လို ကုသကြမယ်ဆိုတာကို ဖတ်ကြည့်ကြရအောင်။

အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ တစ်နေ့ကို ဆံပင်အပင် (၅၀) မှ (၈၀) ခန့်အထိ ကျွတ်နိုင်ပါတယ်။ ဒါက ပုံမှန်သတ်မှတ်ထားတဲ့ ကျန်းမာတဲ့လူတစ်ယောက်ရဲ့ ဆံပင်ကျွတ်တဲ့ ပမာဏပါ။ ဆံပင်ကျွတ်တာမျိုး၊ ဆံပင်အထွေးလိုက်ကြီး ကျွတ်တာမျိုး၊ ခေါင်းလျှော်နေရင်း ဆံသားကို လက်နဲ့ဆွဲမိလိုက်တဲ့အခါ အလိုအလျောက်ကျွတ်လာတာမျိုးဆိုရင်တော့ စိုးရိမ်စရာလိုလာပါပြီ။
အသက်ကြီးလာလို့ သဘာဝအတိုင်း ထိပ်ပြောင်တာမျိုးမဟုတ်ပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ကျွတ်ပြီး ထိပ်ပြောင်လာတာက တော်တော့်ကို အလှအပရေးရာအရ တော်တော်လေးကို အဆင်မပြေတဲ့ ပြဿနာပါ။ နောက်ဆက်တွဲအနေနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းလာမယ်၊ တခြားသူတွေက လှောင်ပြောင်ကြတဲ့အခါမှာ ကိုယ့်အနေနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်လာနိုင်တယ်၊ တခြားကျန်းမာရေးပြဿနာတွေ ရှိနေမလားဆိုပြီးလည်း စိတ်ထဲ အမြဲစိုးရိမ်ပူပန်နေရမှာပါ။

ဒါဆို ဘာလို့ ဆံပင်တအားကျွတ်လာတာလဲ။

စိတ်ဖိစီးမှုများတဲ့အချိန်တွေမှာ ကိုယ်ခံအားစနစ် ဖောက်လွဲဖောက်ပြန်ဖြစ်ပြီး ဆံသားမွေးညှင်းပေါက်များကို ထိခိုက်စေတဲ့အတွက် ဆံပင်အများအပြား ကျွတ်တာမျိုး ဖြစ်တတ်ပါတယ်။ဆံပင်ကွျတ်တာက မျိုးရိုးလိုက်တဲ့ သူတွေမှာလည်း ဖြစ်နိုင်ပြီး အမျိုးအစား (၁) ဆီးချိုရောဂါ၊ နာတာရှည်အဆစ်ရောင် ရောဂါ၊ ဓာတ်ရောင်ခြည်ကုသမှုခံနေရတဲ့ ကင်ဆာရောဂါ အစရှိတဲ့ ကိုယ်ခံအားစနစ်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ ရောဂါရှိသူတွေမှာ ပိုအဖြစ်များပါတယ်။ တစ်နေ့တာ စားလိုက်တဲ့ အစားအစာထဲမှာ ပရိုတင်း၊ ဗီတာမင်နဲ့ သံဓာတ်တွေ အလုံအလောက်မပါရင်လည်း အာဟာရမပြည့်ဝမှုကြောင့် ကျွတ်နိုင်ပါတယ်။

အမျိုးသားတွေမှာ အဖြစ်များတဲ့ ဆံပင်ကျွတ်ရခြင်း အကြောင်းရင်း

အမျိုးသားတွေမှာ ဆံပင်ကျွတ်တဲ့မျိုးရိုးဗီဇရှိတာ၊ စိတ်ဖိစီးမှုဝေဒနာကြုံတွေ့နေရတဲ့အခါ ဆံပင်ကျွတ်တတ်ပါတယ်။ နောက်တစ်ချက်က အမျိုးသားတွေဟာ တော်ရုံ ရေချိုးခေါင်းလျှော်ခြင်းမပြုတတ်ကြသလို ခေါင်းလျှော်တဲ့အခါမှာလည်း ရေလောင်းလိုက်ရုံနဲ့ ပြီးသွားတတ်ပါတယ်။ ဒီအခါ ဦးရေပြားမှာ မှိုစွဲတာ၊ သဘာဝအဆီတွေ ဆုံးရှုံးမှုဖြစ်ပြီး ဆံသားခြောက်သွေ့တာတွေ ဖြစ်နိုင်ပါတယ်။ မှိုစွဲတဲ့နေရာမှာဆိုရင် ဆံပင်အကွက်လိုက်ကျွတ်ပြီး ကျန်တဲ့နေရာမှာတော့ ဆံပင်က ပုံမှန်အတိုင်း ပေါက်နေတာကို တွေ့ရတတ်ပါတယ်။

အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ဆံပင်ကျွတ်ခြင်းအကြောင်းရင်း

ဆံပင်ကို မကြာခဏ ဖြောင့်လိုက်၊ ကောက်လိုက်၊ ဆေးဆိုးတတ်တဲ့ အမျိုးသမီးတွေ၊ ကိုယ်ဝန်ဆောင်ချိန်၊ ကလေးမီးဖွားပြီးချိန်၊ သွေးဆုံးချိန်တွေမှာ ဖြစ်တတ်တဲ့ ဟော်မုန်းမျှခြေ ပျက်ယွင်းခြင်းကြောင့်လည်း ဆံပင်ကျွတ်တတ်ပါတယ်။ ကိုယ်သောက်နေတဲ့ တားဆေးတွေ၊ ရောဂါပျောက်ဆေးကြောင့်လည်း ဆံပင်ကျွတ်စေတဲ့ ဘေးထွက်ဆိုးကျိုးတွေ ကြုံတွေ့နိုင်ပါတယ်။ ဒါ့အပြင် အချိန်ကြာကြာ ပိုနီတေးလ်ဆံပင်ပုံစံထားထားတာ တင်းကြပ်နေအောင် စည်းနှောင်ထားတာကြောင့်လည်း ဆံပင်ကွျတ်လေ့ရှိပါသေးတယ်။

ဘယ်လိုကုသပေးနိုင်မလဲ။

• အမျိုးသားများအနေနဲ့ နေ့စဉ်ခေါင်းလျှော်ပေးစရာ မလိုပါဘူး။ တစ်ရက်ခြား တစ်ကြိမ် သို့မဟုတ် တစ်ပတ်ကို ၂ကြိမ်မှ ၃ကြိမ်ထိ အများဆုံး ခေါင်းလျှော်ပေးနိုင်ရင် လုံလောက်ပါပြီ။ အမျိုးသမီးဆိုရင်တော့ တစ်ရက်ခြား တစ်ကြိမ်လောက် ခေါင်းလျှော်ပေးလို့ ရပါတယ်။
• ဆံပင်အရှည်ကြီး ထားတတ်တယ်ဆိုရင် ပိုပြီး ဂရုစိုက်ပေးဖို့လိုပါတယ်။
• ခေါင်းလျှော်တဲ့အခါ ဦးရေပြားကို ခေါင်းလျှော်ရည်နဲ့ သေချာတိုက်ချွတ်ပြီး ဆေးကြောပေးပါ။
• အပြင်ထွက်တဲ့အခါ ဦးခေါင်းရေစိုကြီးနဲ့ မထွက်ပါနဲ့။ ဆံပင်ခြောက်မှ အပြင်ထွက်ပါ။
• နေပူထဲ ထွက်တော့မယ်ဆိုရင် ထီးဆောင်းပါ။ ဦးထုပ်ဆောင်းပါ။
• အိမ်မှာ နေတဲ့အချိန်ဆိုရင် ဆံသားပုံသွင်းတဲ့ ဂျယ်လ်တွေ၊ ခရင်မ်တွေ မလိမ်းပါနဲ့။ ဒီအတိုင်း ဆံပင်ကို အောက်ချထားပါ။
• လိုအပ်လာရင် အရေပြားဆရာဝန်နဲ့ ပြသကြည့်ပြီး ဆံပင်ပေါက်ဆေး၊ ဆံပင်သန်ဆေး အသုံးပြုပေးပါ။

ဆံပင်ကျွတ်တာကို ဘယ်လိုကာကွယ်ပေးနိုင်လဲ။

• အမျိုးသမီးတွေအနေနဲ့ မကြာခဏ ဆံပင်ကောက်လိုက်၊ ဖြောင့်လိုက်လုပ်တာ၊ ဆံပင်ကို
အရမ်းကျပ်ထုတ်နေအောင် စည်းတာမျိုး၊ ကျစ်ဆံမြီးကျစ်တာမျိုး ရှောင်ကြဉ်သင့်ပါတယ်။

• မကြာခဏ ဆံပင်ကို ကိုင်တာ၊ ဆောင့်ဆွဲတာ၊ လိမ်ကျစ်တာ၊ ကလစ်တွေအကြာကြီး ညှပ်ထားမျိုး ရှောင်ကြဉ်ပေးပါ။

• အလုပ်များလို့ အလျင်လိုနေလို့ဆိုပြီး ဆံပင်ကို အားကြီးနဲ့ အလျင်အမြန် ဖြီးထားမျိုး မလုပ်ပါနဲ့။ ဖြည်းဖြည်းချင်း ရှုပ်နေတဲ့ဆံပင်တွေကို စိတ်ရှည်လက်ရှည် ဖြီးပေးပါ။

• ခေါင်းမလျှော်ခင်မှာ နာရီဝက်အလိုမှာ ဆံပင်ကို အုန်းဆီရွှဲရွှဲ သို့မဟုတ် သံလွင်ဆီ လိမ်းထားပေးပြီး ခဏအကြာမှာ ဓာတုပစ္စည်း ပါဝင်မှုနည်းတဲ့ ခေါင်းလျှော်ရည် ( ဉပမာ ၅ နှစ်အောက်ကလေးတွေ သုံးတဲ့ ဘေဘီမိုင်း ခေါင်းလျှော်ရည်လိုမျိုး )နဲ့ ညင်သာစွာ ကိုင်တွယ်ပြီး လျှော်ပေးပါ။ ခြောက်အောင် သုတ်ပေးပါ။ လေမှုတ်စက်သုံးမယ်ဆိုရင်လည်း သဘတ်နဲ့အရင်သုတ်ပြီး ခပ်ဖန့်ဖန့် အနေအထားရောက်မှသာ အသုံးပြုပေးပါ၊ ထို့နောက် မစိပ်မကျဲဘီးကို အသုံးပြုပြီး ခေါင်းဖြီးပေးပါ။

• ကြက်သွန်နီကို တစ်ဝက်ခြမ်းပြီး ဉီးရေပြားမှာ ပွတ်ပေးတာကလည်း ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးရုံသာမက ဆံပင်ဖြူနှုန်းကိုပါ လျော့ကျစေပါတယ်။

• တစ်ရက်ကို ၅ မိနစ်လောက် အချိန်ပေးပြီး ဉီးရေပြားကို ညင်သာစွာနှိပ်နယ်ပေးခြင်းက သွေးစီးဆင်းမှုကို အားကောင်းစေပြီး ဆံပင်ကျွတ်သက်သာစေပါတယ်။

• ဆံပင်ကျွတ်စေတဲ့ ဖြည့်စွက်စာတွေ၊ ဆေးဝါးတွေ သောက်နေရပြီဆိုရင် ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး ဆေးပြောင်းခိုင်းပါ။

• ဆံပင်ကို နေရောင်ခြည်နဲ့ တိုက်ရိုက်မထိတွေ့အောင် နေပူထဲသွားတော့မယ်ဆိုရင် ထီး၊ ဦးထုပ် အမြဲဆောင်းပါ။

• ဆေးလိပ်သောက်တာက ဆံပင်ကျွတ်ခြင်းအပေါ် သက်ရောက်မှုရှိတာကြောင့် မသောက်တာ အကောင်းဆုံးပါပဲ။

• စိတ်ဖိစီးမှုကို လျှော့ချပါ။ ကိုယ့်အတွက် အနားယူချိန်သီးသန့်ထားပေးပါ။ ယောဂကျင့်စဉ်ကျင့်ခြင်းဖြင့် ကိုယ့်ရဲ့စိတ်ကို တည်ငြိမ်အောင် ထားပါ။

အထက်ဖော်ပြပါနည်းတွေ အသုံးချတာတောင် အထွေးလိုက် ကျွတ်နေသေးတယ်ဆိုရင်တော့ နီးစပ်ရာ ဆေးရုံဆေးခန်းမှာ ဆရာဝန်နဲ့တိုင်ပင်ပြီး ကုသမှု ခံယူသင့်ပါတယ်။