Blog Detail Pic

အသင့်စားခေါက်ဆွဲခြောက်တွေကို ကျန်းမာရေးနဲ့ ညီညွတ်အောင် စားကြမယ်

by | 24 Nov 2021

အသက်အရွယ်မရွေး ကလေးကနေ လူကြီးအထိ အသင့်စားလို့ရတဲ့ အစားအသောက်တွေကို ကြိုက်နှစ်သက်ကြပါတယ်။ ဈေးလည်းသက်သာတာမို့ အထူးသဖြင့် ကောလိပ်ကျောင်းသားတွေ သိပ်သဘောကျကြပါတယ်။ အလုပ်အရမ်းများလွန်းသူတွေဆိုလည်း ဒီလိုအဆင်သင့်စားလို့ရတဲ့ အစားအသောက်တွေကို ပိုစားဖြစ်တတ်ကြပါတယ်။ ခေါက်ဆွဲခြောက်တွေရဲ့ အားသာချက်ကလည်း စားသောက်ဖို့ ပြင်ဆင်ချိန် အလွန်တိုတောင်းခြင်း၊ အလွန်လွယ်ကူစွာ ပြလုပ်စားသုံးနိုင်ခြင်းတို့ဖြစ်ခြင်းကြောင့် တဖြည်းဖြည်းနှင့် အသင့်စားခေါက်ဆွဲတွေအပေါ် လူတွေရဲ့ မှီခိုမှု၊ အားကိုးမှု ပိုမို များပြားလာခဲ့ခြင်းဖြစ်ပါသည်။

တာရှည်ခံအောင် ပြုလုပ်ထားရသည် ဖြစ်၍ အချို့သော ပါဝင်ပစ္စည်းများမှာ လူတွေအတွက် ကျန်းမာရေးကို အနည်းနဲ့အများတော့ ထိခိုက်စေနိုင်သည်ဖြစ်သော်လည်း လူအတော်များများ ဂရုထားကြခြင်း မရှိကြပါ။ ထို့အပြင် ဗိုက်ပြည့်ရုံ အဆာပြေရုံသာ အဆင်ပြေ၍ လူတစ်ယောက်အတွက် နေ့စဉ်လိုအပ်သော အာဟာရပမာဏကို ၎င်းအသင့်စားခေါက်ဆွဲခြောက်ထုပ်များက ဖြည့်တင်းပေးနိုင်မည်လည်း မဟုတ်ပါ။ ဒါ့အပြင် ခေါက်ဆွဲခြောက်မှာ ပါတဲ့ အချိုမှုန့်ရဲ့ အရသာကလည်း စားသုံးသူတွေကို စွဲငြိစေပါတယ်။ ဒါပေမယ့် အဲဒီအသင့်စားခေါက်ဆွဲတွေကို ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစာအဖြစ် သတ်မှတ်ထားကြပါတယ်။ ဒါကြောင့် ခဏခဏစားဖို့ မသင့်တော်ပါဘူး။

ခဏခဏစားမယ်ဆိုရင် ဇီဝကမ္မဖြစ်စဉ်နဲ့ ပတ်သက်တဲ့ ရောဂါတွေ ဖြစ်နိုင်ပြီး သွေးတိုး၊ ဆီးချိုနဲ့ နှလုံးရောဂါတွေကိုလည်း ဖြစ်စေပါတယ်။ ဒီခေါက်ဆွဲတွေကို ကြိုက်လည်းကြိုက်တယ်၊ ကျန်းမာရေးနဲ့ သင့်တော်အောင်လည်း စားချင်တယ်ဆိုရင်တော့ ဒီအချက်တွေကို လိုက်နာဖို့လိုပါတယ်။

၁။ ဒီအတိုင်း အစိမ်း မစားပစ်ပါနဲ့

ခေါက်ဆွဲထုပ်တွေကို မပြုတ်ဘဲ ချေပစ်ပြီး အမှုန့်နဲ့ရောစားပစ်တာမျိုး မလုပ်ပါနဲ့။ ဒါဟာ မှားယွင်းတဲ့နည်းတစ်ခု ဖြစ်ပါတယ်။ ပြုတ်ရတာကလည်း ရေနွေးထည့်ပြီး မိနစ်အနည်းငယ်စောင့်လိုက်ရုံနဲ့ ရတာမို့ ပြုတ်ပြီးမှ စားဖို့ပြောလိုပါတယ်။ ခေါက်ဆွဲသားမှာ ကြာရှည်ခံအောင် လုပ်ထားတဲ့ ဓာတုပစ္စည်းတွေ ပါဝင်တာကြောင့် ပြုတ်မယ်ဆိုရင်လည်း ပထမတစ်ရေကို သွန်ပစ်ပြီး ဒုတိယတစ်ခါပြုတ်ပြီးမှပဲ စားပါ။

၂။ အချိုမှုန့်လျှော့စားပါ

ခေါက်ဆွဲထုပ်ထဲမှာ ပါဝင်တဲ့ အချိုမှုန့်က ကျန်းမာရေးနဲ့ မသင့်တော်တဲ့ အဓိကအကြောင်းရင်း ဖြစ်ပါတယ်။ အချိုမှုန့်လျှော့လိုက်ရင် အရသာနည်းနည်းပေါ့ကောင်း ပေါ့သွားနိုင်ပါတယ်။ ဒါပေမယ့်လည်း တစ်ဝက်လောက်ပဲ ထည့်စားတာ ကောင်းပါတယ်။ ဒါမှမဟုတ်ရင် သင့်အိမ်မှာလုပ်ထားတဲ့ အမှုန့်တခုခုထည့်ပြီး အရသာရှိအောင် စားနိုင်ပါတယ်။

၃။ ခေါက်ဆွဲစားတာ လျှော့ပါ

ဈေးဝယ်ထွက်တဲ့အခါ ခေါက်ဆွဲထုပ်တွေ အများကြီး ဝယ်မလာပါနဲ့။ တွေ့နေရင် စားမိတတ်လို့ပါ။ ခေါက်ဆွဲအစားများတာက သင့်ကို ဘာကောင်းကျိုးမှမပေးတာ သိစေချင်ပါတယ်။ အစာချေရလည်း ခက်စေပါတယ်။ ဒါကြောင့် တစ်ပတ်ကို တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်လောက်ပဲ စားပါ။ ဒီထက်ပိုစားရင် အဝလွန်တာတွေ၊ သွေးတိုးတာတွေ ဖြစ်လာနိုင်ပါတယ်။

၄။ အာဟာရညီညွှတ်မျှတစွာ စားပါ

ခေါက်ဆွဲမှာ ကာဗိုဟိုက်ဒြိတ်ပါတာကြောင့် တခြားဟင်းသီးဟင်းရွက်၊ ပဲ၊ ကြက်ဥတို့နဲ့ တွဲစားရင် အာဟာရစုံစုံလင်လင် ရနိုင်ပါတယ်။ အသင့်စားခေါက်ဆွဲ ပြုတ်ပူပူကိုမစားချင်ပါက ခေါက်ဆွဲမွှေကြော်လုပ်စား၍ လည်းရသည်။ ခေါက်ဆွဲကိုရေဆူဆူတွင် တစ်မျှင်ချင်းစီဖြစ်ပြီး နူးညံ့သွားသည်အထိပြုတ်ပါ။ ထို့နောက် ဟင်းသီးဟင်းရွက်ဆီကို အသုံးပြု၍ ဒယ်အိုးကို မီးအပူပေးပြီး ခေါက်ဆွဲမွှေကြော်လုပ်ပါ။ ထို့နောက်အသီးအရွက်များကိုနုတ်နုတ်စင်း၍ထည့်ပါ။ အသားလွှာနှင့်တိုဖူးတို့လည်းထည့်ပေး၍ရသည်။ နောက်ဆုံးတွင် ဆားနှင့်ငရုတ်ကောင်းအနည်းငယ်ထည့်ပြီး အနည်းငယ်စပ်အောင်ပြုလုပ်ပါ။ ပဲပိစပ်ဆော့စ်၊နှင့်ငရုတ်ရည် ပျစ်ပျစ်တို့ကိုလည်းအသုံးပြုနိုင်သည်။ သင်ချက်ပြုတ်သောခေါက်ဆွဲဟင်းလျာထဲသို့ထည့်လိုက်သော ဆားနှင့်သကြားပမာဏကိုတော့အမြဲသတိပြုပေးပါ။

အာဟာရပြည့်ဝမှ ကျန်းမာပျော်ရွှင်တဲ့ ဘဝကို လျှောက်လှမ်းနိုင်မှာဖြစ်လို့ တတ်နိုင်သမျှတော့ နေ့စဉ်အစားအသောက်တွေမှာ ကစီဓာတ်၊ အမျှင်ဓာတ်၊ အသားဓာတ်၊ ဗီတာမင် နှင့် သတ္ထုဓာတ်၊ နို့ ၊ ပဲအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံ ၊ အစေ့ အဆန် စသည်ဖြင့် စုံလင်အောင် စားပေးဖို့လိုပါတယ်။

ဒါပေမဲ့ အပေါ်မှာဆိုခဲ့သလို တချို့အခြေအနေတွေမှာတော့ အသင့်စား ခေါက်ဆွဲတွေက ကျွန်မတို့အတွက် အားကိုးစရာ အစားအသောက်တစ်ခုအဖြစ် ဆက်တည်ရှိနေဦးမှာပါပဲ။ ဒါပေမဲ့ အထက်ပါ နည်းလမ်းတွေကတော့ သင်သိပ်ကြိုက်တဲ့ အသင့်စားခေါက်ဆွဲကို ကျန်းမာရေးထိခိုက်မှု နည်းနိုင်သမျှနည်းအောင် စားသုံးနိုင်မယ့် နည်းလမ်းကောင်းတချို့ပဲ ဖြစ်ပါတယ်။