Blog Detail Pic

ဝက်ခြံတွေကို လျှော့ချဖို့ ပြောင်းလဲသင့်တဲ့ အနေအထိုင် ၉ ချက်

by | 25 Nov 2021

ဝက်ခြံဆိုတာ လူငယ်တော်တော်များများရင်ဆိုင်နေရတဲ့ အရေပြားပြဿနာတစ်ခုပါ။ အစားအသောက်ကြောင့်၊ဟော်မုန်းအပြောင်းအလဲကြောင့်နဲ့ ထိတွေ့နေတဲ့အရာတွေ အသုံးအဆောင်တွေကြောင့်ဖြစ်နိုင်တယ်ဆိုပေမယ့် စိတ်အနှောင့်အယှက်ဖြစ်စေတာကတော့ အမှန်ပါ။
တစ်နေ့တစ်နေ့ မျက်နှာပေါ်မှာ မလိုချင်ဘဲတိုးလာနေတာက ဝက်ခြံတွေများလာလိုက် မနက်နိုးလို့ မှန်ထဲကြည့်လိုက်မိတိုင်း မျက်နှာပေါ်မှာ မဖိတ်ခေါ်ဘဲ ရောက်လာတဲ့ ဧည့်သည်က အကျအနကိုနေရာယူလို့ မောင်းထုတ်မယ်ကြံပြန်တော့လည်း ချန်ခဲ့တဲ့ အမာရွတ်ကို အမှတ်တရအနေနဲ့ သိမ်းထားရပြန်ရောလေ။

ဝက်ခြံတွေကိုချေမှုန်းဖို့ဆိုရာမှာ လိုးရှင်းတွေကို ထိုင်လိမ်းနေရုံနဲ့လည်း မပြီးသေးပါဘူး။ သင့်ရဲ့ နေ့စဉ်နေထိုင် သွားလာ စားသောက်မှုလေးတွေကို အနည်းငယ် ပြုပြင်ပြောင်းလဲလိုက်မယ်ဆိုရင်လည်း သိသိသာသာ အကျိုးရှိတာကို တွေ့မြင်ရမှာပါ။

၁။ အိပ်ရေးဝဝအိပ်ပါ။

ဖိအားတွေများတဲ့အခါမှာ ခန္ဓါကိုယ်ကနေပြီး glucocorticoid လို့ခေါ်တဲ့ စတီးရွိုက်ဟော်မုန်းတမျိုးကို ထုတ်ပေးပါတယ်။ ဒီဟော်မုန်းဟာ အရေပြားရဲ့တည်ဆောက်ပုံနဲ့ လုပ်ငန်းဆောင်တာတွေကို ဝင်ရောက်နှောင့်ယှက်တဲ့အတွက်ဝက်ခြံတွေကို ပိုဆိုးစေပါတယ်။ အိပ်ရေးဝဝအိပ်ပြီး မျက်နှာလှလှလေးပိုင်ဆိုင်ဖို့ဆိုရင် ညအိပ်တဲ့အခါ airconကို ၁၈ဒီဂရီကနေ ၂၂ဒီဂရီလောက် အတွင်းမှာထားပြီး အိပ်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ အေးမြတဲ့ခန္ဓါကိုယ် အပူချိန်ကသင့်ကို အလွယ်တကူ အိပ်ပျော်သွားစေလို့ပါ။

၂။ အစားအသောက်ကိုစနစ်တကျမှန်မှန်ကန်ကန်စားပါ။

အချို့အစာအစာတွေဟာေ သွးထဲမှာရှိတဲ့သကြားဓါတ်ကို အလျင်အမြန်တက်စေပြီး နောက်ဆက်တွဲအနေနဲ့ အင်ဆူလင်ဟော်မုန်းတွေပါ အများအပြားထွက်ရှိလို့ လာပါလိမ့်မယ်။ သွေးထဲမှာ အင်ဆူလင်ဓါတ်များလာရင် မွေးညင်းပေါက်လေးတွေကို ပိတ်ဆို့စေတဲ့ ဆဲလ်တွေ ပိုပြီးများလာပါတယ်။ ဒါ့အပြင်အင်ဆူလင်ဟာ အဆီဂလင်းကိုလည်း အလုပ်ပိုလုပ်စေတဲ့အတွက် အဆီတွေပါ ပုံမှန်ထက်ပိုပြီးထွက်လာဦးမှာပါ။ ဒါကြောင့် သင့်အနေနဲ့ ဝက်ခြံဗရပွနဲ့ မျက်နှာပိုင်ရှင်မဖြစ်ချင်ဘူး ဆိုရင်ပဲ၊အသီးအရွက်၊ဂျုံတို့ကို များများစားပေးပြီး ခေါက်ဆွဲ၊ထမင်းနဲ့ သကြားတို့ကို လျှော့စားဖို့လိုပါလိမ့်မယ်။

၃။ လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ။

လေ့ကျင့်ခန်းလုပ်ခြင်းအားဖြင့်ဝက်ခြံတွေကို ဖြစ်စေတဲ့စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။ ကိုယ်လက် လှုပ်ရှားမှုဟာ သွေးလေလည်ပတ်မှုကိုလည်းေ ကာင်းမွန်စေတဲ့အတွက် အရေပြားဆဲလ်တွေဆီကို အောက်ဆီဂျင် များများ ရောက်ပြီးမကောင်းတဲ့ အညစ်အကြေးတွေကို ခန္ဓါကိုယ်အပြင်သို့ မြန်မြန် ထုတ်ပစ်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခုသိထားရမှာက လေ့ကျင့်ခန်းလုပ်ရာက ထွက်လာတဲ့ချွေးတွေဟာလည်း ဝက်ခြံကိုပိုဖြစ်စေတဲ့အတွက် လေ့ကျင့်ခန်း လုပ်ပြီးတာနဲ့ ရေအမြန်ချိုးပစ်ဖို့အရေးကြီးပါတယ်။

၄။ ရေများများသောက်ပါ။

ရေများများသောက်ပေးခြင်းဟာ ခန္ဓါကိုယ်ထဲက အညစ်အကြေးတွေကို အမြန်စွန့်ထုတ်ပေးပြီး အရေပြားရဲ့ အတွင်းပိုင်း အထိ ရေဓါတ်ဖြည့်တင်းပေးနိုင်ပါတယ်။ ကိုယ်တွင်းအညစ်အကြေးတွေဟာ ဝက်ခြံကို ပိုဖြစ်စေပါတယ်လို့အတိအကျ သုတေသန ပြုထားတဲ့ ရလာဒ်တွေမရှိပေမယ့် ရေနှစ်ခွက်လောက်ပမာဏနဲ့တောင် သွေးလည်ပတ်မှု ပိုမို ကောင်းမွန် လာစေတယ် ဆိုတာကို လေ့လာတွေ့ရှိထားပါတယ်။

၅။ နေလောင်ခံခရင်မ်လိမ်းပါ။

နေပူထဲထွက်ပြီးနောက်တရက်မှာ သင့်မျက်နှာဟာ ဘာဝက်ခြံမှထွက်မလာပဲ ပုံမှန်အတိုင်းရှိနေတတ်တဲ့အတွက် သင့်အနေနဲ နေလောင်ခံခရင်မ်လိမ်းဖို့လိုတယ်လို့ထင်ချင်မှထင်ပါလိမ့်မယ်။ ဒါပေမယ့် နောက်ပိုင်းမှာ နေလောင်ဒါဏ်က တဆင့် ဝက်ခြံကိုပိုဆိုးစေသလို အမဲစက်တွေလည်း ထွက်လာနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ နေလောင်ခံခရင်မ် မလိမ်းဘဲ နေပူထဲထွက်ရင် အရေပြားကင်ဆာဖြစ်ဖို့ အခွင့်အလမ်းကိုများစေပါတယ်။ ဒါ့ကြောင့် နေပူထဲထွက်တိုင်း နေလောင်ခံ ခရင်မ်ကို လိမ်းသင့်ပါတယ်။

၆။ တစ်နေ့နှစ်ခါမျက်နှာသစ်ပါ။

အဆီထုတ်လုပ်နိုင်တဲ့ ဂလင်းတွေဟာ မျက်နှာမှာအများဆုံးရှိပါတယ်။ ဒါ့အပြင် မိတ်ကပ်၊ တစ်နေ့တာလုံးမှာ ကပ်ငြိလာတဲ့ ချွေးတွေ၊ဖုန်တွေ၊ အညစ်အကြေးတွေ ဒါတွေ အားလုံးပေါင်းစုံလိုက်တဲ့အခါ မျက်နှာမှာရှိတဲ့ မွေးညင်းပေါက်လေး တွေဟာ ပိတ်ဆို့သွားတော့မှာဖြစ်ပြီး အကယ်၍သာ ဒီအညစ်အကြေးတွေကို ပုံမှန်မသုတ်သင် ဖြစ်ဖူးဆိုရင်အပေါက်တွေထဲ တဖြည်းဖြည်းစိမ့်ဝင်ကာ ဝက်ခြံတွေ၊ဆားဝက်ခြံတွေနဲ့ အမဲစက်တွေ ထွက်လာမှာဖြစ်ပါတယ်။ တကယ်လို့ သင်ဟာ တနေ့ကို ရေနှစ်ခါ မချိုးဖြစ်ဖူးဆိုရင်တောင် မနက်တစ်ခါ၊ ညတစ်ခါတော့ မျက်နှာပုံမှန်သစ်ပေးသင့်ပါတယ်။ မျက်နှာသစ်ဆေး ဝယ်တဲ့အခါမှာလည်း “ချွေးပေါက်တွေကို မပိတ်ဆို့စေပါ”လို့ အာမခံထားတဲ့ ပစ္စည်းတွေကိုပဲ ရွေးချယ် ဝယ်ယူရပါမယ်။

၇။ ဂျီးချွတ်ပါ။

ပုံမှန်ထက်ပိုပြီးအလုပ်လုပ်တဲ့အဆီဂလင်းတွေပဲဖြစ်ဖြစ်ပုံမှန်လောက်အလုပ်သိပ်မလုပ်တဲ့အဆီဂလင်းတွေပဲ ဖြစ်ဖြစ် ဝက်ခြံဖြစ်စေဖို့ အားပေးပါတယ် ။ ခြောက်ကပ်နေတဲ့အရေပြားမှာ ဘက်တီးရီးယားတွေ ပေါက်ပွားနိုင်တဲ့ အက်ကွဲကြောင်း အသေးလေးတွေပေါ်လာတတ်သလို အဆီဖတ်ကလေးတွေကလည်းမွေးညင်းပေါက်တွေကိုပိတ်ဆို့စေပါတယ်။ဒီလိုမဖြစ်ရလေအောင် မျက်နှာကိုဂျီးချွတ်ဖို့အတွက်သီးသန့်ထုတ်လုပ်ထားတဲ့scrubနဲ့တစ်ပတ်ကိုအကြိမ်ရေအနည်းငယ် ဖြည်းညင်းစွာပွတ်တိုက်ဂျီးချွတ်ပေးပါ။ ပြီးရင် “မွေးညင်းပေါက်တွေကိုမပိတ်ဆို့စေတဲ့” moisturizer ကိုအသုံးပြုပေးပါ။

၈။ သင့်ရဲ့မိုဘိုင်းဖုန်းကိုလည်းသန့်ရှင်းနေပါစေ။

လေ့လာတွေ့ရှိချက်တွေအရ မိုဘိုင်းဖုန်းတွေဟာ ဘက်တီးရီးယားပိုးတွေ ပျော်စံရာနိဗ္ဗာန်ဘုံကြီးဖြစ်ပါသတဲ့။ တစ်နေ့လုံးသင်ဖုန်းပြောလိုက်၊ အင်တာနက်လေးပွတ်လိုက်၊ မက်ဆေ့ခ်ျလေးပို့လိုက်နဲ့ စတိုင်လ်ကျနေတဲ့အချိန် အတောအတွင်းမှာပဲ ဘက်တီးရီးယားပိုးမွှား ထောင်ပေါင်းများစွာဟာ သင့်လက်၊ မျက်နှာနဲ့ဖုန်းတို့ အကြားမှာ ပျော်ပျော်ကြီး ကူးသန်းသွားလာနေပါတယ်။ ဒါ့အပြင်သင့်မိုဘိုင်းဖုန်းကထွက်လာတဲ့ အပူဟာလည်း ဘက်တီးရီးယား သားသားမီးမီးလေးတွေအချိန်တိုအတွင်း အများကြီးပေါက်ပွားအောင် ကူညီစောင်မလို့ ပေးနေပါသေးတယ်။ ဒါ့ကြောင့် ဖုန်းမှာကပ်တွယ်နေတဲ့ ဘက်တီးရီးယားပိုးတွေ သင့်မျက်နှာဆီ အလည်မလာရလေအောင် သင့်ဖုန်းကို handgel (လက်ဆေးတဲ့ပိုးသတ်ဆေး အပျော့စား အရည်မပျစ်မကျဲလေးတွေ) နဲ့ နေ့တိုင်း ပွတ်တိုက်ပေးသင့်ပါတယ်။ ဖြစ်နိုင်ရင် ဖုန်းကို နားကြပ်နဲ့ပြောတာ အကောင်းဆုံးပါပဲ။

၉။ ကေသာကိုလည်းသ၊ မျက်နှာကိုလည်းဂရုစိုက်။

ဆံကေသာအလှအပအတွက်အသုံးပြုရတဲ့ပစ္စည်းတွေဖြစ်တဲ့ဆံပင်ပျော့ဆေးတွေ၊ခေါင်းလျှော်ရည်တွေ၊ဆံပင်ဖြန်းဆေးတွေနဲ့ဂျယ်လ်တွေဟာ “Pomade acne”လို့ခေါ်တဲ့ဆံစပ်မှာပေါက်တတ်တဲ့ဝက်ခြံဖုလေးတွေကို ဖြစ်စေပါတယ်။ ဘယ်လို ဖြစ်စေတာလဲဆိုတော့ ခုနကပြောခဲ့တဲ့ပစ္စည်းတွေကိုအသုံးပြုတဲ့အခါ သူတို့မှာပါဝင်တဲ့ အဆီတွေဟာ ဆံစပ် တဝိုက် မှာရှိတဲ့ အရေပြားထဲ စိမ့်ဝင်ပြီးဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို မွေးညင်းပေါက်တွေထဲမှာ ပိတ်မိနေစေကာ ဝက်ခြံ ဖြစ်စေတာပါ။ ဒီပြဿနာကိုဖြေရှင်း ကာကွယ်နိုင်ဖို့အတွက်ဆံပင်အတွက်သုံးမယ့် ကုန်ပစ္စည်း (hair product )တွေကို မျက်နှာမသစ်ခင် သုံးပါ။ ဒီလိုဆိုရင် မျက်နှာသစ်တဲ့အခါ hair product တွေမှာ ပါလာတဲ့ ဝက်ခြံဖြစ်စေမယ့်အရာတွေကို တခါတည်း ရှင်းလင်းပြီးသား ဖြစ်သွားမှာပါ။ ဒါမှမဟုတ်အဆီမပါဝင်တဲ့ hair product တွေကိုရွေးချယ်အသုံးပြုပါ။

နိဂုံးချုပ်အနေနဲ့ပြောပြချင်တာက သင့်ကို ဝက်ခြံထွက်စေတဲ့အကြောင်းအရင်းက သင်နေထိုင်နေတဲ့ ပုံစံ မမှန်တာကြောင့် အများဆုံးဖြစ်ပါတယ်။ ဒါကြောင့် နေ့စဉ်ဘဝနေထိုင်မှုပုံစံကိုပြောင်းလဲကြည့်ဖို့ ပြောပါရစေ ဝက်ခြံကြောင့် စိတ်ညစ်နေရသူလေးတို့ရေ………………