Blog Detail Pic

ဆေးလိပ်​စွဲနေတာကို ​ဘယ်လို ဖြတ်ကြမလဲ?

by | 26 Nov 2021

ဆေးလိပ်သောက်ခြင်းဟာ ဒီနေ့ခေတ် လူမှုပတ်ဝန်းကျင်မှာ စွဲလန်းဖွယ်ရာတစ်ခုအဖြစ် ရှိနေဆဲပါပဲ။ သင့်ပတ်ဝန်းကျင်မှာ ရှိတဲ့ လူတော်တော်များများ အသက်အရွယ်မရွေး ဆေးလိပ်ကို နှစ်နှစ်ခြိုက်ခြိုက်သောက်နေကြတာကို သင်တွေ့ရမှာပါ။ လူတွေက ဆေးလိပ်ကို အကြောင်းအမျိုးမျိုးကြောင့် သောက်ဖြစ်နေကြပါတယ်။

လူငယ်တွေကတော့ ဆေးလိပ်သောက်တာကို စတိုင်ကျတယ်လို့ ထင်ကြပါတယ်။ မိဘတွေနဲ့ အစ်ကိုအစ်မတွေအပါအဝင် ပတ်ဝန်းကျင်မှာ ဆေးလိပ်သောက်တဲ့လူကြီးတွေ ရှိရင် ပိုပြီး ဆေးလိပ်သောက်ဖို့ ပိုပြီး အခွင့်အလမ်းများပါတယ်။ အပေါင်းအသင်းတွေက ဆေးလိပ်သောက်တဲ့အခါမှာ လူငယ်သဘာဝအတိုင်း လိုက်သောက်လေ့ရှိပါတယ်။ အရွယ်ရောက်သူများအဖို့တော့ သူတို့ဘာကြောင့် ဆေးလိပ်သောက်သလဲဆိုတာ ပြောဖို့ ပိုပြီး နက်နဲတဲ့ အကြောင်းတွေ ရှိပါတယ်။ အလုပ်မှာ အဆင်မပြေလို့ စိတ်ဖိစီးမှုများလို့ အထီးကျန်လို့ စသဖြင့် အကြောင်းပြချက် အမျိုးမျိုးရှိနိုင်ပါတယ်။ ယေဘုယျအားဖြင့် ဆေးလိပ်သောက်ခြင်းကနေတဆင့် နီကိုတင်းဓါတ်ကို ကျွန်တော်တို့ ခန္ဓါကိုယ်ကရရှိပါတယ်။ ဒီနီကိုတင်းဓါတ်က ခန္ဓါကိုယ်မှာရှိတဲ့ နာ့ဗ်ကြောကို လှုံ့ဆော်ပေးပြီး dopamine ဆိုတဲ့ ဓါတုဓါတ်တစ်မျိုးကို ထုတ်လွှတ်စေခြင်းဖြင့် လူကို ကျေနပ်ပျော်ရွှင်စေပါတယ်။

ဆေးလိပ်သောက်ခြင်းဖြင့် ကောင်းမွန်တဲ့ ခံစားချက်တွေကို မိနစ်အနည်းငယ်တော့ ရရှိစေတဲ့ သဘောပါပဲ။ ဒါပေမယ့် နီကိုတင်းဓါတ်ကို စွဲလမ်းမှုကြောင့် ဆေးလိပ်ဟာ (ဖြတ်ချင်ရင်တောင်မှ) အင်မတန်မှ ဖြတ်ရခက်ပါတယ်။ ဆေးလိပ်မသောက်ဖူးသေးတဲ့ သူတွေအတွက်လည်း ဘယ်လိုပဲအခြေအနေဖြစ်ပါစေ စမသောက်ဖို့ ပြောချင်ပါတယ်။ စိတ်ကျေနပ်သာယာဖို့က ကိုယ်တိုင်ကြိုးစားပြီး ရရှိတဲ့အရာတစ်ခုဖြစ်သင့်ပြီး ဓါတုပစ္စည်းတစ်ခုခုအပေါ်မှီခိုနေရတာမျိုး မဖြစ်သင့်ပါဘူး။

အခုဆောင်းပါးလေးမှာတော့ ဆေးလိပ်စွဲနေသူတွေ ဆေးလိပ်ကို ဘယ်လိုဖြတ်ရမလဲဆိုတဲ့ အဆင့်ငါးဆင့်ကို မျှဝေပေးချင်ပါတယ်။

အဆင့် ၁ ။ အစီအစဉ်ဆွဲပါ။

ဆေးလိပ်စဖြတ်မယ့်ရက်ကို သတ်မှတ်ပါ။ တကယ်လို့ သင့်အနေနဲ့ ရုံးချိန်တွေမှာ ဆေးလိပ်သောက်ချင်စိတ် ပိုဖြစ်လေ့ရှိတယ်ဆိုရင် ရုံးပိတ်ရက် စနေ၊တနင်္ဂနွေတွေမှာ ဆေးလိပ်စဖြတ်ပါ။ ပိတ်ရက်တွေမှာ ဆေးလိပ်သောက်လေ့ရှိသူဆိုရင် ဒါမှမဟုတ် သင့်အလုပ်မှာ ဆေးလိပ်ပေးမသောက်ဘူးဆိုရင် ဆေးလိပ်ဖြတ်တဲ့ စစ်ဆင်ရေးကို ကြားရက်တရက်ရက်မှာ စတင်ပါ။ ဆိုလိုရင်းကတော့ သင်ဆေးလိပ် သိပ်မသောက်ဖြစ်တဲ့ ရက်မျိုးမှာ စတင်ခိုင်းတာ ဖြစ်ပါတယ်။
အစားအသောက်ဟာ စီးကရက်နဲ့ ဆေးရွက်ကြီးစွဲလမ်းမှုကို လျော့နည်းစေတဲ့အတွက် သင့်အနေနဲ့ ဆေးလိပ်စဖြတ်မယ့်ရက်ကို သတ်မှတ်ပြီးပြီဆိုရင် အစားအသောက်ကို ပိုပြီးအာရုံစိုက်သင့်ပါတယ်။ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေဟာ ဆေးလိပ်သောက်လိုစိတ်ကို လျော့နည်းစေတာမို့ သူတို့ကို များများစားသင့်ပါတယ်။ နို့သောက်ခြင်းဟာ ဆေးလိပ်ဖြတ်ရာမှာ အင်မတန် အထောက်အကူပြုတယ်လို့ သိရပါတယ်။ အကြောင်းရင်းကတော့ နို့သောက်အပြီး လျှာပေါ်မှာ စွဲကျန်ခဲ့တဲ့ အရသာက လူတွေကို ဆေးလိပ်မသောက်ချင်အောင် လုပ်ပေးတာကြောင့်လို့ ဆိုပါတယ်။

အဆင့် ၂ ။ တစ်ယောက်တည်း ကြိတ်မဖြတ်ပါနဲ့။

တကယ်လို့သင်ဟာ မိသားစုဝင်တွေ၊သူငယ်ချင်းတွေကို အသိမပေးဘဲ တယောက်တည်းကြိတ်ပြီး ဆေးလိပ်ဖြတ်မယ်ဆိုရင် သင့်အနေနဲ့ မအောင်မြင်ဖို့ များပါတယ်။ သင်ဆေးလိပ်ဖြတ်ဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း သူတို့ကို အသိပေးပါ။ သူတို့ဆီက အားပေးထောက်ခံမှုကို ရယူပါ။ အောင်မြင်စွာ ဆေးလိပ်ဖြတ်ထားသူတွေနဲ့ တွေ့ဆုံပြီး အကြံဉာဏ်တောင်းပါ။ ဒါလေးတွေဟာ သင့်အတွင် တန်ဖိုးရှိလာပါလိမ့်မယ်။

အဆင့် ၃ ။ အလုပ်များအောင်နေပါ။

လူအများစုဟာ စိတ်ဖိစီးမှုတွေများတဲ့အချိန်၊ပျင်းရိတဲ့အချိန် အစရှိတဲ့ အချိန်တွေမှာ ဆေးလိပ်သောက်လေ့ရှိကြတာမို့ သူတို့အနေနဲ့ ဆေးလိပ်ဖြတ်ရတာ ခက်ပါတယ်။ စိတ်သက်သာရာရစေဖို့အတွက် နီကိုတင်းရဲ့အကူအညီမယူပါနဲ့။ ကိုယ်လက်လေ့ကျင့်ခန်းတွေဟာ သင့်ကျန်းမာရေးအတွက် အင်မတန်အကျိုးများတဲ့အပြင် မကောင်းတဲ့ စိတ်ခံစားချက်တွေကိုလည်း ရှင်းထုတ်ပေးနိုင်တာမို့ စိတ်အပြောင်းအလဲ အနေနဲ့ အားကစားလုပ်သင့်ပါတယ်။ ဒါ့အပြင် ချွေးထွက်များခြင်းဟာ သင့်စိတ်ခံစားမှုအခြေအနေကို ကောင်းစေပြီး မိမိကိုယ်ကို ချုပ်ထိန်းနိုင်စွမ်းကို မြှင့်တင်ပေးတဲ့အပြင် ဆေးလိပ်စွဲလမ်းမှုကိုလည်း လျော့ပါးစေပါတယ်။

အဆင့် ၄ ။ ဆေးလိပ်သောက်မိဖို့ တွန်းအားဖြစ်စေတဲ့ အရာမှန်သမျှကို ရှောင်ပါ။

ဆေးလိပ်သောက်တတ်သူတွေနဲ့ တွေ့တာ ဒါမှမဟုတ် ဆေးလိပ်သောက်တဲ့နေရာတွေမှာ ကြာကြာနေမိတာမျိုးတွေကို ရှောင်ပါ။ ဒါတွေဟာ သင့်ရဲ့ အကျင့်ဆိုးကို ပြန်ခေါ်ထုတ်လာနိုင်လို့ပါ။ အဲဒီအစား ဆေးလိပ်မသောက်တတ်သူတွေ ဒါမှမဟုတ် ဆေးလိပ်ကို အောင်မြင်စွာ ဖြတ်လိုက်နိုင်သူတွေနဲ့ မကြာမကြာတွေ့ဆုံပေးပါ။ သင့်မှာရှိတဲ့ ဆေးလိပ်နဲ့ဆိုင်တဲ့ အရာအားလုံး (စီးကရက်၊ဆေးရွက်ကြီး၊မီးခြစ်၊ပြာခွက် စသည်) အားလုံးကို လွှင့်ပစ်ပါ။

အဆင့် ၅ ။ သင့်ကိုသင် ဆုချပါ။

ဆေးလိပ်ဖြတ်တာဟာ သင်ထင်သလောက် မလွယ်ပါဖူး။ ဒါကြောင့် ဆေးလိပ်မသောက်ဘဲ အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့တဲ့ နေ့တိုင်းဟာ သင့်အတွက် အောင်မြင်မှုပါ။ တရက်ပြီး တရက်ကို အောင်မြင်စွာ ကျော်ဖြတ်ပြီး သင့်ကိုယ်သင် ဆုချဖို့ မမေ့ပါနဲ့။ အရင်ကဆို
ပိုက်ဆံတွေကို ဆေးလိပ်သောက်ဖို့ သုံးရလေ့ရှိပြီး အခုဆေးလိပ်အတွက် ကုန်စရာ မလိုတော့တာမို့ တခြားသင်ကြိုက်ရာမှာ သုံးနိုင်ပါပြီ။

ဟုတ်ပါတယ်၊ဆေးလိပ်ဖြတ်ရတာ ခက်ပါတယ်။ ဒါပေမယ့် ဒါဟာထိုက်တန်ပါတယ်။ ဆေးလိပ်များများသောက်လေ၊ ကြာကြာသောက်ဖြစ်လေ ကင်ဆာနဲ့စောစောသေဖို့နီးစပ်လေ ဖြစ်လို့ပါ။ ဒါကြောင့် သင်ဟာ ဆေးလိပ်သောက်တတ်သူဆိုရင် အမြန်ဆုံးဖြတ်ဖို့ ကြိုးစားပါ။ တကယ်လို့ သင့်မှာ မရှင်းလင်းတာ၊မေးမြန်းချင်တာတွေ ရှိတယ်၊စိုးရိမ်ပူပန်မှုတွေရှိတယ် ဒါမှမဟုတ် အကူအညီ လိုအပ်တယ်ဆိုရင် ဆရာဝန် ဒါမှမဟုတ် ကျွမ်းကျင်သူတွေဆီ သွားရောက်ဆွေးနွေး အကြံဉာဏ်တောင်းခံပြီး ကုသမှု ခံယူဖို့ ဝန်လေးမနေပါနဲ့။