Blog Detail Pic

လေ့ကျင့်ခန်း ပုံမှန်လုပ်ဖြစ်ကြစေဖို့ နည်းလမ်းများ

by | 29 Nov 2021

ငါတော့ ဝိတ်ကျအောင်၊ Six packs တွေနဲ့ အကိတ်ကြီးဖြစ်အောင်၊ ဂစ်တာ shape လေးဖြစ်အောင် လေ့ကျင့်ခန်းလုပ်လိုက်မဟဲ့ ဆိုပြီး ၅ရက်လောက်နဲ့ လက်လျှော့သွားတဲ့သူတွေ ရှိကြလား။ တကယ်တော့ လေ့ကျင့်ခန်း စလုပ်တဲ့သူတိုင်းက ဒီလိုပါပဲ။ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ လုပ်မယ်ဆို အပြင်းအထန်စလုပ်လိုက် ရက်ပိုင်းလောက်လည်းနေရော ဒုံရင်း ပြန်ဖြစ်သွားလိုက်နဲ့ ဒီလိုပဲ ချာလည်လည် နေတတ်ပါတယ်။

လေ့ကျင့်ခန်း လုပ်တယ်ဆိုတာ ကိုယ်ရော စိတ်ပါ ကျန်းမာစေတယ်ဆိုတာ လူတိုင်း သိပါတယ်။ လက်တွေ့မှာတော့ လိုက်လုပ်တဲ့သူ ရှားပါတယ်။ ပုံမှန်လုပ်တဲ့သူဆို ပိုတောင် ရှားပါတယ်။ လေ့ကျင့်ခန်းတော့ လုပ်ချင်တယ်။ ဒါပေမယ့် ပုံမှန် မလုပ်ဖြစ်ဘဲ ကြားထဲမှာ ပြတ်ပြတ်သွားလို့ စိတ်ဓာတ်မကျပါနဲ့။ လေ့ကျင့်ခန်းက စလုပ်စမှာ အတော်လေး ရုန်းကန်ရနိုင်ပေမယ့် နောက်ပိုင်းတဖြည်းဖြည်းနဲ့ လွယ်ကူလာပါလိမ့်မယ်။ ဒီလို လွယ်ကူလာစေဖို့ အရေးပါဆုံးသော အရာက အားကစားလုပ်ဖို့ရာမှာ လိုအပ်တဲ့ စိတ်အားထက်သန်မှု motivation ကောင်းနေဖို့ပါ။ ဒီတစ်သက်တော့ လေ့ကျင့်ခန်း မလုပ်နိုင်တော့ဘူးလို့လည်း မတွေးပါနဲ့။

ခုပြောမယ့် နည်းလမ်းလေးတွေနဲ့ ဖြည်းဖြည်းချင်း စလိုက်ရအောင်။

• All or None lawကို ရှောင်ပါ။

All or None lawဆိုတာက လုပ်ရင်လည်း တစ်နေ့ကို တစ်နာရီလောက် ပစ်လုပ်လိုက်တယ်။ နောက်ရက်ကျတော့ လုံးဝနားလိုက်တယ်။ ခုမှစလုပ်တဲ့သူတွေက ဒီနည်းလမ်း မသင့်တော်ပါဘူး။ အချိန်တွေ အကြာကြီး လုပ်လိုက်တဲ့အတွက် နောက်ရက်မှာ ကိုက်ခဲနေမှာပါ။ ဒါကြောင့်ပဲ နောက်ရက် လေ့ကျင့်ခန်း လုပ်ဖို့ စိတ်မပါ ဖြစ်တတ်ပါတယ်။

• Gym ဝတ်စုံဝတ်ပြီး အားကစားလုပ်ပါ။

ကိုယ့်ဟာကိုယ် အိပ်ခန်းထဲမှာ တစ်ယောက်တည်း လေ့ကျင့်ခန်းလုပ်နေတာ ဘယ်သူမှ မမြင်ပါဘူး။ Pajama ဝတ်ပြီး လုပ်လည်းရပါတယ်လို့ မတွေးပါနဲ့။ Gym ဝတ်စုံဝတ်ထားမယ်ဆိုရင် Work out mood ပိုရပြီး အားကစားလုပ်ဖို့ ပိုပြီး စိတ်အားတက်ကြွစေပါတယ်။ တကယ်လို့ Gym ဝတ်စုံ မဝယ်ရသေးဘူးဆိုရင် Motivation လည်းရအောင် ကိုယ့်ကိုယ်ကို ဆုချတဲ့အနေနဲ့ တစ်စုံလောက် ဝယ်ထားလိုက်ပါ။

• ဖြည်းဖြည်း စပါ

All or None law မလုပ်ရဘူးဆိုတော့ Slow and steady ဖြည်းဖြည်းနဲ့မှန်မှန် လုပ်ရအောင်ပါ။ ပုံမှန်လူတစ်ယောက်က တစ်ပတ်ကို သင့်တင့်တဲ့ လှုပ်ရှားမှု ၁၅၀ မိနစ် လုပ်သင့်ပါတယ်။ ဒီ ၁၅၀ မိနစ်ကို တစ်ပတ်စာ တွက်ပြီး လုပ်ကြည့်ပါ။ ဥပမာ တစ်ရက်ကို မိနစ် ၃၀နဲ့ ၅ရက် လုပ်ကြမလား။ မိနစ် ၃၀ကိုမှ ၁၅မိနစ် မနက်၊ ည ဒါမှမဟုတ် ၁၀မိနစ် ၃ခါ လုပ်နိုင်ပါတယ်။ ဒီလိုမဟုတ်လည်း တစ်ရက်ခြား အချိန်တွက်ပြီး လုပ်လည်း ရပါတယ်။

• မျှော်လင့်ချက်တွေ အကြီးကြီး မထားပါနဲ့။

လေ့ကျင့်ခန်း လုပ်တဲ့သူ အများစုက လှချင်လို့၊ ပိန်ချင်လို့၊ ဗလထွက်ချင်လို့ လုပ်ကြတာ များပါတယ်။ ဒါပေမယ့် သူတို့တွေက ဒီလို ဖြစ်အောင် နှစ်နဲ့ ချီပြီး ကျင့်ခဲ့ကြတာပါ။ အစားအသောက်လည်း ဆင်ခြင်ကြပါတယ်။ ကိုယ်က ခုမှစလုပ်မှာ။ ခန္ဓာကိုယ် ဖွဲ့စည်းပုံတွေ၊ ဇီဝရုပ်ဖြစ်ပျက်တာတွေ မတူလို့ တစ်လ၊ နှစ်လနဲ့တော့ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါကို လက်ခံထားဖို့ လိုပါတယ်။ လှမလာသေးလည်း အရေးမကြီးပါဘူး။ လေ့ကျင့်ခန်း လုပ်ပြီဆိုတည်းက ကျန်းမာရေး လမ်းကြောင်း ပေါ်ရောက်နေပါပြီ။

• ဆင်ခြေတွေနဲ့ မလှည့်စားပါနဲ့။

ဝနေလို့၊ အမောမခံနိုင်လို့၊ မအားလို့၊ ရာသီလာနေလို့၊ အိပ်ရာမနိုးလို့၊ ကိုယ်လက်ကိုက်နေလို့ ဒီနေ့တော့ အလုပ်ပင်ပန်းလို့ နောက်နေ့မှ လုပ်တော့မယ်စတဲ့ အကြောင်းပြချက်တွေ အများကြီးနဲ့ လေ့ကျင့်ခန်း လုပ်ဖို့ကို ရွှေ့တတ်ကြပါတယ်။ တကယ်က တစ်ခွန်းတည်း ပြောရရင် “ပျင်းလို့ပါ”။
ဥပမာ ပြောပြမယ်။ မအားဘူးဆိုရင်တောင် တစ်နေ့တစ်နေ့ ဖုန်းတော့ တစ်နာရီလောက် သုံးဖြစ်ကြတယ်ဟုတ်? ဖုန်းသုံးချိန်ထဲကနေ ၅မိနစ်လောက်ဖယ်ပြီး စလုပ်ကြည့်ပါ။ ၅မိနစ်နဲ့ ၃-၄ရက်လောက်ပြီး အကျင့်လေး ဖြစ်သွားရင် နောက်ရက်တွေ တိုးလုပ်နိုင်ပါတယ်။ ပင်ပန်းတယ်ဆိုရင်လည်း ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းတွေ လုပ်စရာ မလိုပါဘူး။ အဲ့နေ့မှာ အကြောလျှော့တာလိုမျိုး၊ ယောဂလိုမျိုး ပေါ့ပေါ့ပါးပါးတွေ လုပ်နိုင်ပါတယ်။ လိုရင်းက ရက်မှန် အချိန်မှန် လုပ်ဖြစ်ဖို့ပါပဲ။

• အချိန်မှန် နေရာမှန် လုပ်ပါ။

Gym သွားတဲ့သူတွေကတော့ အဆင်ပြေပါတယ်။ ဒီရက် ဒီအချိန်မှာ Gym ရောက်သွားရင် လေ့ကျင့်ခန်း လုပ်ရုံကလွဲပြီး တခြားဟာ မရှိတော့ဘူးလေ။ အိမ်မှာ လုပ်တဲ့သူကတော့ နည်းနည်း ကျင့်ယူရမှာပါ။ ဥပမာ မနက် ၇နာရီလောက် လုပ်မယ်ဆိုရင် ၇နာရီဆိုတာနဲ့ လေ့ကျင့်ခန်း လုပ်ဖို့ သတ်မှတ်ထားတဲ့ နေရာ ဥပမာ ဧည့်ခန်း၊ အိပ်ခန်းကို ရောက်နေဖို့ လိုပါတယ်။ ယောဂဖျာတို့၊ အလေးတုံးတို့ အင်တာနက်ကနေ လိုက်ကြည့်ပြီး လုပ်ဖို့ ဖုန်း သို့မဟုတ် လက်ပ်တော့ တင်စရာ နေရာ အကျယ်အဝန်းရှိဖို့တော့ လိုပါလိမ့်မယ်။

• ဆုချပါ။

တစ်ပတ်တိတိ ဒါမှမဟုတ် ၅ရက်ဆက်တိုက် ပျက်ရက်မရှိ လေ့ကျင့်ခန်း လုပ်ရင် ဘာဝယ်ပေးမယ် ဆိုတာမျိုး ကိုယ့်ဟာကိုယ် ဆုချပါ။ ဒါလည်း motivationတစ်မျိုးပါပဲ။
ဘယ်လို လေ့ကျင့်ခန်းတွေ လုပ်ကြမလဲ။

• ကိုယ်ကြိုက်တာ ကိုယ်လုပ်ပါ။

Cardio, Zumba, Muscle strengthening, Yoga စသဖြင့် ရွေးစရာတွေ အများကြီးပါ။ ကိုယ်ကြိုက်တာ ကိုယ်လုပ်ပါ။ ကိုယ်ကြိုက်တာ ကိုယ်လုပ်ရရင် ပုံမှန် လုပ်ဖြစ်ပါတယ်။ နောက်ပိုင်း အကျင့် ဖြစ်တော့မှ ကိုယ့်ခန္ဓာကိုယ် လိုအပ်ချက်အလိုက် ပြောင်းလုပ်ပါ။

• ပျော်စရာ ကောင်းတာလေးတွေနဲ့ တွဲလုပ်ပါ။

လေ့ကျင့်ခန်း လုပ်တာ ရက်ကြာလာရင် ပျင်းလာမှာပါ။ ဒီလို မဖြစ်အောင် သီချင်းဆိုပြီးလုပ်တာ၊ ရုပ်ရှင် တစ်ပိုင်းစာလောက် ဖွင့်ထားပြီး လုပ်တာ လုပ်နိုင်ပါတယ်။ အစပိုင်းဆိုတော့ စိတ်ပါလာအောင် ဒီလိုပဲ နည်းလမ်းမျိုးစုံ သုံးရပါတယ်။

• တစ်ယောက်ယောက်နဲ့ တွဲလုပ်ပါ။

သူငယ်ချင်းနဲ့ ဖြစ်ဖြစ်၊ စုံတွဲလိုက် ဖြစ်ဖြစ် လေ့ကျင့်ခန်း အတူတူ လုပ်ဖို့ ချိန်းထားပါ။ ခုလို stay home ဆိုရင်လည်း video callနဲ့ ဖြစ်ဖြစ် အတူတူ လုပ်လို့ရပါတယ်။ ကိုယ်မလုပ်ရင် သူတစ်ယောက်တည်း လုပ်နေရမယ်ဆိုပြီး တစ်ယောက်နဲ့ တစ်ယောက် အားနာနေတာနဲ့ လုပ်ဖြစ်သွားမှာပါ။ အတူတူ လစ်သွားလို့တော့ မရဘူးနော်။ ဒါကြောင့် သူငယ်ချင်းဆို သိပ်မရင်းနှီးတဲ့သူနဲ့ လုပ်တာမျိုး၊ အတွဲတွေဆို ပျက်ကွက်တဲ့သူက treatရတာမျိုး စည်းကမ်း လုပ်ထားပါ။

• ရလဒ်တွေကို ချရေးထားပါ

ဒီနေ့ ဘာလေ့ကျင့်ခန်းကို ဘယ်နှမိနစ်၊ ဘယ်နှခေါက် လုပ်တယ်ဆိုတာကို မှတ်တမ်းတင်ထားပါ။ အကြိမ်ရေ တိုးတက်လာတာ၊ ရက်ပျက်မရှိဘဲ ပုံမှန်လုပ်နိုင်တာကို တွေ့ရတဲ့အခါ ပိုပိုပြီး ကြိုးစားချင်ပါလိမ့်မယ်။

ဘယ်တော့ လေ့ကျင့်ခန်း စလုပ်ကြမလဲ။

လေ့ကျင့်ခန်း လုပ်တာက လုပ်နည်းထက် ပုံမှန်လုပ်ဖြစ်ဖို့က ပိုခက်ပါတယ်။ ငြီးငွေ့လွယ်၊ ပျင်းလွယ်တာကိုး။ ဒါကြောင့် တစ်ရက်ကို ဘယ်နှမိနစ်လုပ်မယ်ဆိုပြီး တစ်ခုခုသာ စလုပ်လိုက်ပါ။ နောက်ပိုင်း အကျင့်ဖြစ်မှ လိုတာ ဆက်ပြင်ပါ။ အကျင့်ဖြစ်ဖို့က အဓိကပါ။ အကျင့်ဖြစ်ဖို့ဆို စလုပ်ဖို့ လိုပါတယ်။ ဘယ်တော့စမလဲဆို ခုပဲ စလိုက်ပါ။

နှစ်ကုန်မှ လကုန်မှဆိုတာတွေကို မေ့လိုက်ပါတော့။ နောက်နေ့ဆိုတာ မသေချာဘူးလေနော်။