Blog Detail Pic

နှလုံးရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်​နိုင်မယ့် အလေ့အထများ

by | 30 Nov 2021

နှလုံးရောဂါဟာ တစ်နှစ်ကို ၁၈ သန်းလောက် အသက်ဆုံးရှုံးအောင် အန္တရာယ်ပေးနေတဲ့ ရောဂါဆိုးတစ်မျိုးဖြစ်ပြီးတော့ ကမ္ဘာပေါ်မှာ လူအသေအပျောက်အများဆုံး ရောဂါဖြစ်ပါတယ်။ ဒါကြောင့် ဒီရောဂါမဖြစ်အောင် ရှောင်လွှဲနိုင်ဖို့ အလွန်ပဲအရေးကြီးလှပါတယ်။

နှလုံးရောဂါဟာ ဒီကနေ့ခေတ်မှာ အဖြစ်များတဲ့ ရောဂါတစ်ခုဖြစ်ပေမယ့် ကာကွယ်တားဆီးလို့ရနိုင်တဲ့ ရောဂါတစ်ခုလည်းဖြစ်ပါတယ်။ လူတွေမှာ နှလုံးရောဂါစွဲကပ်စေရတဲ့ အဓိကအချက်က စားသောက်နေထိုင်မှုပိုင်းမှာ အကျင့်ဆိုးတွေရှိနေတာကြောင့်ပါ။

ဒါပေမဲ့လည်း နှလုံးလေး ကျန်းမာမှလည်း နေ့စဉ်ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာ ဖြစ်ပါတယ်။ နှလုံးက ရောဂါဖြစ်မှ စောင့်ရှောက်ရမှာ မဟုတ်ဘဲ မဖြစ်ခင်ကတည်းက သေချာလေး ကာကွယ်ထားတာက နည်းလမ်းကောင်းပါ။ ဒါကြောင့် နှလုံးကျန်းမာစေဖို့ နေ့စဉ်ဘဝမှာ လိုက်နာရမယ့် ရိုးစင်းတဲ့ နည်းလမ်းလေးတွေကို ပြောပြပေးသွားပါမယ်။

လေ့ကျင့်ခန်း လုပ်ပါ

လေ့ကျင့်ခန်း လုပ်ပါဆိုတာက နေ့တိုင်း ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်း လုပ်ရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ တစ်ပတ်ကို ၂ နာရီခွဲလောက် ကိုယ်လက်လှုပ်ရှားမှု ရှိစေချင်တာပါ။
ပြေးတာ၊ လမ်းလျှောက်တာ၊ gym ဆော့တာလိုမျိုး လေ့ကျင့်ခန်းတွေကို ဝင်လေထွက်လေ မှန်မှန်ရှူရင်း လုပ်ရမှာပါ။ လေ့ကျင့်ခန်း စလုပ်တဲ့အခါ နိုင်သလောက်ကနေ ဖြည်းဖြည်းချင်း စလုပ်ရမှာ ဖြစ်ပါတယ်။

ကိုလက်စထရော လျှော့ပါ

လေ့ကျင့်ခန်းက ကိုလက်စထရောကို လျှော့ချဖို့ ထောက်ကူပေးပါတယ်။ ဒါပေမယ့်လည်း အစားစားတဲ့အခါမှာလည်း ပြည့်ဝဆီတွေကို လျှော့စားဖို့ လိုပါမယ်။ သွေးတွင်းကိုလက်စထရော မြင့်တာက နှလုံးကို ထိခိုက်စေနိုင်လို့ပါ။
ဒါကြောင့် တိရစ္ဆာန်ကနေ ရတဲ့ အဆီတွေကို မစားပါနဲ့။ တတ်နိုင်သမျှ လျှော့စားပါ။

သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ များများစားပါ

နေ့စဉ် စားသုံးမှုမှာ လတ်ဆတ်တဲ့ သစ်သီးတွေ၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ များများ ပါဝင်အောင် စားသုံးပေးပါ။ ကိုက်လန်၊ ပန်းဂေါ်ဖီစိမ်း၊ ပန်းသီး၊ ခရမ်းချဉ်သီး၊ ကညွတ်၊ ငရုတ်ပွ၊ မုန်လာဥနီ စတာတွေကို စားပေးဖို့ လိုပါမယ်။

ပုံမှန် သွေးပေါင် ချိန်ပါ

တစ်ခါတလေမှာ သွေးပေါင်ချိန် တက်နေတာက လက္ခဏာ မပြဘဲ တက်နေတာမျိုး ဖြစ်နိုင်ပါတယ်။ သွေးပေါင်ချိန် တက်တာက နှလုံးကို အတော်လေး ထိခိုက်စေနိုင်ပါတယ်။
ဒါကြောင့် ပုံမှန် သွေးပေါင်ချိန်လေးတိုင်းပြီး အစားအသောက်ကို ထိန်းညှိတာ၊ လေ့ကျင့်ခန်း လုပ်တာ၊ လိုအပ်တဲ့ ကုသမှု ခံယူတာ၊ ဆေးသောက်တာတွေကို သေချာလေး ဂရုစိုက်ပေးဖို့ လိုပါမယ်။ ဒါမှ နှလုံးလေးက ကျန်းမာမှာပါ။

ကိုယ်အလေးချိန် ထိန်းပါ

အဝလွန်တာက၊ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များနေတာက နှလုံးရောဂါ ဖြစ်နိုင်ခြေ များစေပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်ကို ရှိသင့်တဲ့ ပုံမှန် ကိုယ်အလေးချိန် ရှိနေအောင် ထားဖို့ လိုပါမယ်။ BMI ကို သေချာလေး တွက်ချက်ထားတာမျိုးပေါ့။
ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ပိုင်ဆိုင်ထားတာက သွေးတွင်းကိုလက်စထရောကို ကျဆင်းစေပြီး သွေးပေါင်ချိန်ကိုလည်း အကောင်းဆုံး ထိန်းညှိနိုင်မှာဖြစ်လို့ နှလုံးလေးကို ကျန်းမာစေနိုင်မှာပါ။

သွေးတွင်းသကြားဓာတ်ကို ထိန်းပါ

ဆီးချိုရှိသူတွေက နောက်ဆက်တွဲ နှလုံးရောဂါ ခံစားရပြီး နှလုံးရောဂါနဲ့ သေဆုံးနိုင်ခြေ တော်တော်လေး များပါတယ်။ ဒါကြောင့် သွေးတွင်းသကြားဓာတ်ကို ပုံမှန် စစ်ဆေးပြီး ကျန်းမာတဲ့ အတိုင်းအတာထဲမှာ ရှိနေအောင် သေချာလေး ထိန်းဖို့ လိုပါမယ်။ ဒါကြောင့် အစားအစာတွေကို သေချာလေး ဂရုစိုက်တာ၊ လေ့ကျင့်ခန်း ပုံမှန်လုပ်တာ၊ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်မယ့် ကုသစစ်ဆေးမှုတွေကို ခံယူဖို့ လိုပါမယ်။

ဆေးလိပ်ဖြတ်ပါ

ဆေးလိပ်သောက်တာက ကျန်းမာရေးကို တော်တော်လေး ထိခိုက်စေနိုင်တာပါ။ ဆေးလိပ်ဖြတ်လိုက်မယ်ဆိုရင် စိတ်ရောကိုယ်ပါ ကျန်းမာလာမှာ ဖြစ်သလို နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျှော့ချနိုင်မှာပါ။ ဒါတင်မကသေးပါဘူး။ လေဖြတ်နိုင်ခြေကို လျှော့ချနိုင်မှာ ဖြစ်သလို အဆုတ်ရောဂါတွေနဲ့ ကင်ဆာ အတော်များများ ဖြစ်နိုင်ခြေကိုလည်း ထိထိရောက်ရောက် လျှော့ချနိုင်မှာပါ။

ခံတွင်း သန့်ရှင်းရေး ဂရုစိုက်ပါ

သွားကို ပုံမှန် တိုက်ပေးတာက သွားနဲ့ခံတွင်းကိုပဲ ကျန်းမာစေတာ မဟုတ်ပါဘူး။ နှလုံး ကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ကို နှစ်ကြိမ် သွားတိုက်ပါ။ သွားပွတ်ကြိုးသုံးတာမျိုး လုပ်ပြီး ခံတွင်း သန့်ရှင်းရေးကို ဂရုစိုက်ပါ။

အိပ်ရေးဝဝ အိပ်ပါ

အိပ်ရေးဝဝ အိပ်တာက နှလုံးကျန်းမာစေဖို့ အရေးပါတဲ့ အချက် တစ်ချက်ပါ။ အိပ်ရေးမဝတာက နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ တစ်ညကို အိပ်ချိန် ၆ နာရီထက် နည်းသူတွေမှာ လေဖြတ်နိုင်ခြေ နဲ့ ရုတ်တရက် နှလုံးရပ်နိုင်ခြေက ပုံမှန်ထက် ၂ ဆလောက် များနေတတ်ပါတယ်။ဒါကြောင့် အိပ်ရေး ဝဝအိပ်တာကိုလည်း နှလုံး ကျန်းမာစေဖို့ လိုက်နာရမယ့် အလေ့အထလေးထဲကို ထည့်ထားဖို့ ပြောပါရစေ။ နှလုံးကျန်းမာစေဖို့ တစ်ညကို အိပ်ချိန် ၇ နာရီကနေ ၈နာရီကြား ရှိအောင် ဂရုစိုက်ပါ။

အထိုင် မများပါစေနဲ့

အထိုင်များတာက နှလုံးကို ထိခိုက်စေသလို ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ အထိုင်များတာက နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကို ခံစားရစေနိုင်ပါတယ်။အထိုင်များတာက ရုတ်တရက် နှလုံးရပ်ပြီး သေဆုံးနိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။ ဒါကြောင့် တစ်နေကုန်မှာ ထိုင်နေတာမျိုး မလုပ်ဘဲ သင့်တင့်တဲ့ လှုပ်ရှားမှုလေးတွေ လုပ်ပါ။

ဒီလိုနည်းလမ်းတွေကို လိုက်နာ ပြင်ဆင်နိုင်မှ သင့်ရဲ့နှလုံးဟာ ကျန်းမာပြီး သင်ကိုယ်တိုင်လည်း အသက်ရှည်ရှည်နေထိုင်နိုင်မှာဖြစ်ပါတယ်။ ဒါတွေကို မလိုက်နာဘူးဆိုရင်တော့ သင့်ရဲ့နှလုံးဟာ တဖြည်းဖြည်းနဲ့ ထိခိုက်ပျက်စီးလာနိုင်ပါတယ်။