Blog Detail Pic

လျစ်လျူရှုမထားသ​င့်တဲ့ ကျောက်ကပ်နဲ့ ပက်သက်တဲ့ လက္ခဏာ (၇) ချက်

by | 01 Dec 2021

ကျောက်ကပ်ဟာ ခန္ဓာကိုယ်အတွက် လုပ်ငန်း ဆောင်တာ အများကြီးကို လုပ် ဆောင် နေတယ်ဆိုတာ အားလုံးပဲ သိရှိပြီးသားဖြစ်မှာပါ။ ကျောက်ကပ် ရောဂါဆိုတာ အချိန်မှီမကုသဘူးဆိုရင် ကျောက်ကပ်ကို ပိုပိုဆိုး စေနိုင်ပြီး ကျန်းမာ ရေးကိုထိခိုက် စေနိုင်ပါတယ်။ ပုံမှန်ကျန်းမာရေးစစ်ဆေးတဲ့လူတွေကလွဲလို့ တော်ရုံဆို ကိုယ့်မှာ ကျောက်ကပ်ရောဂါရှိနေတာကို မသိတဲ့သူများပါတယ်။ သိပြီဆိုလည်း ဆေးခန်းပြမှ လက္ခဏာတော်တော်ပြနေပြီ၊ဝေဒနာတော်တော်ဆိုးနေပြီဆိုတာချည်းပဲ။ ဘာလို့လဲဆိုတော့ရောဂါလက္ခဏာတွေဖြစ်နေလည်း လူတွေကကျောက်ကပ်လို့မထင်ဘဲ တခြားအကြောင်းရင်းတွေနဲ့ရောထွေးကြလို့ပါပဲ။နောက်ပြီး တချို့ကျောက်ကပ်ဝေဒနာရှင်တွေမှာရောဂါရင့်တဲ့အဆင့်အထိ လက္ခဏာမပြဘဲရှိတတ်တယ်၊ နာတာရှည်ကျောက်ကပ်ရောဂါရှိတဲ့သူတွေမှာ ၁၀ ရာခိုင်နှုန်းလောက်က ကိုယ့်ရောဂါကိုမသိဘဲနေကြတာတွေ့ရပါတယ်။

ကျောက်ကပ်ကောင်းမကောင်း အတိအကျသိနိုင်တဲ့နည်းလမ်းကဆေးစစ်တာပဲဆိုတော့ လူတိုင်းပုံမှန်ဆေးစစ်ဖို့ကလည်း သိပ်မဖြစ်နိုင်တဲ့ကိစ္စပါ။ ဒီတော့ဖြစ်နိုင်ခြေ လက္ခဏာတွေနဲ့ပဲအရင် ဆန်းစစ်ရပါမယ်။ ကိုယ့်မှာသွေးတိုး၊ ဆီးချို၊ ဒါမှမဟုတ် မိဘဆွေမျိုးတွေထဲမှာကျောက်ကပ်ရောဂါရှိဖူးတာ၊ ဒါမှမဟုတ် အသက် ၆၀ အထက်ရှိသူတွေဟာကျောက်ကပ်ကျန်းမာရေးကို စစ်ဆေးမှုခံယူဖို့လိုအပ်ပါတယ်။ ဆေးမစစ်ခင် ကိုယ့်မှာဒီလက္ခဏာတွေရှိနေသလား အရင်ကြည့်ပါ။

ကျောက်ကပ်မှာပြဿနာရှိကြောင်း သိနိုင်တဲ့လက္ခဏာ (၇) ခု

(၁) အိပ်စက်ခြင်းဆိုင်ရာမှာ ပြဿနာရှိနေတာ။

အိပ်ရေးပျက်ခြင်းက ကျောက်ကပ်ရောဂါခံစားနေရတဲ့ လူတွေမှာ အဖြစ်များတဲ့ ပြဿနာတစ်ခုပါပဲ။ ပုံမှန်အားဖြင့် လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ အဆိပ်အတောက်တွေကို ကျောက်ကပ်က ဖယ်ရှားပေးပါတယ်။ ကျောက်ကပ်ရောဂါရှိနေပြီဆိုရင်တော့ မစွန့်ပစ်နိုင်တော့တဲ့အတွက် အဲဒီအဆိပ်အတောက်တွေက ခန္ဓာကိုယ်ထဲမှာ စုပုံလာပြီး အိပ်စက်ရာမှာ အနှောက်အယှက် ဖြစ်လာပါတော့တယ်။ Sleep Apnoea လို့ခေါ်တဲ့ အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်းကိုလည်း သာမာန်လူတွေထက် ကျောက်ကပ်ရောဂါ ခံစားနေရတဲ့သူတွေဆီမှာ အဖြစ်များတာကို တွေ့ရပါတယ်။

(၂) အသားခြောက်ပြီး ယားတာ

ကျန်းမာတဲ့ကျောက်ကပ်ရဲ့လုပ်ဆောင်ချက်တွေက ကဏ္ဍအတော်များများမှာ အရေးပါပါတယ်။ကျောက်ကပ်က ခန္ဓါကိုယ်ထဲက အရည်ပိုတွေနဲ့အညစ်အကြေးတွေကို ဖယ်ရှားစွန့်ထုတ်ပေးတယ်၊သွေးနီဥဆဲလ်တွေဖြစ်လာအောင်ကူညီပေးတယ်၊ အရိုးတွေကြံ့ခိုင်ဖို့ထောက်ပံ့တယ်၊သွေးထဲမှာ သတ္တုဓါတ်ပမာဏတွေ ထိုက်သင့်သလောက်ထိန်းထားနိုင်အောင်လုပ်ဆောင်တယ်။ အသားအရေခြောက်သွေ့ပြီး ယားယံနေတာကကျောက်ကပ်ရောဂါနဲ့ဆက်နွှယ်နေတဲ့ သတ္တုဓါတ်ချို့တဲ့မှု သို့မဟုတ် အရိုးရောဂါရဲ့လက္ခဏာတစ်ခုဖြစ်နေနိုင်ပါတယ်။

(၃) ဆီးခဏခဏသွားချင်နေတာ

အထူးသဖြင့် ညဘက်မှာဆီးခဏခဏသွားချင်တာကျောက်ကပ်မှာ ပြဿနာတစ်ခုခုရှိနေတာဖြစ်နိုင်ပါတယ်။ကျောက်ကပ်ရဲ့စစ်ထုတ်စနစ်မှာ ထိခိုက်နေတဲ့အခါ ဆီးခဏခဏသွားချင်လာနိုင်ပါတယ်။ တစ်ခါတလေ ဒီလိုဖြစ်တာဟာ ဆီးလမ်းကြောင်းပိုးဝင်တာ ဒါမှမဟုတ် အမျိုးသားတွေမှာ ဆီးကျိတ်ရောင်တာရဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ဆီးခွက်နဲ့သွားရင် အမြှုပ်ထတာအနည်းငယ်ရှိတာပုံမှန်ဖြစ်ပေမယ့် အမြှုပ်ကသိပ်များနေတယ်ဆိုရင် ၊ အထူးသဖြင့် ဆီးသွားပြီးရေအခါခါလောင်းချနေရတယ်ဆိုရင် ဆီးထဲမှာ ပရိုတင်းတွေရှိတာကိုဖော်ပြပါတယ်။ ဒါဟာ ဆီးထဲမှာalbumin လို့ခေါ်တဲ့ပရိုတင်းတစ်မျိုးရှိနေတာကိုဖော်ပြတာဖြစ်ပါတယ်။

(၄) မျက်လုံးမို့အစ်နေတာ

ဆီးထဲမှာပရိုတင်းရှိနေတာဟာကျောက်ကပ်ရဲ့စစ်ထုတ်မှုစနစ်မကောင်းတဲ့ အစောပိုင်းလက္ခဏာဖြစ်ပါတယ်။ ပရိုတင်းတွေကို ခန္ဓါကိုယ်ထဲမှာထိန်းပေးရမယ့်အစား ကျောက်ကပ်က ဆီးထဲကို ပရိုတင်းတွေအများကြီးစွန့်ထုတ်ပေးတာကြောင့် မျက်လုံးမို့အစ်နေတာဖြစ်ပါတယ်။ မျက်လုံးမို့အစ်တာက တစ်ဖက် သို့မဟုတ် နှစ်ဖက်လုံးမှာ တွေ့ရတတ်ပါတယ်။

(၅)ခြေကျင်းဝတ်နဲ့ခြေထောက်တွေရောင်ရမ်းတာ

ကျောက်ကပ်လုပ်ဆောင်ချက်ကျဆင်းတဲ့အခါ ဆိုဒီယမ်တွေစုနေစေပြီးခြေကျင်းဝတ်နဲ့ခြေထောက်ကိုရောင်ရမ်းစေပါတယ်။ ဒါဟာ ခန္ဓာကိုယ်မှာ ပိုနေတဲ့အရည်တွေကို ကျောက်ကပ်ကနေ မစွန့်ထုတ်နိုင်တဲ့အတွက်ကြောင့် ခြေထောက်၊ ခြေချင်းဝတ်နဲ့ ခြေဖဝါးတွေအပြင် တချို့လူတွေမှာ လက်ချောင်းတွေပါ ဖောယောင်နေတာမျိုးတွေ ရှိနိုင်ပါတယ်။ ဖောယောင်တာတွေ သက်သာစေဖို့ နေ့စဉ်စားသုံးနေကျ အိမ်သုံးဆားလျှော့စားပြီး အချိုရည်တွေ သစ်သီးဖျော်ရည်တွေ လျှော့သောက်ဖို့ အကြံပြုချင်ပါတယ်။

(၆) အစာစားချင်စိတ်နည်းတာ

နာတာရှည်ကျောက်ကပ်ရောဂါ ခံစားနေရတဲ့သူတွေမှာ အစာစားချင်စိတ် သိသိသာသာလျော့နည်းလာတာကို တွေ့ရတတ်ပါတယ်။ ဒါကတော့ အကြောင်းကြောင်းကြောင့် အဖြစ်များကြတဲ့ပြဿနာဆိုပေမယ့် ကျောက်ကပ်ကြောင့်လည်း ဖြစ်လာနိုင်ပါတယ်။ကျောက်ကပ်က စစ်ထုတ်ဖယ်ရှားမပေးတဲ့ အဆိပ်အတောက်ဓါတ်တွေစုပုံလာပြီး ခံတွင်းပျက်တာ ကိုယ်အလေးချိန်ကျတာတွေက ကျောက်ကပ်ရောဂါရဲ့ ကနဉီးလက္ခဏာတွေထဲက တစ်ခုပါပဲ။

(၇) ကြွက်တက်တာ

ကျောက်ကပ်လုပ်ဆောင်ချက်တွေ ယိုယွင်းတဲ့အခါ Electrolyte တွေမညီမျှတော့ပါဘူး။ ဥပမာ – ကယ်လ်စီယမ်ပမာဏချို့တဲ့ပြီးဖော့စဖရပ်စ်ဓါတ်ထိန်းချုပ်မှုအားနည်းတာတွေကြောင့် ကြွက်တက်လာနိုင်ပါတယ်။ ဒါ့အပြင် အာရုံကြောထိခိုက်ထားတာမျိုး၊ သွေးစီးဆင်းမှုမှာ ပြသနာဖြစ်နေတဲ့ အခြေအနေမျိုးတွေကလဲ ကြွက်တက်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။

မိမိမှာ အပေါ်က အချက်တွေကို တွေ့ကြုံနေရပြီး ကျောက်ကပ်ရောဂါရှိနေပြီလို့ သံသယရှိရင် အချိန်မဆွဲဘဲ ဆေးစစ်ကြည့်ဖို့ တိုက်တွန်းပါရစေ။ ရောဂါအခြေအနေနုတုန်းမှာ စနစ်တကျကုသလိုက်ရင် မြန်မြန်ပျောက်ကင်းပြီး ဝေဒနာခံစားရတာလည်း နည်းတာမလို့ ဆေးရုံဆေးခန်းသွားဖို့ ဝန်မလေးကြပါနဲ့နော်။