Blog Detail Pic

မျက်ကပ်မှန်တွေကို အန္တရာယ်ကင်းအောင် ဘယ်လို အသုံးပြုကြမလဲ

by | 03 Dec 2021

မျက်ကပ်မှန်ဆိုတာ အမြင်အာရုံချိန်ညှိပေးဖို့အတွက် မျက်လုံးထဲမှာ သက်သောင့်သက်သာ တပ်ဆင်နိုင်အောင် တီထွင်ထုတ်လုပ်ထားတဲ့ ပလတ်စတစ်မှန်ဘီလူးလေးတွေ ဖြစ်ပါတယ်။ အရင်တုန်းကတော့ အနီးမှုန်၊အဝေးမှုန်လို မျက်လုံးအားသိပ်မကောင်းသူတွေပဲ အဓိက အသုံးပြုခဲ့ကြပေမဲ့ အခုချိန်မှာတော့ အလှအပအတွက်ပါ ဒီဇိုင်းကာလာ မျိုးစုံထုတ်လုပ်ပြီး တပ်လာကြပါပြီ။ မျက်စိအားနည်းပေမဲ့ မျက်မှန်ကြီး တစ်ချိန်လုံး တပ်မထားချင်သူတွေအတွက်တော့ မျက်ကပ်မှန်က အတော်လေး အဆင်ပြေစေပါတယ်။ ကိုယ်မျက်စိအားနည်းတာကိုလည်း လူမသိစေသလို မျက်မှန်ကို ဂရုတစိုက်သိမ်းဆည်းရတဲ့ ဒုက္ခလည်း ကင်းဝေးစေပါတယ်။

ဒါ့အပြင် မျက်မှန်နဲ့လို ရုပ်မရင့်တော့ဘူး၊ပေါ့ပါးတယ်၊ မျက်ဆံပိုလှ၊ပိုထင်ရှားစေပြီး မျက်လုံးကို အရောင်မျိုးစုံ ဒီဇိုင်းမျိုးစုံ အလှဆင်နိုင်တဲ့အတွက်လည်း မျက်ကပ်မှန်တွေက လူငယ်တွေကြားမှာ ပိုပြီး ခေတ်စားလာခဲ့ပါတယ်။ ဒါပေမယ့် မျက်မှန်ထက် ပိုပြီး မျက်လုံးမှာ ထိတွေ့နီးကပ်ရတာမို့ သန့်ရှင်းမှုဂရုစိုက်ဖို့၊မထိခိုက်မိစေဖို့ နဲ့ရောဂါပိုးမဝင်စေဖို့ကို ပိုသတိထားရပါလိမ့်မယ်။ တစ်ကိုယ်လုံးမှာ အနုနယ်ဆုံးပြင်ပအစိတ်အပိုင်းဖြစ်တဲ့ မျက်စိကျန်းမာရေးအတွက် မျက်ကပ်မှန်တပ်သူတွေ သိထားသင့်တဲ့ အချက်တွေကို အကြံပြုလိုက်ပါတယ်။ စာဖတ်သူတို့ထဲမှာလည်း မျက်ကပ်မှန်လေးတွေ တပ်တဲ့ သူတွေ ရှိမယ်ဆိုရင် ဒီဆောင်းပါးလေးကို မဖြစ်မနေဖတ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

မျက်ကပ်မှန်တွေဟာ သေသေချာချာဂရုမစိုက်ဘူးဆိုရင် (သို့) မမှန်ကန်တဲ့ တပ်ဆင်နည်း၊ သိမ်းဆည်းနည်းတွေနဲ့ အသုံးပြုမယ်ဆိုရင် မျက်လုံးကို ထိခိုက်စေတဲ့အပြင် မျက်လုံးထဲကို ပိုးဝင်စေနိုင်ပြီး ဆိုးရွားတဲ့ နောက်ဆက်တွဲတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် ဒီအချက်လေးတွေကို သေသေချာချာဂရုစိုက်ကြပါနော်။

အရင်ဆုံးပြောချင်တာက မျက်စိပါဝါကြောင့်ပဲဖြစ်ဖြစ်၊ အလှအပအတွက်ပဲဖြစ်ဖြစ် မျက်ကပ်မှန်တပ်မယ်ဆိုရင်ဈေးပေါတာတွေ မသုံးပါနဲ့။ အရည်အသွေးမကောင်းတဲ့ မျက်ကပ်မှန်တွေဟာ မျက်စိကျန်းမာရေးအတွက်ကောင်းကျိုးမပေးနိုင်သလို တာရှည်ခံတဲ့ သက်တမ်းလည်း တိုပါတယ်။

၁။ မျက်ကပ်မှန် ကို မကိုင်ခင်မှာ လက်ဆေးပါ။

မျက်ကပ်မှန်ကို သန့်ရှင်းရေး လုပ်ဖို့အတွက်ပဲဖြစ်ဖြစ်၊ ထည့်ဖို့အတွက်ပဲဖြစ်ဖြစ် လက်နဲ့ ကိုင်မယ်ဆိုရင် လက်မှာကပ်တွယ်နေနိုင်တဲ့ ပိုးမွှားတွေရန်က ကာကွယ်ဖို့အတွက် အရင်ဆုံးလက်ကို ဆပ်ပြာနဲ့ ရေနဲ့ သုံးပြီး စင်ကြယ်အောင် ဆေးကြောပေးရပါမယ်။ ဒါ့အပြင် လက်မှာ အဆီတွေ၊ lotion တွေ၊ gel တွေ၊ ရေမွှေးတွေ ပေမနေဖို့ ဂရုစိုက်သင့်ပါတယ်။

၂။ မျက်လုံးကို မခြယ်သခင် မျက်ကပ်မှန် အရင်တပ်ပါ။

မိန်းကလေးတွေ မျက်လုံးကို အလှပြင်မယ်၊ ခြယ်သမယ်ဆိုရင် အဲဒါတွေ မလုပ်ခင်မှာ မျက်ကပ်မှန်ကို အရင်ကြိုပြီး တပ်ပြီးမှ ခြယ်သင့်ပါတယ်။ ဒါ့အပြင် ပြန်ဖြုတ်မယ်ဆိုရင်လည်း မျက်ကပ်မှန်ကို အရင်ဖြုတ်ပြီးမှ eye makeup တွေ ဖျက်သင့်ပါတယ်။

၃။ စနစ်တကျ သန့်ရှင်းရေးလုပ်ပေးပါ။

မျက်ကပ်မှန်ကို အသုံးပြုပြီးတိုင်းမှာ မျက်ကပ်မှန်ဆေးတဲ့ အရည်နဲ့ သန့်စင်တဲ့လက်ဖဝါးတစ်ဖက်ပေါ်မှာ မျက်ကပ်မှန်လေးကို တင်ပြီး နောက်လက်တစ်ဖက်ရဲ့ လက်ညှိုးလေးနဲ့ အသာအယာလေးပွတ်ပြီး ဆေးကြောပေးနိုင်ပါတယ်။ မျက်ကပ်မှန်ကို ရေပိုက်ကလာတဲ့ရေနဲ့ တိုက်ရိုက်ထိတွေ့စေပြီး ဆေးကြောတာမျိုးက ပိုးမွှားတွေအများကြီး ထိကပ်လာနိုင်တာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။

၄။ မျက်ကပ်မှန် ထည့်ပြီး စိမ်ထားတဲ့ ဆေးရည်ကို မကြာခဏ လဲပါ။

မျက်ကပ်မှန်လေးကို ထည့်စိမ်ထားတဲ့ ဆေးရည်ကိုလည်း မကြာခဏလဲလှယ်ပေးသင့်ပါတယ်။ ဆေးရည်တွေ မကုန်သေးတာကို အသစ်မလဲဘဲ၊ မသွန်ပစ်ဘဲ ဆေးရည်အသစ်တစ်မျိုးထပ်ထည့်တာမျိုးကို လုံးဝမလုပ်သင့်ပါဘူး။ မျက်ကပ်မှန်ထည့်တဲ့ဘူးကိုလည်း မျက်ကပ်မှန်လိုပဲ ဂရုစိုက်သန့်ရှင်းပေးပါ။ ညတိုင်းdisinfecting solution နဲ့ သန့်စင်ပေးပါ။ တစ်ရှူးလေးနဲ့ခြောက်အောင်သုတ်ပါ။ ၃ လတစ်ကြိမ်လောက် ဘူးအသစ်လဲပါ။

၅။ မျက်ကပ်မှန်ကို အချိန်အကြာကြီး မဝတ်ထားမိပါစေနဲ့။

များသောအားဖြင့် မျက်ကပ်မှန်ကို ၅နာရီ၊ ၆နာရီထပ်ပိုပြီး မဝတ်ထားသင့်ပါဘူး။ ဒါ့အပြင် ဆရာဝန်ညွှန်ကြားချက်ရှိမယ်ဆိုရင် ညွှန်ကြားတဲ့အချိန်ထက်ပိုပြီး မဝတ်မိဖို့ သတိထားသင့်ပါတယ်။
၆။ မျက်ကပ်မှန်တပ်ထားပြီး မအိပ်ပါနဲ့။
မျက်လုံးမှာ ကပ်သွားခဲ့ရင်နောက်ဆက်တွဲပြဿနာတွေရှိပါတယ်။ ဒါ့အပြင် ရေချိုးတဲ့အချိန်၊ ချက်ပြုတ်တဲ့အချိန် မျက်ကပ်မှန်ချွတ်ထားသင့်ပါတယ်။ မျက်နှာကို အပူဟပ်ခံလို့မရပါဘူး။

၇။ အခြားသူရဲ့ မျက်ကပ်မှန်ကို အသုံးမပြုပါနဲ့။

ရောဂါပိုးတွေ ကူးနိုင်တဲ့အပြင် အမှိုက်တွေလည်း ကပ်ပါလာနိုင်တာကြောင့် အထူးသဖြင့် သူများဝတ်ထားပြီးသား မျက်ကပ်မှန်ကို ပိုပြီး အသုံးမပြုသင့်ပါဘူး။ ကိုယ့်ပစ္စည်းကိုလည်း မျှဝေမသုံးပါနဲ့။

၈။ မျက်ကပ်မှန် တပ်ပြီး မျက်လုံးက ယားလာတာမျိုးဖြစ်တဲ့အခါ ချက်ချင်းချွတ်ပါ။

မျက်ကပ်မှန်တပ်ပြီး မခံမရပ်နိုင်အောင် ယားလာတာ၊ စပ်လာတာ၊ ခိုးလိုးခုလု ဖြစ်လာတာမျိုးရှိရင် ချက်ချင်းချွတ်ပြီး သေချာပြန်ဆေးကြောသင့်ပါတယ်။ ရုတ်တရက် အမြင်အာရုံထိခိုက်တာ၊ မှုန်ဝါးလာတာ၊ အလင်းရောင်မခံနိုင်တာ၊ မျက်စိအောင့်တာ၊ မျက်စိပိုးဝင်တာ၊ရောင်လာတာ၊ နီရဲလာတာ တစ်ခုခုဖြစ်ရင် ဆရာဝန်အမြန်ဆုံးပြပါ။

ဒီဆောင်းပါးလေးကို ဖတ်ပြီးတဲ့အခါမှာ မျက်ကပ်မှန်လေးတွေကို အန္တရာယ်ကင်းကင်းနဲ့ တပ်ပြီး လှပတဲ့ မျက်ဝန်းလေးတွေကို ဖန်တီးနိုင်ကြပါစေနော်။