Blog Detail Pic

ဆီးချိုရောဂါဖြစ်ရတဲ့ အကြောင်းအရင်းများနဲ့ ရှေ့ပြေးလက္ခဏာများ

by | 19 Oct 2021

ယနေ့ခေတ်မှာ အဖြစ်များလာတဲ့ ကျန်းမာရေးခြိမ်းခြောက်မှုကြီးကတော့ ဆီးချိုရောဂါပဲ ဖြစ်ပါတယ်။ အသက်အရွယ်ကြီးငယ်မရွေး ဖြစ်ပွားနိုင်တာကြောင့် မပေါ့ဆဘဲ ကြိုတင်ကာကွယ်ထားသင့်တဲ့ ရောဂါတွေထဲက တစ်မျိုးလည်းဖြစ်ပါတယ်။ လူတော်တော်များများက သူတို့ကိုယ် သူတို့ ဆီးချိုရှိမှန်းတောင် မသိဘဲ နေထိုင်နေတတ်ကြပြီး အချိန်လွန်မှ သိကြတာကြောင့် မလိုအပ်ဘဲ အသက်ဆုံးရှုံးရတဲ့ဖြစ်ရပ်မျိုးတွေ ကမ္ဘာအနှံ့အပြားမှာ ဖြစ်ပွားလျက်ရှိပါတယ်။ ဆီးချိုရောဂါဖြစ်ပွားတဲ့ ဉီးရေဟာဆိုရင် အိန္ဒိယနိုင်ငံကအများဆုံးဖြစ်ပြီး အရေှ့တောင်အာရှနိုင်ငံအများစုမှာလည်း ဆီးချိုကြောင့်သေဆုံးမှုရာခိုင်နှုန်းက တရိပ်ရိပ်မြင့်တက်လျက်ရှိပါတယ်။ ဒီတစ်ခေါက်တော့ စာဖတ်သူပရိသတ်ကြီးအတွက် ဆီးချိုရောဂါ ဘာကြောင့်ဖြစ်ရလဲဆိုတဲ့ တရားခံအကြောင်းအရင်းတွေနဲ့ သူ့ရဲ့ ရှေ့ပြေးလက္ခဏာတွေကို ပြောပြပေးမယ်နော်။

ဆီးချိုရောဂါဆိုတာ

ဆီးချိုဆိုတာ ခန္ဓာကိုယ်တွင်း သကြားဓာတ်အသုံးပြုမှုကို ထိခိုက်စေတဲ့ ရောဂါတစ်မျိုးပါ။ သွေးတွင်းသကြားဓာတ်ကို တစ်နည်းအားဖြင့် ဂလူးကို့စ်လို့ခေါ်ပါတယ်။ ဂလူးကို့စ်က ကွျန်တော်တို့ ခန္ဓာကိုယ်ရဲ့ ကြွက်သားတွေ၊ တစ်သျှူးတွေနဲ့ ဉီးနေှာက် ကျန်းမာစေဖို့အတွက် အဓိကလိုအပ်တဲ့ အားဖြည့်လောင်စာပါ။ ခန္ဓာကိုယ်မှာ သကြားဓာတ်လွန်ကဲလာတဲ့အခါ ဆီးချိုသွေးချိုရောဂါအပြင် တခြားကျန်းမာရေး ပြသနာတွေကို ခံစားရလာနိုင်ပါတယ်။ ဆီးချိုအမျိုးအစား ၃ မျိုးရှိပြီးတော့ အသက် ၄၀ ကျော် လူတော်တော်များများမှာအဖြစ်များတာက အမျိုးအစား (၂) ဆီးချိုဖြစ်ပါတယ်။ အမျိုးအစား (၁) ဆီးချိုက ဆယ်ကျော်သက်လူငယ်တွေမှာတွေ့ရတတ်ပြီး နောက်ဆုံးတစ်မျိုးကတော့ ကိုယ်ဝန်ဆောင်ဆီးချိုပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလပြီးရင် ပျောက်သွားတတ်ပေမဲ့ ပေါ့ပေါ့ဆဆနေမယ်ဆိုရင် အကင်းအရှင်းမပျောက်ဘဲ ကျန်တဲ့ ဆီးချိုအမျိုးအစား (၂) မျိုးပြန်ဖြစ်ဖို့ ရာခိုင်နှုန်း များပါတယ်။

အတိုချုပ်ပြောရရင် အချိုစားသုံးမှုများလာတဲ့အတွက် ဆီးချိုအစပြုလာတယ်။ ဒါကတော့ လူအများစုသိထားတဲ့ ဆီးချို ဖြစ်ရတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုပဲဖြစ်ပါတယ်။ ဒါပေမဲ့ အချိုစားသုံးမှုများတာအပြင်ကိုမှ တခြားဆီးချိုဖြစ်စေတဲ့ တရားခံတွေလည်း ရှိနေပါသေးတယ်။

ဘာကြောင့်ဆီးချိုဖြစ်ရသလဲ?

အမျိုးအစား – ၁ ဆီးချိုရောဂါဘာကြောင့်ဖြစ်ရတာလဲ
ရောဂါတွေ ဘက်တီးရီးယားဗိုင်းရပ်စ်တွေကို တိုက်ထုတ်ပေးတဲ့ ကိုယ်ခံအားစနစ်က ဗိုင်းရပ်စ်ပိုးတွေကို တိုက်ထုတ်မဲ့အစား ပန်ကရိယထဲက အင်ဆူလင်ထုတ်ပေးတဲ့ဆဲလ်တွေကို တိုက်ခိုက်ဖျက်ဆီးပစ်လိုက်တယ်။ သွေးတွင်းသကြားဓါတ်တွေကို ချေဖျက်ပေးဖို့ အင်ဆူလင်တွေ အလွန်နည်းသွားတာ၊ လုံးဝမကျန်တော့တဲ့ အခြေအနေကို ရောက်သွားတယ်။ ဒီအခါမှာ ဂလူးကို့စ်တွေဟာ အားအင်မဖြစ်တော့ပဲ သွေးထဲမှာ စုပုံလာပြီး အမျိုးအစား (၁) ဆီးချိုရောဂါ ဖြစ်လာပါတယ်။ ဒါ့အပြင် ကိုယ်ရဲ့ ဆွေမျိုးထဲက တစ်ယောက်ယောက်မှာ ဆီးချိုဝေဒနာရှင်ရှိခဲ့ဖူးတာ၊ ငယ်ငယ်က ဗိုင်းရပ်စ်ပိုးကူးစက်ခံရပြီး အပြင်းဖျားတာ၊ အစားအသောက်ထဲမှာပါတဲ့ဓာတုဆေးဝါးတွေ စတဲ့ အကြောင်းအရာတွေကြောင့်လည်း ဆီးချိုရောဂါခံစားရနိုင်ပါတယ်။

အမျိုးအစား – ၂ ဆီးချိုရောဂါဘာကြောင့်ဖြစ်ရတာလဲ

သင့်ခန္ဓာကိုယ်ဆဲလ်တွေက အင်ဆူလင်ရဲ့လုပ်ဆောင်မှုတွေကို အနှောက်အယှက်ဖြစ်စေပြီးတော့ သင့်ရဲ့ ပန်ကရိယက အဲဒီဆဲလ်တွေရဲ့ နှောက်ယှက်မှုကို ကျော်လွှားနိုင်ဖို့ အင်ဆူလင်အလုံအလောက် မထုတ်လုပ်နိုင်တော့တဲ့အခါ သကြားဓာတ်က သွေးထဲမှာပဲ စုပုံလာပြီး အမျိုးအစား (၂) ဆီးချို ခံစားရစေပါတယ်။ များသောအားဖြင့် ဒီဆီးချိုအမျိုးအစားက မျိုးရိုးလိုက်တာကြောင့်ဖြစ်ပြီး အဝလွန်သူတွေမှာ အဖြစ်များပါတယ်။ ဒါပေမဲ့ ပိန်တဲ့သူတွေမှာလည်း ဖြစ်နိုင်ပါတယ်။ အထိုင်များတာ၊ အသက်အရွယ်အိုမင်းလာတာ၊ စားသောက်မှုပုံစံမမှန်တာ၊ သွေးတိုးရှိတာ၊ သွေးတွင်းကိုလက်စထရောများတာတွေကလည်း အမျိုးအစား(၂)ဆီးချိုဖြစ်ရတဲ့ အကြောင်းအရင်းတွေ ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်ဆီးချို ဘာကြောင့်ဖြစ်ရတာလဲ

ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ သန္ဓေသား ကျန်းမာစေဖို့အတွက် အချင်းကနေ ဟော်မုန်းထုတ်လေ့ရှိပါတယ်။ အဲဒီဟော်မုန်းက အင်ဆူလင်ရဲ့ လုပ်ဆောင်ချက်တွေကို အတားအဆီးဖြစ်စေတာကြောင့် သွေးတွင်းသကြားဓာတ်တွေက ဆဲလ်တွေထဲကို မသွားနိုင်ဘဲ သွေးထဲကို ရောက်သွားတာကြောင့် ကိုယ်ဝန်ဆောင်ဆီးချိုဖြစ်ပွားပါတယ်။ အဝလွန်ခြင်း၊ ကိုယ်ဝန်ဆောင်ဆီးချိုမျိုးရိုးရှိခြင်း၊ သနေ္ဓသားအလေးချိန် ၉ ပေါင်ကျော်နေမယ်ဆိုရင်လည်း ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်နိုင်တာကြောင့် သတိထားသင့်ပါတယ်။

ဆီးချိုရှေ့ပြေးလက္ခဏာများ

သင့်မှာ ဆီးချို ရှိမရှိ ဘယ်လိုသိနိုင်မလဲ?

ရေှ့ပြေးလက္ခဏာအများစုက သွေးတွင်းသကြားဓာတ်ပုံမှန်ထက်မြင့်နေတာကြောင့် ပေါ်လာလေ့ရှိပါတယ်။ အမျိုးအစား (၂) ဆီးချိုအတွက် လက္ခဏာတွေက သိပ်ပြလေ့မရှိပါဘူး။ ဒါကြောင့် လူတွေက အချိန်လွန်မှ သိလေ့ရှိပြီး ရောဂါက အတော်အသင့်ကွျမ်းနေပြီး ဖြစ်နေတတ်ပါတယ်။ အသက်အန္တရာယ်ကိုပါ ချိန်းခြောက်နိုင်တဲ့ရောဂါမျိုးဖြစ်တာကြောင့် မိမိဘက်က ကြိုတင်ပြင်ဆင်ပြီး ဆီးချိုစစ်ကြည့်ခြင်းက အရှုံးမရှိပါဘူး။ အမျိုးအစား(၁) ဆီးချိုလက္ခဏာတွေကတော့ အတော်လေး ထင်ရှားပြီး မြန်ပါတယ်။ ရက်သတ္တပတ် ၁ ပတ် အတွင်းမှာပဲ လျင်လျင်မြန်မြန်ပေါ်လာလေ့ရှိပါတယ်။

- ဆီးခဏခဏသွားတာ
- ရေအရမ်းငတ်တာ
- ကိုယ်အလေးချိန်ကျလာတာ
- ခဏခဏဆာတာ
- ခြေကုန်လက်ပန်းကျတာ
- အရေပြားပြဿာနာတွေခံစားရတာ
- အနာကျက်နှေးတာ
- မှိုပိုးကူးစက်တာ
- ခြေဖျားလက်ဖျားတွေ ထုံကျဉ်တာ

ဆီးချိုရောဂါအကြိုလက္ခဏာ ဒါမှမဟုတ်ဆီးချိုဖြစ်တဲ့ လက္ခဏာတွေရှိနေပြီလို့ သံသယရှိတယ်ဆိုရင် ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ပြသပြီး ကုသမှုခံယူဖို့လိုအပ်မှာဖြစ်ပါတယ်။