Blog Detail Pic

ရေချိုးရင်း သီချင်းဆိုတာကနေ ရရှိမယ့် အကျိုးကျေးဇူးများ

by | 07 Dec 2021

ရေချိုးခန်းအဆိုတော်လုပ်ရတာ ဝါသနာပါသူများ ရှိကြပါသလား။ ရေချိုးရင်း သီချင်းတွေဟဲလိုက်ခြင်းဟာ အိမ်သားများနှင့် အတူနေအခန်းဖော်များအတွက်တော့ နားညည်းစရာကောင်းမှာဖြစ်ပေမယ့် သင့်အတွက်တော့ ကျန်းမာရေးကောင်းကျိုးတွေ ရှိစေတယ်ဆိုတာ သိပါသလား။ ဒီကျန်းမာရေးကောင်းကျိုးတွေက ဘာတွေလဲဆိုတာ ဒီဆောင်းပါးလေးကနေ ဖော်ပြပေးလိုက်ပါတယ်။

• စိတ်ဖိစီးမှုများ ပြေပျောက်စေခြင်း

ရေချိုးရင်း သီချင်းတွေအော်ဆိုလိုက်ခြင်းဟာ အလုပ်ကပေးသော စိတ်ဖိစီးမှုတွေကို သက်သာစေတယ်ဆိုတာ ဆိုနေကျသူတွေ သိကြမှာပါပဲ။ ဒါဟာ ဘာကြောင့်လဲဆိုရင် သင်သီချင်းဆိုလိုက်တဲ့အခါ အဆုတ်လေ့ကျင့်ခန်း ပြုလုပ်သလို ဖြစ်စေပြီး ကိုယ်ခန္ဓာအတွက်လည်း အောက်ဆီဂျင်ပိုမိုရစေတဲ့အတွက် စိတ်ဖိစီးမှုတွေကို သက်သာစေပါလိမ့်မယ်။ ဒီနည်းစဉ်ဟာ အသက်ပြင်းပြင်းရှူရတဲ့ ကုထုံးတစ်ခုလိုပဲ ကိုယ်ခန္ဓာအတွက် ကောင်းကျိုးများ သက်ရောက်မှု ရှိစေပါတယ်။ ဒါ့အပြင် အထီးကျန်မှုတွေနဲ့ Depression နဲ့ စိုးရိမ်ပူပန်မှုတွေကို ကုသပေးနိုင်တဲ့ oxytocin ဟော်မုန်းကို ထုတ်လွှတ်ပေးတာကြောင့် သင့်ကို တစ်ခဏတာတော့ ပေါ့ပါးလန်းဆန်းစေမှာပါ။ ဒါ့ကြောင့် စိတ်ညစ်စရာတွေ ရှိလာရင်လည်း ရေပန်းအောက်ဝင်ပြီး ကိုယ်ကြိုက်တဲ့ သီချင်းတွေကို ရှက်မနေဘဲ အပီအပြင်သာ ဆိုလိုက်ပါ။

သွေးပေါင်ကျစေခြင်း

ကျွန်မတို့ စိတ်ဖိစီးမှု များတဲ့အခါ ကိုယ်ခန္ဓာမှာ ကော်တီဇောလို့ခေါ်တဲ့ ဟော်မုန်းထွက်လာပါတယ်။ ထိုဟော်မုန်းများ အနေအထားတစ်ခုထိ များပြားလာပါက သွေးပေါင်ကို တက်စေတဲ့အပြင် သွေးတွင်းသကြားဓာတ်ကိုပါ မြင့်မားစေပါတယ်။ ဒီလိုမြင့်မားခြင်းကြောင့် ခန္ဓာကိုယ်တွင်း ရောင်ရမ်းခြင်းဖြစ်စဉ်များ ဖြစ်ပေါ်စေပြီး Type2 ဆီးချို၊ လေဖြတ်ခြင်းနဲ့ အခြားပြင်းထန်တဲ့ရောဂါများကို ဆင့်ကဲ ဖြစ်ပေါ်စေပါလိမ့်မယ်။ ရေချိူးစဉ် သီချင်းများ အော်ဆိုလိုက်ခြင်းဖြင့် ကော်တီဇောဟော်မုန်းကို နည်းပါးအောင် ကူညီပေးနိုင်တယ်နော်။ ဒါ့အပြင် နှလုံးရောဂါဖြစ်နိုင်ချေကိုလည်း လျှော့ချပေးပြီး ကိုယ်ခံအားကောင်းစေတဲ့ ဟော်မုန်းတွေ ထုတ်လုပ်ခြင်းမှာ အထောက်အကူ ဖြစ်စေပါသေးတယ်။

ကြွက်သားများ သန်မာစေခြင်း

သီချင်းဆိုခြင်းဖြင့် ဝမ်းဗိုက်နဲ့ နောက်ကျော ကြွက်သားများကို သန်မာစေနိုင်ပါတယ်။ ကျွမ်းကျင်တဲ့ အဆိုတော်တွေကတော့ နည်းစနစ်ကျကျနှင့် ပိုမိုဆိုတတ်တာမို့ ကြွက်သားများ သန်မာအောင် လေ့ကျင့်ပြီးသား ဖြစ်စေပါတယ်။ ပါးတွေ မေးရိုးနဲ့ နှဖူးက ကြွက်သားတွေကို အသုံးပြုပြီး သီချင်းဆိုရတာမလို့ Face Yoga တကူးတက လုပ်စရာမလိုတော့ဘဲ သွယ်လျပြီး ကျန်းမာတဲ့ မျက်နှာလေးတွေကိုပါ ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

• မှတ်ဉာဏ်အားကောင်းစေခြင်း

သီချင်းတစ်ပုဒ်ဆိုလိုက်တဲ့အခါ အနည်းဆုံးတော့ တစ်ပုဒ်လုံးမဟုတ်တောင် စာသားတစ်ပိုဒ်လောက်ကိုတော့ မှတ်မိရမှာ ဖြစ်ပါတယ်။ ဒီလိုစာသားများကို ပြန်လည်စဉ်းစားခြင်းဖြင့် သင့်ဦးနှောက်ကို အလုပ်ပေးသလို ဖြစ်စေပြီး မှတ်ဉာဏ်အားကောင်းစေပါတယ်။

• ကိုယ်ခံအားတက်စေခြင်း

ရေချိုးရင်း သီချင်းဆိုခြင်းဖြင့် ကော်တီဇောဟော်မုန်းကို ကျစေတဲ့အတွက် သွေးပေါင်တက်ခြင်းကိုပါ ကာကွယ်ပေးပါတယ်။ ဒီအနေအထားက ကိုယ်ခံအားစနစ်ကို ကောင်းစွာ အလုပ်လုပ်ဖို့ ကူညီပေးပါတယ်။

• နာကျင်မှုကို သက်သာစေခြင်း

သင် နာကျင်မှုကို ခံစားနေရတဲ့ အချိန်မှာတော့ သီချင်းဆိုဖို့ကို စိတ်ကူးထဲမှာ ရှိမှာ မဟုတ်တာ သေချာပါတယ်။ သီချင်းဆိုခြင်းကြောင့် နာကျင်မှုလျော့တယ်လို့ အတိအကျကြီး မပြောနိုင်ပေမဲ့ တကယ်တော့ အာရုံလွှဲတဲ့ သဘောမျိုးပါပဲ။ သီချင်းသံစဉ်တွေရဲ့ တုန်ခါမှုလှိုင်းတွေက စိတ်ခံစားချက်တွေကို ကောင်းမွန်စေတဲ့ oxytocin နှင့် dopamineဟော်မုန်းတွေကို ထွက်စေပါတယ်။ ထိုဟော်မုန်းတွေက သင့်moodကို ကြည်လင်ကောင်းမွန်စေမယ့်အပြင် နာကျင်မှုတွေကိုပါ သက်သာအောင် လုပ်ပေးနိုင်ပါသေးတယ်။

ဒါဆိုရင်တော့ သင့်ကျန်းမာရေးအတွက် ရေချိူးရင်း သီချင်းဆိုဖို့ အဆင်သင့်ဖြစ်ကြပြီမဟုတ်လား။