Blog Detail Pic

မေ့တတ်လွန်းနေရတဲ့ အကြောင်းအရင်းများ

by | 08 Dec 2021

စာမေးပွဲဖြေနေတုန်း သိပ်မခက်ခဲလှတဲ့ သင်သိပြီးသား အကြောင်းအရာကို ချမရေးနိုင်ဖြစ်နေပါသလား၊ သင့်တနေ့တာမှာ ပိုက်ဆံကို ဘာတွေအတွက် သုံးခဲ့သလဲဆိုတာ မမှတ်မိဖြစ်နေပါသလား၊ သိကျွမ်းပြီးသား လူတယောက်ရဲ့ နာမည်ကို စဉ်းစားမရဘဲ မေ့နေတာမျိုး ဖြစ်ဖူးပါသလား။ မေ့ တာ မှ လက်ထဲ ဖုန်းကိုင်ထားပြီး ဖုန်းပျောက် လိုက်ရှာမိတဲ့အထိ။ မျက်မှန်ကြီးတပ်ထားပြီး မျက်မှန်ပျောက်လို့ လိုက်ရှာနေတဲ့အဖြစ်တွေ။ ကိုယ် ဘာပြောနေလဲ ဆိုတာတောင် ရှေ့ကပြော နောက်ကမေ့တဲ့ အဖြစ်။ စကားတွေလည်း မှားပြောလိုပြော။ အယောင်ယောင် အမှားမှား နဲ့ မေ့လျော့တတ်နေတာ အတော်လေး အဆင်မပြေ ဖြစ်ရတယ် မဟုတ်လား…

ဒီအခြေအနေတွေကို ဦးနှောက်ထိုင်းသွားခြင်းလို့ ခေါ်ဝေါ်ပါတယ်။ အင်္ဂလိပ်လို brain fog သို့မဟုတ် mental fog လို့ သုံးနှုန်းပါတယ်။ ဒီပြဿနာဟာ ရောဂါတခုတော့ မဟုတ်ပါဘူး။ လူတိုင်းလိုလို ခဏတဖြုတ်ကြုံတွေ့ဖူးပါလိမ့်မယ်။ တခြားရောဂါအခံတခုခုရဲ့ လက္ခဏာလည်း ဖြစ်နေနိုင်ပါတယ်။

ဘာကြောင့်ဖြစ်ရသလဲ

ဖြစ်နိုင်ခြေ အများကြီး ရှိပါတယ်။ အဓိကကျတဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁။ စိတ်ဖိစီးမှု များလို့

စိတ်ဖိစီးမှုကို ကာလကြာရှည်ခံစားရရင် သွေးတိုးခြင်း၊ ကိုယ်ခံအားနည်းခြင်း၊ စိတ်ဓာတ်ကျခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်လာပါတယ်။ စိတ်ဖီစီးစရာတွေ ဖြစ်လာရင် cortisol ဟော်မုန်းတွေက ဦးနှောက်ထဲမှာ စုပုံနေပြီး ထိခိုက်မှုတွေပဲ ကျန်ခဲ့မှာပါ။ ဦးနှောက်ဟာ ပင်ပန်းလာပြီး တွေးခေါ်ခြင်း၊ ကျိုးကြောင်းဆင်ခြင်ခြင်း၊ အာရုံစူးစိုက်ခြင်း စတာတွေကို မလုပ်နိုင်တော့ပါဘူး။

၂။ အိပ်ရေးပျက်ခံတာ များလို့

အိပ်ရေးပျက်ထားတယ် ဆိုရင် နောက်တစ်နေ့မှာ ဘာလုပ်လုပ် လေးဖင့် နေပြီး ဟို မေ့ ဒီ မေ့ ဖြစ်၊ အာရုံစိုက်မရတာ တွေ ဖြစ်တတ်ပါတယ်။ လူတယောက်ရဲ့ တနေ့တာလုပ်ငန်းတွေကို ပုံမှန်လုပ်ဆောင်နိုင်ဖို့ တညမှာ ၇-၈ နာရီလောက် အိပ်စက်ဖို့ လိုပါတယ်။ အိပ်ရေးပျက်တာကြာလာရင် ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို ထိခိုက်လာနိုင်ပါတယ်။ အာရုံစူးစိုက်ရခက်ခြင်း၊ အတွေးများရှုပ်ထွေးပြီး လန်းဆန်းမှုမရှိခြင်း စတာတွေ ဖြစ်လာပါလိမ့်မယ်။ အကြောင်းရင်း ကတော့ ဦးနှောက်ထဲက အာရုံကြောဆဲလ်တွေ ရဲ့ လုပ်ဆောင်နိုင်စွမ်း အားနည်းစေလို့ ပါပဲ။

၃။ မနက်စာ မစားလို့

နေ့တစ်နေ့ရဲ့ အစမှာ ခန္ဓာကိုယ် အင်ဂျင်ကြီးကို လည်ပတ်နိုင်ဖို့ လောင်စာအဖြစ် စတင်ပေးမယ့် မနက်စာက သိပ်အရေးကြီးပါတယ်။ မနက်စာ မစားဖြစ်ရင် သွေးတွင်းသကြားဓာတ်ကို ကျစေပြီး ကြာလာရင် ဦးနှောက်ကို ထိခိုက်စေနိုင်ပါတယ်။ဦးနှောက်ဟာ တခြားအစိတ်အပိုင်းတွေထက် အားအင် ပိုအသုံးပြုတာ ဖြစ်ပြီး တစ်နေ့တာရှိနေတဲ့ သွေးတွင်းသကြားဓါတ်တွေ ရဲ့ ၂၀% အထိ ယူသုံးနိုင်ပါတယ်။ ဦးနှောက်မှာ အာဟာရ မလုံလောက်တာ ပုံမှန်လို ဖြစ်လာတဲ့အခါ အားအင်ချို့တဲ့မှု ဖြစ်လာပြီး ဦးနှောက်ရဲ့ တုံ့ပြန်နိုင်စွမ်း ကို ယိုယွင်းလာစေပါတယ် ။ ဦးနှောက်ဆဲလ်ေတွက မကျန်းမာတော့ဘဲ မြန်မြန် သေဆုံးကုန်ပါတယ်။ ဒါ့ကြောင့် မနက်စာ လွတ်ရင် အစာအိမ်ပဲ ထိခိုက်မယ် မထင်လိုက်ပါနဲ့။

၄။ အစား သောင်းကျန်းလို့

အဝလွန်တာ နဲ့ မှတ်ဉာဏ်ချို့ယွင်းမှု ကြားမှာ ဆက်နွှယ်မှု ရှိနေတယ် လို့ လေ့လာမှု တွေက ဖော်ပြကြပါတယ်။ ဒါပေမယ့် ကိုယ်စားတဲ့အစားအစာ တွေက အာဟာရ ဖြစ်တာ မပါဘူး ဆိုရင် အဝလွန်ခြင်း ဖြစ်လာနိုင်တယ် လို့ သုတေသီတွေ က သံသယရှိလာကြပါတယ်။ အာဟာရဖြစ်တာ တွေ မပါရင် ခန္ဓာကိုယ်က လိုအပ်တဲ့ ဗီတာမင် နဲ့သတ္တုဓာတ် တွေကို ဆက်တောင့်တနေလို့ အလွန်အကျွံ စားမိတတ်တယ် လို့ ယူဆကြပါတယ်။ ဒါ့ကြောင့် အများကြီးစားနေရင်း နဲ့ကို ဆာနေသေးတယ် လို့ ဦးနှောက်မှာ လာပေါ်နေတာ ဖြစ်ပါတယ်။

၅။ ဆေးလိပ်သောက်လို့

ဆေးလိပ်သောက်ခြင်းက ဟန်ချက် ထိန်းညှိခြင်း၊ ပူးပေါင်း ဆောင်ရွက်ခြင်း စတဲ့ လုပ်ဆောင်ချက်တွေကို စီမံတဲ့ ဦးနှောက်အပိုင်းတွေမှာ ဆဲလ်အမြှေးပါးတွေ နဲ့ အာရုံကြော တွေကို ပျက်စီးစေနိုင်တယ်။ ဒါ့ကြောင့် ဆေးလိပ် သိပ်သောက်သူတွေ ပို မေ့ တတ်လာတတ်တယ်။

၆။ ရေသောက်နည်းလို့

ခန္ဓာကိုယ်မှာက ၇၀% လောက် အထိ က ရေ နဲ့ ဖွဲ့စည်းထားတာ ဆိုတော့ ခန္ဓာကိုယ်ရဲ့ ဘယ်လုပ်ဆောင်ချက် အတွက်မဆို ရေက အရေးပါပါတယ်။ ရေဓာတ် မလုံလောက်တာ နဲ့ ဦးနှောက်ဉာဏ်ရည် လုပ်ဆောင်ချက်တွေ ကျဆင်းမှုက အရမ်းကို မြန်ပါတယ်။ ရေဓာတ် မလုံလောက်ရင် ပြဿနာ ဖြေရှင်းခြင်း ၊ ပူးပေါင်းလုပ်ဆောင်ခြင်း နဲ့ အာရုံစူးစိုက်ခြင်း တွေမှာ သက်ရောက်မှု မကောင်းပါဘူး။

၇။ ကျန်းမာရေးအခြေအနေ

ပင်ပန်းနွမ်းနယ်ခြင်း၊ သွေးအတွင်းဂလူးကို့စ်ဓာတ်နည်းခြင်းနဲ့ အခြားကျန်းမာရေး အခြေအနေတွေမှာလည်း ဦးနှောက်အလုပ်လုပ်တာ ထိုင်းမှိုင်းသွားနိုင်ပါတယ်။ ဖြစ်နိုင်ခြေရှိတဲ့ ရောဂါအခြေအနေများကတော့ သွေးအားနည်းခြင်း၊ စိတ်ကျရောဂါ၊ ဆီးချို၊ အယ်လ်ဇိုင်းမား၊ သိုင်းရွိုက်ဟော်မုန်းအထွက်နည်းခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်း စတာတွေ ဖြစ်ပါတယ်။

ဒီပြဿနာအတွက် ဘာလုပ်သင့်သလဲ?

မိမိလုပ်လက်စအလုပ်များမှ ခဏနားပါ။ စိတ်ပြေလက်ပျောက်နေပါ။ လေ့ကျင့်ခန်းလုပ်ပါ။ သီချင်းနားထောင်ပါ။ အာဟာရမျှအောင်စားပါ။ အဆိုပါနည်းလမ်းများနဲ့ မဖြေရှင်းနိုင်ရင် ဆရာဝန်ပြသပါ။ အလွယ်တကူ မေ့လျော့တတ်ခြင်းက ရောဂါအခြေအနေတချို့ကြောင့် ဖြစ်နိုင်တာမို့ ဆရာဝန်နဲ့ ပြသပြီး စစ်ဆေးမှုခံယူသင့်ပါတယ်။

မေ့ တတ်တာ ကို အစပိုင်းတော့ ရယ်စရာအဖြစ် လက်ခံကြပေမယ့် အရေးကြီးတဲ့ အရာတွေ မေ့ရင် ဘယ့်နှယ့်လုပ်ပါ့မလဲ။ အမြဲတမ်း အသုံးပြုနေရတဲ့ ကိုယ့်ရဲ့ ဦးနှောက်လေးကို ချစ်တယ်ဆို ဒီအချက်တွေ မလုပ်နဲ့တော့နော်။