Blog Detail Pic

အသည်းရောင် အသားဝါပိုးများအကြောင်း တစေ့တစောင်း

by | 09 Dec 2021

တကယ်တော့ အသည်းရောင် အသားဝါရောဂါဟာ virus ကြောင့်ဖြစ်စေတတ်တာဖြစ်ပြီးတော့ A, B, C, D, E ဆိုပြီး ပိုး ၅ မျိုးကြောင့်ဖြစ်နိုင်ပါတယ်။ သူတို့အကုန်လုံးက အသည်းရောင် ရောဂါဖြစ်စေတာချင်းတူပေမယ့် ရောဂါပြန့်နှံပုံ၊ ပြင်းထန်ပုံ၊ ပထဝီအနေအထားအရ ရှိတတ်တဲ့ရောဂါပိုးအမျိုးအစားနဲ့ ကာကွယ်ပုံကာကွယ်နည်းတွေက မတူတော့ဘဲ ကွဲပြားခြားနားသွားကြပါတယ်။ ဒါပေမယ့် အများစုဟာခဏပဲရောဂါခံစားစေရတတ်ပြီး နာတာရှည်ရောဂါအနေနဲ့အသည်းခြောက်တာကစလို အသည်းကင်ဆာအထိပြင်းပြင်းထန်ထန်ဖြစ်စေနိုင်တဲ့ပိုးတွေကတော့ လူတော်တော်များများအကျွမ်းတဝင်ရှိတဲ့ B ပိုးနဲ့ C ပိုးတိုပဲဖြစ်ပါတယ်။

အသည်းရောင် အသားဝါပိုးတွေကူးစက်ခံရပြီဆို ဘာတွေ ခံစားရတတ်လဲ?
---------------------------
အသည်းရောင် အသားဝါပိုးတွေကူးစက်ခံရတဲ့လူအများအပြားမှာ ဘာရောဂါလက္ခဏာမှမပြတဲ့သူတွေရှိသလို ရောဂါလက္ခဏာအနည်းငယ်ပဲပြတဲ့လူနာတွေကိုလဲ တွေ့ရတတ်ပါတယ်။ ဒါပေမယ့် ပိုး ၅ မျိုးလုံးကတော့ ရောဂါလက္ခဏာပြင်းထန်တဲ့အထိဖြစ်စေနိုင်တာကိုလဲ သတိပြုရမှာပါ။

အသည်းရောင်အသားဝါ A ပိုး၊ B ပိုး နဲ့ C ပိုးကူးစက်ခံစားနေရတဲ့လူနာတွေမှာ ကိုယ်အပူချိန်တက်တာ၊ အစာစားချင်စိတ်ပျောက်လာတာ၊ တချို့ဆေးလိပ်စွဲနေတဲ့လူနာတွေတောင် ဆေးလိပ်ပါမသောက်ချင်လောက်အောင် ခံတွင်းပျက်တာ၊ ဝမ်းလျှောဝမ်းပျက်တာ၊ ဗိုက်အောင့်တာ၊ ဆီးအရောင်ရင့်ရင့်သွားတာနဲ့ အသားအရောင်နှင့်မျက်တွင်းသားဝါလာတာမျိုးစတဲ့ရောဂါလက္ခဏာတွေ တွေ့ရတတ်ပါတယ်။ ဒီထဲမှာမှအချိုလူနာတွေက နာတာရှည်အသည်းရောင်အသားဝါရောဂါခံစားရပြီး အချိန်ကြာလာတာနဲ့အမျှ အသည်းခြောက်တာကနေတဆင့် အသည်းကင်ဆာအထိပါခံစားစေနိုင်ပါတယ်။

အသည်းရောင်အသားဝါ D ပိုးကတော့ B ပိုးကူးစက်ခံထားရတဲ့လူနာတွေမှာသာ တွေ့ရှိရတတ်ပါတယ်။ အသည်းယောင်အသားဝါ B ပိုးရော D ပိုးပါကူးစက်ခံနေရတဲ့လူနာများမှာတော့ ပိုမိုပြင်းထန်တဲ့ရောဂါဝေဒနာတွေခံစားရမှာဖြစ်ပြီးတော့ အသည်းခြောက်နိုင်ခြေပိုများနိုင်ပါတယ်။ ဒါပေမယ့် D ပိုးကတော့ B ပိုးနဲ့ C ပိုးလိုမျိုး နာတာရှည်ဖြစ်စေတာမျိုးရှားပါးပါတယ်။

အသည်းရောင် အသားဝါ E ပိုးကတော့ ကိုယ်အပူချိန်အနည်းငယ်တက်စေတာ၊ အစားစားချင်စိတ်ပျောက်လာတာ၊ မူးမော်ပြီးအန်တာမျိုးဖြစ်စေတတ်ပြီး ရက်အနည်းငယ်သာ ကြာမြင့်တတ်ပါတယ်။ တချိုလူနာတွေမှာ ဗိုက်အောင့်တာ (အသည်းရှိတဲ့ညာဖက်နံရိုးအောက်အောင့်တာ)၊ ယားယံတာတွေနဲ့ အဆစ်အမြစ်ယောင်ယမ်းတာတွေလဲဖြစ်တတ်ပါတယ်။ အသားဝါတာ၊ ဆီးအရောင်ရင့်ရင့်သွားတာအပြင် ဝမ်းအရောင်ဖျော့ဖျော့သွားတာမျိုးတွေလဲတွေ့ရတတ်ပြီး အခန့်မသင့်တဲ့အခါမျိုးကြရင် liver failure ချက်ချင်းဝင်စေတတ်ပါတယ်။

ဘယ်လိုကုသမှုတွေခံယူသင့်သလဲ?
------------------------------
A ပိုးကတော့ မြန်မာနိုင်ငံလိုမျိုး ဖွံဖြိုးဆဲနိုင်ငံတွေမှာအတွေ့ရများတတ်ပြီး မသန့်ရှင်းတဲ့ရေ၊ အစားအစာကိုစားမိရာကနေ ကူးစက်တတ်တာပါ။ A ပိုးအတွက်ထိရောက်တဲ့ကာကွယ်ဆေးရှိပေမယ့် A ပိုးဖြစ်တဲ့လူနာအများစုဟာ ပြင်းထန်မှုမရှိဘဲသူ့ဟာသူပြန်ကောင်းလာတတ်ပြီး နောက်ထပ်မဖြစ်အောင် immunity ပါရစေတတ်ပါတယ်။

"Prevention is better than cure" ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုထိရောက်သည်ဆိုသည့်စကားအတိုင်း B ပိုးအတွက် စိတ်ချရပြီးထိရောက်တဲ့ကာကွယ်ဆေးတွေရှိနေပါပြီ။ ထိုကာကွယ်ဆေးက B ပိုးတင်မကဘဲ D ပိုးကိုပါကာကွယ်ပေးနိုင်ပြီး မွေးကင်းစကလေးတွေမှာထိုးနှံပေးမယ်ဆိုရင် အမေမှာ B ပိုးရှိရင်တောင် ကလေးကိုကူးစက်နိုင်နှုန်းအများကြီးလျော့ကျသွားမှာဖြစ်ပါတယ်။ B ပိုးကူးစက်ခံစားနေရပြီဆိုရင်တော့ antiviral တွေနဲ့ အသည်းခြောက်တဲ့အထိ၊ အသည်းကင်ဆာဖြစ်တဲ့အထိရောဂါမပြင်းထန်လာအောင် ကုသမှုခံယူနိုင်ပါတယ်။ ဒါပေမယ့် B ပိုးခံစားရတဲ့လူနာတွေထဲက တချိုတစ်ဝက်သာကုသမှုခံယူဖိုလိုအပ်တာဖြစ်ပြီး ဆေးရုံတက်ပြီးကုသမှုခံယူဖိုတော့ တော်ရုံတန်ရုံမလိုအပ်တတ်ပါဘူး။

C ပိုးကတော့ အားလုံးထဲမှာကြောက်ဖိုအကောင်းဆုံးလိုပြောလိုရလောက်အောင် ရုတ်တရက် liver failure ရစေနိုင်သလို နာတာရှည်ရောဂါလဲဖြစ်စေနိုင်ပါတယ်။ C ပိုးကူးစက်ခံစားရတဲ့လူနာတချိုသာ ကုသမှုမလိုအပ်တာဖြစ်ပြီးတော့ အများစုကတော့ အသက်အန္တရာယ်ကိုခြိန်းခြောက်စေနိုင်တဲ့အထိပြင်းထန်တဲ့အသည်းခြောက်ခြင်း၊ အသည်းကင်ဆာဖြစ်ခြင်းများအထိ ဖြစ်စေတတ်ပါတယ်။ C ပိုးအတွက်ကာကွယ်ဆေးကတော့ မရှိသေးပါဘူး။

Antiviral ဆေးဝါးများနဲ့ကုသမယ်ဆိုရင်တော့ C ပိုးခံစားနေရတဲ့လူနာတွေရဲ့ ၉၅% လောက်ဟာပြန်လည်ကောင်းမွန်လာတာတွေ့ရပေမယ့် ကုသနိုင်တဲ့ဆေးဝါးကိုရရှိဖိုတော့ ခက်ခဲနေကြတာကို တွေ့ရှိရမှာပါ။ E ပိုးအတွက်ကတော့ ကာကွယ်ဆေးရှိပေမယ့် တွင်တွင်ကျယ်ကျယ်အသုံးပြုနိုင်ခြင်းမရှိသေးပါဘူး။